Thursday, July 11, 2019

မိုင်းအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဆက်တိုက်ရှိနေပြီး ရခိုင်ပြည်နယ်၌ အမြင့်ဆုံးဖြစ်ဟုဆို

မိုင်းအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဆက်တိုက်ရှိနေပြီး ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။ ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ မင်္ဂ္လာသီရိဟိုတယ်တွင် ပြုလုပ်သည့် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၏ ၂၁ ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



“တိုင်းနဲ့ ပြည်နယ်ကိုးခုမှာတော့ မိုင်းအန္တရာယ်နဲ့ပတ်သက်လို့ ထိခိုက်မှုတွေ ဆက်ရှိခဲ့တယ်ပေါ့နော်။ အရင်တုန်းကလည်း ပဋိပက္ခဧရိယာတွေ ဖြစ်တဲ့အတွက် ဒေသခံတွေမှာ မိုင်းအန္တရာယ်တွေ ကြုံတွေ့ခဲ့ကြတာလည်း ရှိတယ်။ မိုင်းထိတဲ့သူတော်တော်များများက သေကျေမှုတွေ၊ ဒဏ်ရာရမှုတွေ တိုင်းဒေသကြီးပြည်နယ်ကိုးခုမှာ တောက်လျှောက်ရှိနေတာပေါ့။ အခုဆိုရင် ရခိုင်ဘက်က အမြင့်ဆုံးလို့ မှတ်တမ်းအရ သိနေရတာပေါ့။ ဒါတွေကလည်း ရေရှည်ဆက်လက်ပြီးတော့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေက ဆက်ပြီးလုပ်ရမယ့် အပိုင်းတွေဖြစ်တယ်” ဟု ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။


တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုရှိ ဒေသခံများနှင့် ကလေးသူငယ်များသည် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ အသိရှိမှု အလွန်နည်းပါးလာသည်ကိုတွေ့ရှိရပြီး ၂၀၁၄ ခုနှစ် က ကောက်ယူခဲ့သည့်စစ်တမ်းအရ အဆိုပါဒေသများရှိ ကလေးငယ်လေးဦးတွင် သုံးဦးသည် မိုင်းအန္တရာယ်အသိ နည်းနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက မိုင်းအန္တရာယ်ဖြင့် ကြုံတွေ့ခဲ့သူများကို ကျပ်နှစ်သိန်း ထောက်ပံ့လျက်ရှိပြီး လက်ရှိတွင် လူဦး ရေ ၅၁၀ ဦးအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

“လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ကတော့ မိုင်းထိတဲ့သူတွေကို နှစ်သိန်းနှုန်းနဲ့ နိုင်ငံတော်က ထောက်ပံ့ပေးနေတာရှိတယ်ပေါ့။ နောက်ကျန်တဲ့ကိစ္စရပ်တွေလည်း ကျွန်တော် မိုင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေကြတာလည်း ရှိပါတယ်။ ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်မှာတော့ လေးခုလောက်ကိုတော့ မိုင်းအန္တရာယ် အသိပေးအဖွဲ့ဖွဲ့စည်းပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါတွေကလည်းတစ်ချိန်မှာ မိုင်းရှင်းလင်းရေးကိစ္စအတွက် အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေက နည်းပညာပိုင်းဆိုင်ရာရော၊ ငွေကြေးရော သက်သက်ထောက်ပံ့ပြီး ကျယ်ကျယ်ပြန့်ပြန့်ကို ဒေသခံ ပြည်သူတွေ မိုင်းအသိတွေရှိဖို့အတွက် ဆောင်ရွက်ရတာဖြစ်တယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

လက်ရှိတွင် မိုင်းအန္တရာယ်ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုသည် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဧရိယာများရှိ လမ်းမိုင်းနှင့် စစ်အတွင်းအသုံးပြုခဲ့သည့် ပေါက်ကွဲစေတတ်သည့် အကြွင်းအကျန် ပစ္စည်းများကြောင့် အများဆုံးဖြစ်ကြောင်း ဦးဝင်းနိုင်ထွန်းကဆိုသည်။

ゞင်းက “အဓိကတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့ ဧရိယာတွေကတော့ လမ်းမိုင်းနဲ့ ပတ်သက်လို့ရော၊ စစ်တုန်းကသုံးခဲ့တဲ့ အကြွင်းအကျန် ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ဒေသခံတွေထိတာများတယ်။ ပဋိပက္ခဖြစ်တဲ့ ဧရိယာတွေမှာ မိုင်းရှင်းလင်းဖို့ကိစ္စ ရပ်တွေမလာခင်မှာ ပထမဆုံးလုပ်ရမယ့် လုပ်ငန်းစဉ်တစ်ရပ်ကလည်း မိုင်းအသိပညာပေးတာတွေပါတယ်။ ဒါကြောင့်လည်း မိုင်းကြောင့်သေကျေတာတွေ၊ ဒဏ်ရာရတာတွေက လျော့နည်းနိုင်မယ်။ ပြီးတော့ ငွေကုန်ကြေးကျလည်း အသက်သာဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါကိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်နေတာတွေရှိတယ်” ဟု ပြောကြားသည်။

No comments:

Post a Comment