Thursday, July 11, 2019

ရေနံထွက်ကုန်ထုတ်လုပ်မှု လျှော့ချရေးက ဈေးနှုန်းတည်ငြိမ်ရေး ကူညီနိုင်မည်ဟု အီရတ် ပြော

ရေနံရောင်းချတဲ့ နိုင်ငံများအသင်း အိုပက်အဖွဲ့ဝင် နိုင်ငံတွေအကြား ရေနံထွက်ကုန် ထုတ်လုပ်မှုကို ၂၀၂၀ မတ်လကုန်ထိ လျှော့ချရေး သဘောတူညီချက်ဟာ ဈေးနှုန်းမတည်ငြိမ်မှုကို ရင်ဆိုင်ပြီး ဈေးကွက်ကို တည်ငြိမ်အောင်လုပ်ရာမှာ ကူညီလိမ့်မယ်လို့ အီရတ် ရေနံဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။ အီရတ်မြို့တော် ဘဂ္ဂဒက်က စွမ်းအင်ညီလာခံအတွင်း အခုလို ပြောလိုက်တာပါ။



ဈေးနှုန်းသတ်မှတ်တဲ့နေရာမှာ အိုပက်ရဲ့ ရပ်တည်ချက်ကို မေးရာမှာတော့ ရေနံတစည်ကို အမေရိကန်ဒေါ်လာ ၇၀ ဒါမှမဟုတ် သူ့ထက်ပိုတဲ့ဈေးက လက်ခံနိုင်တဲ့ ဈေးနှုန်းလို့ ယေဘုယျ ရှုမြင်ထားတဲ့အကြောင်း ဝန်ကြီး သာမီယာ အယ်လ် ဟာဒါဘန်က ပြောပါတယ်။

ရေနံထုတ်လုပ်သူအုပ်စုဟာ ဈေးနှုန်းကို ထုတ်လုပ်သူတွေရော စားသုံးသူတွေအတွက်ပါ မျှတတဲ့ဈေးနှုန်းဖြစ်ဖို့ ကြိုးစားထားတယ်လို့လည်း ပြောပါတယ်။

လောလောဆယ် ရေနံစိမ်းတစည်ကို အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ ပေါက်ဈေးရှိပါတယ်။

ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အမေရိကန်က ရေနံထုတ်လုပ်မှု တိုးနေချိန်မှာ အိုပက်အဖွဲ့နဲ့ ရုရှားဦးဆောင်တဲ့ မိတ်ဘက် ရေနံထုတ်လုပ်သူတွေဟာ ရေနံထုတ်လုပ်မှု လျှော့ချဖို့ ဒီလထဲမှာ သဘောတူခဲ့ပါတယ်။

အိုမန်ပင်လယ်ကွေ့၊ အာရပ်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားတို့မှာ သွားလာရေး ချောမွေ့ဖို့နဲ့ အနှောင့်အယှက်ကင်းကင်း လွတ်လွတ်လပ်လပ် ရေကြောင်းသွားလာနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မေလက အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုတိုးအပြီး ရေနံတင်သင်္ဘော ၆ စီး တိုက်ခိုက်ခံရလို့ ဒေသတွင်း မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။

No comments:

Post a Comment