Thursday, July 11, 2019

နိုင်ဂျီးရီးယားတွင် ရှီးယိုက်မွတ်စလင်များနှင့် ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ ဆန္ဒပြသူ ၂ ဦး သေဆုံး

နိုင်ဂျီးရီးယား အမျိုးသားလွှတ်တော် အဆောက်အအုံ အပြင်ဘက်မှာ ဇူလိုင် ၉ ရက်နေ့က ဆန္ဒပြ ရှီးယိုက် မွတ်စလင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပြီး ဆန္ဒပြသူနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအတွင်း သေနတ်ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် အပါအဝင် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၆ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရှီးယိုက် မွတ်စလင်တွေနဲ့ ရဲတပ်ဖွဲ့တို့ အပြန်အလှန် အပြစ်ဖို့နေကြသလို အမျိုးသားလွှတ်တော်ကိုလည်း ပိတ်ထားရပါတယ်။



ဆန္ဒပြသူတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွှတ်တော်အဆောက်အုံထဲကို ဝင်ဖို့ ကြိုးစားပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူနှစ်ယောက် သေဆုံးခဲ့တာလို့ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ အစ္စလာမ္မစ်လှုပ်ရှားမှု (IMN) အဖွဲ့ဝင် ဆန္ဒပြသူတယောက်က ပြောပါတယ်။

IMN အဖွဲ့ဟာ နိုင်ဂျီးရီးယားနိုင်ငံထဲက လူနည်းစု ရှီးယိုက်မွတ်စလင်တွေကို ကိုယ်စားပြုတဲ့အဖွဲ့ပါ။

၂၀၁၅ ခုနှစ်က အဖမ်းခံခဲ့ရတဲ့ ခေါင်းဆောင် မိုင်ဘရာဟင် ဇာခ်ဇာကီကို လွှတ်ပေးဖို့ IMN အဖွဲ့ဝင်တွေဟာ အမျိုးသားလွှတ်တော် အပြင်ဘက်မှာ မကြာခဏ ဆန္ဒပြလေ့ရှိကြပါတယ်။

အင်္ဂါနေ့က အဓိကရုဏ်းအတွင်း ဆန္ဒပြသူ အယောက် ၄၀ ကို ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့ တတ်နိုင်သမျှ အင်အားနည်းနည်းပဲ သုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့တဲ့ IMN အဖွဲ့ဝင် အယောက် ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

No comments:

Post a Comment