Thursday, July 11, 2019

အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော နျူကလီးယားဓာတ်ပေါင်းဖို ထုတ်လုပ်နိုင်ရန် ကြိုးစားဟူသောစကားမှာ Official စကားမဟုတ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ့်လုပ်ငန်းရှင်အား နျူကလီးယားဓာတ်ပေါင်းဖို ထုတ်လုပ်နိုင်ရန် ကြိုးစားခိုင်းဟု ခေါင်းစဉ်ဖြင့် အွန်လိုင်း Page တစ်ခုက ဖော်ပြလိုက်သောသတင်းမှာ အွန်လိုင်းပေါ်တွင် ချက်ချင်းပျံ့နှံ့ခဲ့ပြီး အဆိုပါပြောဆိုမှုမှာ Officail စကားမဟုတ်ဘဲ ရင်းနှီးစွာပြောဆိုသော စကားသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။



ပဲခူးမြို့ မြို့တော်ခန်းမတွင် ဇူလိုင် ၉ရက် နံနက် ၉ နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ KOICA နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန Koica CCC တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်း အကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲပြီးဆုံးချိန်တွင် စွမ်းအားမြှင့် မီးဖိုထုတ်လုပ်သူများနှင့် ရင်းနှီးစွာတွေ့ဆုံစဉ် စွမ်းအားမြှင့် မီးဖိုတွေသည် ထင်းတစ်ချောင်းတည်း အသုံးပြုရ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ကြောင်းနှင့် နောင်တစ်ချိန် တိုးတက်လာရင် နျူကလီးယားဓာတ်ပေါင်းဖိုတွေ ပေါ်လာအောင် ကြိုးစားရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။ ထိုသို့ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ပဲခူးအခြေစိုက်သတင်းဌာတစ်ခုမှ Online Page တွင် စဉ့်လုပ်ငန်းရှင်အား နျူကလီးယားဓာတ်ပေါင်းဖိုထုတ်လုပ်နိုင်ရန် ဝန်ကြီးချုပ်က ကြိုးစားခိုင်းဟုဖော်ပြခဲ့ရာ ဝန်ကြီးချုပ်အပေါ် ဝေဖန်မှုများစွာရှိခဲ့ကြောင်း သိရသည်။

“ဒီစကားက ကျွန်တော်မီဒီယာကို ပြောတဲ့စကားလည်း မဟုတ်ဘူး။ Offical စကားလည်း မဟုတ်ဘူး။ Social Talk ပြောတာပါ။ ဒီလို စွမ်းအားမြှင့်မီးဖိုတွေ လုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ်။ နျူကလီးယားဓာတ်ပေါင်းဖိုတွေတောင် မီးဖိုသေးပေမယ့် အင်နာဂျီတွေ မြောက်မြားစွာ ထုတ်ပေးနိုင်တယ်။ အခုလည်း ထင်းတစ်ချောင်းတည်းနဲ့ လုပ်တာဆိုတော့ မြန်မာနိုင်ငံမှာလည်း နောင်တစ်ချိန်တိုးတက်လာတဲ့အခါ ဓာတ်ပေါင်းဖိုတွေပေါ်လာအောင်တော့ ကြိုးစားရမှာပေါ့လို့၊ ဒါက အရပ်ထဲမှာ ပြောတဲ့သဘောပါ၊ ဥပမာခင်ဗျားနဲ့ ကျွန်တော်နဲ့ လက်ဖက်ရည်သောက်ရင်းပြောတဲ့စကားကို ဖေ့စ်ဘွတ်ပေါ် လျှောက်တင်တယ်ဆိုတော့ စဉ်းစားပေါ့ဗျာ။ ဘယ်သတင်းစာက ဘယ်လိုဆင်ခြင်တုံတရားရှိတယ်ဆိုတာတော့ ပြည်သူတွေက ဝေဖန်မှာပေါ့ဗျာ။ ကျွန်တော့်ဘက်တော့ ဘာမှပြောစရာမရှိပါဘူး။ အခုပြောတာသည် ဝန်ကြီးချုပ်ပြောတာ ခင်မင်ရင်းနှီးစွာ ပြောတာပါ။ Official မဟုတ်ဘူး။ လုပ်ဆောင်ချက် မဟုတ်ဘူး။ မီဒီယာတွေကို သတင်းစာရှင်းလင်းပွဲမှာပြောတဲ့ စကားလည်းမဟုတ်ပါဘူး။ လူမှုရေးအရ ရင်းနှီးစွာပြောတဲ့စကားပါ” ဟု ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောကြားသည်။

No comments:

Post a Comment