Thursday, July 11, 2019

အငှားယာဉ်မောင်းအား ကာရာအိုကေအခန်းတွင်းထားခဲ့ကာ ကားခိုးယူသွားသူကို ဖော်ထုတ်ဖမ်းဆီး

အမှုမှာ ၉-၇-၂၀၁၉ ရက်နေ့ ည(၈)နာရီ အချိန်ခန့်တွင် တရားလို ကို----သည် YGN FF/---- Fielder ခဲရောင်(အငှားယာဉ်)အား ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းအတိုင်းမောင်းနှင်လာစဉ် တာမွေမီးပွိုင့်အနီးအရောက် အမျိုးသားတစ်ဦးမှ ကားငှားသဖြင့်ရပ်ပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသားမှ ကားအား(၅)နာရီခန့် အသုံးပြုမည်ဖြစ်ကြောင်းနှင့် ကလပ်သို့သွားမည်ဖြစ်ကြောင်းပြောကာ ငှားသဖြင့် လိုက်ပါခဲ့ကြောင်း၊ ကားငှားသူအမျိုးသားမှာ ကားပေါ်အရောက်တွင် အမည်မသိအမျိုးသမီးတစ်ဦးထံ ဖုန်းဆက်ပြီး မိန်းကလေး(၂)ဦးအား ခေါ်ဆောင်ရန်အတွက် ကျားကွက်သစ်ရပ်ကွက်သို့ မောင်းခိုင်းခဲ့ကြောင်း၊
ကျားကွက်သစ်ရပ်ကွက်၊ မြို့သစ်(၁) လမ်းသို့အရောက်တွင် ဆံပင်ညှပ်ဆိုင်ရှေ့၌ ရပ်စောင့် နေသော အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ကျိုက္ကဆံလမ်းရှိ TRI STAR ဟိုတယ်သို့ မောင်းနှင်ခိုင်းခဲ့ကြောင်း၊ ဟိုတယ်သို့အရောက်တွင် တရားလို ကို---- အား ကားပေါ်တွင်စောင့်ခိုင်းသဖြင့် စောင့်ဆိုင်းခဲ့ရာ (၂)နာရီခန့်အကြာတွင် ကားငှားသူအမျိုးသားသည် အမျိုးသမီး(၂)ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး “တစ်ခုခုသွားစားရအောင်” ဟုဆိုကာ ကားသော့တောင်းသဖြင့် ကားသော့ပေးကာ မောင်းနှင်စေခဲ့ ကြောင်း၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ ကျော် ကာရာအိုကေဆိုင်သို့ မောင်းနှင်ခဲ့ပြီး ဆိုင်ရှေ့အရောက်တွင် လိုက်ခဲ့ရန်ခေါ်သဖြင့် လိုက်ပါခဲ့ကြောင်း၊ ကာရာအိုကေခန်းအတွင်းထိုင်နေစဉ် ကားငှားစီးသူမှ ကားသော့အား စက်တီစားပွဲပေါ်၌ တင်ထားကာ အခန်းအတွင်းမှအပြင်သို့ ထွက်လိုက် ၀င်လိုက်ဖြင့် ဖုန်းပြောနေခဲ့ပြီးနောက် မိနစ်(၂၀)ခန့်ကြာသည်အထိ အခန်းအတွင်းသို့ ပြန်မရောက်လာသောကြောင့် စက်တီစားပွဲပေါ်၌ တင်ထားသော ကားသော့အားကြည့်ရှုခဲ့ရာ မတွေ့သဖြင့် ကားအားသွားရောက် ကြည့်ရှုခဲ့ရာ ကားမှာလည်းမတွေ့ရှိတော့ကြောင်း၊ ထို့နောက် တရားလို ကို---- မှ 199 သို့ ဖုန်းဆက်၍ အကူအညီတောင်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အခြားရဲစခန်းများမှ တပ်ဖွဲ့ဝင်များ ချိတ်ဆက်ကာ ကားအား လိုက်လံရှာဖွေခဲ့ရာ ကမာရွတ်မြို့နယ်၊ ရတနာလမ်းအတွင်း တံခါးသော့များ လော့ချ၍ရပ်ထားသည်ကို တွေ့ရှိရပြီး ကားမောင်းသွားသူအမျိုးသားကို မတွေ့ရှိတော့သဖြင့် ပြစ်မှု ကျူးလွန်သူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှုဖြစ် ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်နေ မောင်မောင်အေးမင်း(ခ)ကျော်ကျော် ဖြစ်ကြောင်း သိရှိရ၍ အမှုဖြင့်ဖမ်းဆီးကာ ဥပဒေနှင့် အညီ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment