Thursday, July 11, 2019

လူကုန်ကူးသူများက နာမည်ပျက်ရှိသည့် ကလေးများနှင့် ကလေးမွေးဖူးသူများကို ပစ်မှတ်ထားလာ

လူကုန်ကူးသူတွေဟာ ရပ်ရွာအတွင်း နာမည်ပျက်ရှိတဲ့ ကလေးငယ်တွေနဲ့ ကလေးမွေး ဖူးတဲ့ အမျိုးသမီးတွေကို ပြောင်းလဲပစ်မှတ်ထားလာကြတယ်လို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။ ဇူလိုင်လ ၁၀ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ လူကုန်ကူးမှုနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းမှာ ပြောသွားတာပါ။



ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက “နောက်ပိုင်း လူကုန်ကူးတဲ့သူတွေက ဒီလို မသိနားမလည်တဲ့ ကလေးတွေထက်စာရင် ရပ်ရွာထဲမှာ နာမည်ပျက်ဖြစ်တဲ့ ကလေးမျိုးတွေကို ပြန်ပြီးတော့ စည်းရုံးပြီးတော့ ပို့တာမျိုး ရှိတယ်။”လို့ ပြောပါတယ်။

မြန်မာပြည်မှာ လူကုန်ကူးခံရမှုတွေဟာ တရုတ်နိုင်ငံဘက်ကို အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသားတွေကိုယ်တိုင် ပြည်တွင်းကို ၀င်ရောက်လာပြီး ငွေပေးကာ မြန်မာအမျိုးသမီးတွေနဲ့ ထိမ်းမြားလက်ထပ်တာ တွေ ရှိလာနေပါတယ်။

“တရုတ်ဘက်မှာဆိုရင် ကလေးရမှ။ ကလေးမရတဲ့သူဆိုရင် ပြန်ပြီးတော့ အမျိုးမျိုး အကြောင်းမဲ့ နှိပ်စက်တာတွေလုပ်တယ်။ ကလေးရဖူးတဲ့ သူတွေကို ထပ်ပြီးတော့ ရှာဖွေ စုဆောင်းတာ လုပ်လာတယ်။ ကလေးမွေးဖွားဖူးတဲ့ သူတွေကို ထပ်ပြီးစုလာကြတယ်။ နောက်ပိုင်း တရုတ် နိုင်ငံသားတွေ ကိုယ်တိုင်ဝင်လာပြီး မိဘတွေဆီ ငွေတင်တောင်းတာမျိုးတွေ ရှိလာကြတယ်”လို့ ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။

ဒါအပြင် မကြာသေးခင်က ထုတ်ပြန်တဲ့ နိုင်ငံတကာအန်ဂျီအိုတခုရဲ့ စစ်တမ်းတွေအရ သိန္နိမြို့ဘက်မှာ အမျိုးသမီးတွေကို ကျပ် သိန်း ၃၀၊ သိန်း ၄၀ လောက်နဲ့ မိဘတွေ ဆီမှာ တရုတ်နိုင်ငံသားတွေက လာတင်တောင်းတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

လူကုန်ကူးသူတွေကို ထိရောက်တဲ့ ဥပဒေတွေနဲ့ အရေးယူပြီး ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့နဲ့ လူကုန်ကူးခံရမှုတွေ လျော့နည်း ပပျောက်ဖို့အတွက် လူကုန်ကူးခံရသူတွေ အနေနဲ့ တရားစွဲဆိုမှု ကိစ္စရပ်တွေမှာ ပါဝင်ကူညီဆောင်ရွက်ဖို့လည်း  ပြန်လည်ထူထောင်ရေး ဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။

No comments:

Post a Comment