Thursday, July 11, 2019

လှိုင်သာယာမြို့နယ်အတွင်း လူဦးရေ တွက်ဆမှုအရ စက်မှုဇုန်များတွင် နယ်မြေရဲစခန်း တစ်ခုနှင့် ရဲကင်းတစ်ခု ထပ်မံတည်ဆောက်ရန် ဖွဲ့စည်းပုံ ချမှတ်ထားကြောင်း လုံ/နယ်ဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လူဦးရေ တွက်ဆမှုအရ စက်မှုဇုန်များတွင် နယ်မြေရဲစခန်း တစ်ခုနှင့် ရဲကင်းတစ်ခု ထပ်မံတည်ဆောက်ရန် ဖွဲ့စည်းပုံ ချမှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ဇူလိုင် ၁၀ ရက်တွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပြောကြားသည်။

လှိုင်သာယာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်၏ လှိုင်သာယာမြို့နယ်အား ခရိုင်အဆင့် တိုးမြှင့်သတ်မှတ် ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အနေဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြဆောင်ရွက်ပေးနိုင်ခြင်း ရှိမရှိ၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်လျက်ရှိသော လက်ရှိ လူဦးရေ အချိုးနှင့် သင့်လျော်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရန် အတွက် လဝကဝန်ထမ်း၊ ရဲဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ စည်ပင်သာယာဝန်ထမ်းနှင့် တရားရေး ဝန်ထမ်းများ ထပ်မံဖြည့်တင်းပေးနိုင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ယင်းကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရဲတပ်ဖွဲ့စခန်းနဲ့ ကြည့်မယ်ဆိုရင် မြို့မရဲစခန်းနဲ့ သောင်ကြီး နယ်မြေရဲစခန်းသာ ရှိတဲ့အတွက် လူဦးရေနဲ့ တွက်ဆပြီးတော့ စက်မှုဇုန်တွေမှာ နယ်မြေရဲစခန်း တစ်ခုနဲ့ ရဲကင်းတစ်ခု ထပ်မံတည်ဆောက်ဖို့အတွက် ဖွဲ့စည်းပုံချမှတ်ပြီ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။


လက်ရှိတွင် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဒီပဲယင်းဝန်ထောက် ဦးရဲလမ်းနှင့် ကန်ပတ်လမ်းကြားရှိ အလျားပေ ၁၁၀၊ အနံ ၁၀၅ ပေရှိ မြေနေရာကို နယ်မြေရဲစခန်းတစ်ခု ဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးမှ ခွင့်ပြုပေးသဖြင့် ရဲတပ်ဖွဲ့မှ နယ်မြေရဲစခန်းရရှိရေး ဆောင်ရွက်ကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

“မှုခင်းဖြစ်ပွားနှုန်းကို ကြည့်မယ်ဆိုရင်လည်း လူဦးရေ များပြားတဲ့အတွက် အဝင်အထွက် သွားလာသူတွေ များပြားတဲ့အတွက် မှုခင်းဖြစ်ပွားမှုဟာ အခြားမြို့နယ်ထက် ပိုမိုဖြစ်ပွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေ စိုးမိုးရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ စည်ပင်နဲ့ ဖွဲ့စည်းပုံအင်အားထက် ပိုပြီးတော့ အင်အား ၅၀ တာဝန်ပေးအပ်ပြီးတော့ တိုးမြှင့်ဆောင်ရွက် ပေးလျက် ရှိပါတယ်” ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်တွင် CCTV တပ်ဆင်ဆောင်ရွက်မှု အနေဖြင့် တရုတ်နိုင်ငံမှ လှူဒါန်းငွေဖြင့် CCTV အလုံး ၁၅၀ တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင် တရားရေးနှင့် ပတ်သက်၍ (က) အဆင့်မြို့နယ် တရားရုံးအဖြစ် တိုးချဲ့ဖွဲ့စည်းထားပြီး မြို့နယ်တရားသူကြီးတစ်ဦး၊ တွဲဖက်မြို့နယ် တရားသူကြီး ငါးဦးနှင့် ဒုတိယမြို့နယ် တရားသူကြီးနှစ်ဦး စုစုပေါင်း ရှစ်ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းထားကြောင်း၊ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် ရှေ့ပြေးတရားရုံးများ ဖွဲ့စည်းပြီး အမှုအမြန် ပြီးပြတ်ရေးကို ဆောင်ရွက်ရှိကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်အတွင်း လဝကဝန်ထမ်း၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စည်ပင်သာယာ ဝန်ထမ်းများကို အင်အားဖွဲ့စည်းပုံ ပြည့်မီရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တင်ပြထားကြောင်း သိရသည်။

No comments:

Post a Comment