Thursday, July 11, 2019

စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုပြဿနာ

ဘဏ္ဍဍာရေးစီမံမှုအလွဲများ ဖြစ်ပေါ်သည့် ဖြစ်ရပ်အမျိုးမျိုးကိုကြည့်လျှင် ဘဏ္ဍဍာရေးစီမံမှုအလွဲ၏ သက်ရောက်ပုံကိုလည်းကောင်း၊ ဘဏ္ဍဍာရေးစီမံမှုကို ကောင်းစွာဆောင်ရွက်ခြင်းသည် စီးပွားရေးတစ်ရပ်၏ အောင်မြင်မှုအတွက် အရေးကြီးပုံကိုလည်းကောင်း ကောင်းစွာနားလည်နိုင်သည်။ ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုသည် လုပ်ငန်းတစ်ရပ်အောင်မြင်ရန်အတွက် အမြဲပင်အချက်အချာကျပြီး စီးပွားရေးတစ်ရပ် ကောင်းစွာအလုပ်ဖြစ်ရန်အတွက် အလွန်အရေးကြီးသည်။ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တို့သည်သာ ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုအပေါ်၌ မှီခိုနေရသည်မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ တစ်နိုင်ငံလုံးသည် ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုအပေါ်၌ တည်မှီနေသည်မှာ အမှန်ပင်ဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင် အစိုးရအနေဖြင့် ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုအပေါ် ကောင်းစွာကိုင်တွယ်ဆောင်ရွက်နိုင်ရန် အရေးကြီးသည်မှာ မလွဲပေ။ လက်ရှိအချိန်တွင် နိုင်ငံ၏စီးပွားရေးသည် ထင်မှတ်ထားသကဲ့သို့ဖြစ်မလာဘဲ ကဏ္ဍဍအသီးသီးတွင် ကျဆင်းနေသည်ဟု စီးပွားရေးအဝန်းအဝိုင်းတွင် ညည်းတွားလျက်ရှိသည်။ ထိုအခြေအနေတွင် အစိုးရအနေဖြင့် အခွန်ကိုသာ ဖိဖိစီးစီးကောက်၍ စီးပွားရေးကဏ္ဍဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် မှန်ကန်သော မဟာဗျူဟာချမှတ်နိုင်ခြင်းမရှိပါက တိုင်းပြည်၏စီးပွားရေးသည် ပိုမိုကျပ်တည်းသွားနိုင်ပေသည်။ ထို့ပြင် ဆင်းရဲသောတိုင်းပြည်ဖြစ်ရာ စီးပွားရေးစီမံခန့်ခွဲမှု၌ အတိမ်းအစောင်း မခံနိုင်ပေ။ အစိုးရက ချမှတ်လိုက်သော ပေါ်လစီတိုင်းသည် ထိရောက်ရန် လိုအပ်သကဲ့သို့ ရရှိထားသော ဘဏ္ဍဍာငွေများကို စနစ်တကျစီမံခန့်ခွဲမှုမရှိဘဲ အလေအလွှင့် ဖြစ်လျှင်လည်း လူထု၏ စီးပွားရေးပြေလည်ကောင်းမွန်လာရန် မလွယ်ပေ။

နိုင်ငံအတော်များများတွင် စီးပွားရေးစီမံခန့်ခွဲမှုအားနည်းခြင်းကြောင့် နာလန်မထူနိုင်ဘဲ ကျဆုံးသွားရမှုများ တွေ့မြင်ခဲ့ကြရသည်။ ယင်းတို့ထဲတွင် ဂရိဖြစ်စဉ်ကို ယခုနောက်ပိုင်း လူအများ သိရှိသတိပြုမိကြလိမ့်မည်ဖြစ်သည်။ ၂၀ဝ၉ ခုနှစ်အကုန်တွင် ဂရိနိုင်ငံသည် ယနေ့ခေတ် လူ့အဖွဲ့အစည်း၌ အဆိုးရွားဆုံးဟုဆိုနိုင်သည့် စီးပွားရေးပြိုလဲမှုတစ်ရပ်ကို ကြုံတွေ့ရသည်။ ယင်းအကျပ်အတည်းသည် အဆိုးရွားဆုံးရလဒ်များကို ဖြစ်ပေါ်စေပြီး ဥပမာအားဖြင့် လူထု၏ ဆင်းရဲမွဲတေမှု လွန်စွာမြင့်မားသွားခဲ့သည်။ အေသင်မြို့၌ပင် ဈေးဆိုင်များ၏ ရာခိုင်နှုန်း ၂၀ ခန့်သည် ပြောင်သလင်းခါသွားပြီး အရှုံးပေါ်ကုန်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ဂရိနိုင်ငံသား ၂၀ဝ၀ဝ သည် စားစရာ၊ နေစရာမဲ့များ ဖြစ်သွားခဲ့သည်။ အစိုးရ၏ အထိန်းအချုပ်မဲ့သုံးစွဲမှုများ၊ အတိုးနှုန်းနည်းပါးစွာဖြင့် ငွေချေးမှုများနှင့် ဘဏ္ဍဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးပျက်ကပ် ဖြစ်ပေါ်ချိန်၌ ဂရိသည် ဆိုးဆိုးရွားရွား မွဲပြာကျသွားခဲ့သည်။ ဂရိနိုင်ငံသည် လုံးဝပြန်ဆပ်နိုင်ခြင်းမရှိသည့် အကြွေးနွံထဲသို့ နစ်သွားခဲ့သည်။
ယင်းကဲ့သို့ပင် ဘဏ္ဍဍာရေးကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်မှုမရှိခြင်းကြောင့် စီးပွားရေး ပြိုလဲသွားခဲ့ရသည့် သာဓကများစွာရှိသည်။ ဘဏ္ဍဍာရေးစီမံမှုအလွဲသည် လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံများအတွက် အမြဲတမ်းကျရောက်လာနိုင်သည့် ပြဿနာတစ်ရပ်ဖြစ်သည်။  ပြည်သူ့ဘဏ္ဍဍာ စီမံခန့်ခွဲမှုစနစ် အားနည်းပါကလည်း တိုင်းပြည်၏ အခြေအနေသည် မည်သို့မျှ တည့်မတ်နိုင်လိမ့်မည်မဟုတ်ပေ။ ပြည်သူ့ဘဏ္ဍဍာစီမံခန့်ခွဲမှု အားနည်းမှုသည် အဂတိလိုက်စားမှုများကို လမ်းဖွင့်ပေးရာရောက်သည်။ ထိုအခါ ပြည်သူ့ဘဏ္ဍဍာများ၊ ပြည်သူတို့၏ အစိုးရအပေါ် ယုံကြည်မှုများ၊ ပြည်သူတို့၏ ကောင်းကျိုးအတွက် အစီအစဉ်များ ထိခိုက်ပျက်စီးရသည်။ ပြည်သူ့ရန်ပုံငွေများသည် တရားဥပဒေနှင့်မညီသော အစွန်းဘက်သို့ လမ်းလွဲရောက်ရှိသွားပြီး နိုင်ငံရေးပြိုင်ဆိုင်မှု၊ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုရေးတန်းတူညီမျှမှုနှင့် တရားဥပဒေစိုးမိုးရေးတို့အား ယုတ်လျော့သွားစေသည်။  မည်သို့ပင်ဆိုစေ၊ ဘဏ္ဍဍာရေးစီမံမှုအလွဲသည် လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများနှင့် နိုင်ငံများ၏ ကံကြမ္မာကို ရုတ်ခြည်းဆိုးရွားသွားစေနိုင်သည့် အကြောင်းတစ်ရပ်ဖြစ်သည်ကို သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment