Thursday, July 11, 2019

လားရှိုးမြို့တွင် ကျပ်သိန်း ၃ထောင်ကျော် ဘိန်းဖြူ များ ဖမ်းဆီးရမိ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ တွင် ငွေကျပ် သိန်း ၃ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူ များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်းနင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။ ဇူလိုင် ၉ ရက်နေ့ ည ၈ နာရီ တွင် လားရှိုမြို့ အဝင် ခေးနင်း အိုရီယမ်တယ် တိုးဂိတ် အနီး တွင် လားရှိုးမြို့ဘက်မှ မန္တလေး မြို့ သို့ သွားမည့် မော်တော်ယာဉ်ကို စစ်ဆေးရာ ရောင်စုံ ဆပ်ပြာခွက် များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၁၆.၉၄ ကီလို ( ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၃၃၈၈ သိန်း) တို့ကို သိမ်းဆည်းရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။



အဆိုပါ ဖမ်းဆီးမှု တွင် အသက် ၃၉ နှစ် အရွယ် ယာဉ်မောင် တေဇာထွန်း၊ အသက် ၂၈နှစ် အရွယ် ရဲထွဋ်နှင့် အသက် ၂၃ နှစ် အရွယ် ထွေးကိုကို တို့ကို ပါ ဖမ်းဆီး ရမိပြီး နောင်မွန်ရဲစခန်း မှ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့် အရေးယူထားသည်။ ထို့ပြင် ယင်း အမှု နှင့် ဆက်စပ်သည့် ကွင်းဆက်များကို ဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်းလည်း သိရသည်။ ယခု ရက်ပိုင်း သျှမ်းပြည်နယ် တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် သူ၊ သယ်ဆောင်သူများကို မကြာခဏ ဖမ်းဆီးရမိပြီး၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး နှင့် လက်နက် ခဲယမ်းများကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။

No comments:

Post a Comment