Thursday, July 11, 2019

ဦးဝီရသူ အမှုလာရောက်ရင်ဆိုင်ရန် မစိုးရိမ်တိုက်သစ်တွင် ဝရမ်းကပ်၊ နာရီပိုင်းအတွင်း ၀ရမ်းကြက်ခြေခတ်ခံရ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်းပန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်အရှေ့၊ ကျောင်းတိုက်ဝင်းအတွင်းရှိ ဦးဝီရသူဖောင်ဒေးရှင်းရုံးခန်းအရှေ့ နှင့် စိန်ပန်းအုပ်ချုပ်ရေးမှူးရုံး နေရာ (၃)နေရာတွင် နိုင်ငံတော်အကြည်အညိပျက်စေမှုဖြင့် တရားစွဲဆိုခြင်းခံထားရသူ ဦးဝီရသူအနေဖြင့် လာရောက်အမှုရင်ဆိုင်ရန် တရားရုံးကြေညာချက်(အရပ်အခေါ် ၀ရမ်း)ကပ်ခြင်းကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ “ဖမ်းဝရမ်း ချိတ်ပိတ်တာမျိုးမဟုတ်ပါဘူး။ ဆရာတော် ဝီရသူကို လာရောက်ရင်ဆိုင်ဖြေရှင်းစေရန်အတွက်ပါ”ဟု တာဝန်ရှိသူတဦးက ပြောသည်။



ဝရမ်းကပ်ခြင်းကို မြို့နယ်သံဃာ့နာယကအဖွဲ့ ဒုဥက္ကဌဆရာတော် ဦးပညာသာမီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လဝက ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မစိုးရိမ်ကျောင်းတိုက်ရှေ့တွင်ကပ်ထားသည့် တရားရုံးကြေညာချက်မှာ နာရီပိုင်းအတွင်း Marker Pen ဖြင့် ကြက်ခြေခတ်ခံလိုက်ရသည်။

ဦးဝီရသူအား ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇ အရ တရားရုံးကြေညာချက်ကို တရားရုံး Notice Board၊ ဦးဝီရသူ သီတင်းသုံးခဲ့သည့် မစိုးရိမ်တိုက်သစ်နှင့် မြို့၊ ကျေးရွာ၊ ရပ်ကွက်တို့တွင် ကပ်သွားမည်ဖြစ်သည်။

အဆိုပါတရားရုံးကြေညာချက် ရက် ၃၀ ပြည့်သည်အထိ လာရောက်အဖမ်းခံခြင်းမရှိပါက ဦးဝီရသူအား တရားခံပြေးအဖြစ်ကြေညာနိုင်ပြီး မည်သူမဆို ဖမ်းဆီးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကသုံးသပ်ပြောကြားသည်။

“သူကို တရားရုံးက ပုဒ်မ ၈၇ အရ ကြေညာချက်ထုတ်တယ်ပေါ့။ ဦးဝီရသူအနေနဲ့ တရားရုံးက သတ်မှတ်ထားတဲ့ရက်အတွင်း လာရောက်ရမှာပေါ့။ တကယ်လို့များ မလာဘူးဆိုရင် အဲ့ဒီနေ့မှာ သူ့ကိုတရားရုံးကနေပြီးတော့ တရားခံပြေးအဖြစ် ကြေညာနိုင်တယ်။ တကယ်လို့ အဲ့လိုကြေညာမယ်ဆိုရင် သူ့ကို ရဲတပ်ဖွဲ့တင်မဟုတ်ဘူး။ ပြည်သူလူထု မည်သူမဆို ဖမ်းဆီးနိုင်မှာပေါ့”ဟု တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။

ဦးဝီရသူ(ခ)အရှင်ဝိစိတ္တဘိဝံသကို ရန်ကုန် အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်ကာ တရားရုံးသို့ဦးတိုက်လျောက်ထားသည့်အမှုဖြစ်ပြီး တရားရုံးက မေ ၂၈ ရက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က ဖြင့် ဖမ်းဝရမ်ထုတ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment