Thursday, July 11, 2019

မန္တလေးတွင် ကျူးကျော်နေအိမ် ၂၅၀ ကျော်အား စည်ပင်နှင့်ရဲတပ်ဖွဲ့မှ အင်အားသုံးဖျက်သိမ်းရာမှ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရကာ ရဲတပ်ဖွဲ့ဝင် ငါးဦးခန့်နှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်းနှင့် ရေနီမြောင်း(၁)လမ်းကြားရှိ စည်ပင်သယာယာရေး ကော်မတီပိုင်မြေပေါ်တွင် ကျူးကျော်ဆောက်လုပ် ထားသည့် အဆောက်အဦနှင့် ခြံစည်းရိုးများကို စည်ပင်နှင့်ရဲတပ်ဖွဲ့မှ အင်အားသုံး ဖျက်သိမ်းရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်
။ဖြစ်စဉ်မှာ အဆိုပါ မြို့သစ်(၁)ရပ်၊၇၃ လမ်းနှင့်ရေနီမြောင်း လမ်းကြားရှိ ကျူးကျော်နေအိမ် အလုံး ၂၅၀ ကျော်အား စည်ပင်သာယာရေး ကော်မတီနှင့် ရဲတပ်ဖွဲ့တို့မှ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက အင်အားအလုံးအရင်းဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ ယင်းသို့ ဖျက်သိမ်းမှုကို လက်မခံသော ကျုးကျော်နေထိုင်သူများမှ ခဲများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် ထိန်းသိမ်းမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးခန့်နှင့် ဒေသခံတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား ခဲဖြင့်ပစ်ပေါက်သူများအနက် သုံးဦးအား တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် ကနဦး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။“ဒီနေရာနေတာ ခြောက်နှစ်ရှိပါပြီ။ အခုဦးဇော်နုနဲ့ ဒေါ်ချိုကို ဖမ်းသွားပါတယ်။ ဦးဇော်နုဆို ဒီမှာနေတာကြာပါပြီ။ သူ့အိမ်ကို အတင်းဝင်ဖျက်လို့ သူကဝင်တားတာနဲ့ အဖမ်းခံလိုက်ရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ခဲနဲ့ပေါက်တာတွေရှိသလို ရဲဘက်ကလည်း သေနတ်နဲ့နှစ်ချက်ဖောက်တာ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ သူတို့ကကြောက်လို့ ပြေးသွားကြပြီ။ ကျွန်တော်တို့က ကျုးတွေပါ။ ဖယ်ရှားပေးမယ်လို့လည်း ပြောထားပြီးသားပါ။ ကလေးတွေ ကျောင်းတက်နေတုန်းလေး ခဏစောင့်ပေးပါလို့ ပြောပါတယ်။ ဒါကိုနည်းနည်းလေးမှ အချိန်မပေးဘဲ အခုလိုအင်အားသုံး အတင်းအနိုင်ကျင့်ပြီး ဖျက်ဆီးတာကတော့ တရားဥပဒေ မရှိတော့သလို ခံစားရပါတယ်” ဟုဖယ်ရှားခံရသည့် ကျုးကျော်နေထိုင်သူ တစ်ဦးက ပြောကြားသည်။“ကျွန်တော်က တောင်သူပါ။ ဒီမှာဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတာပါ။ ၂၀ဝ၁ ခုနှစ်အချိန်ထိ ရေခွန်၊ သီးနှံခွန်တွေ အခွန်သွင်းထားတာ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သားအမိနှစ်ယောက် နာမည်နဲ့ ငါးဧက ပိုင်ဆိုင်ပါတယ်။ ဒါကို စည်ပင်က ကော်မတီပိုင်မြေဆိုပြီး သိမ်းသွားတာပါ။ အခုကျ ဘာဆိုဘာမှ လာရောက် စစ်ဆေးခြင်း မရှိဘဲ ဒီတိုင်းမောင်းထုတ်နေတာပါ” ဟု ယင်းနေရာရှိ တောင်သူဦးနေဝင်းက ပြောကြားသည်။66452173_10211484408545900_8143609385965322240_o.jpg“ဒီနေရာမှာ စည်ပင်သာယာရေး ကော်မတီရဲ့ စီမံခန့်ခွဲမှုရှိတယ်။ ဒီထဲမှာ ပုဂ္ဂိလိကပိုင်ပဲဖြစ်ဖြစ် ကျူးက ကျူးပဲ။ အဲဒီကျူးကိုရှင်းတာ။ မင်္ဂ္လာမန္တလေး ဧရိယာနဲ့ တဆက်တစပ်ထဲ တည်ရှိနေတဲ့ အခုလိုနေရာမှာ ကျူးကျော်တွေ မရှိသင့်တော့ဘူး။ မြို့ပြဖွံ့ဖြိုးမှုအတွက် ဆက်လုပ်မယ့် အနေအထား တွေလည်းရှိတယ်။ ဒါတွေကို အစိုးရအဖွဲ့ကို တင်ပြပြီးမှ လုပ်တာပါ။ အစိုးရအဖွဲ့က လုံခြုံရေးလည်း ပေးတယ်။ အဓိက ကျူးရှင်းလင်းရေးကတော့ စည်ပင်သာယာရေးတာဝန်။ ဒီမြေကို စီမံခန့်ခွဲတာကလည်း ဥပမာ- ပုဂ္ဂလိက ဂရန်မြေထဲမှာ ကျူးကအဆောက်အဦ ဆောက်တယ်။ အဲလိုဆောက်တယ်ဆိုရင် ခွင့်ပြုချက်မရှိပဲ ဆောက်လို့မရဘူး။ အဲတော့ ဂရန်ပိုင်တဲ့သူကို စည်ပင်က ဖျက်ခိုင်းတယ်။ ဒါပေမယ့် ဂရန်ပိုင်ရှင်က သူဆောက်ထားတာ မဟုတ်ဖူး။ အဲဒီတော့ စည်ပင်က ဝင်ဖျက်လို့ ရတယ်ပေါ့။ ဒီမြေတွေက ၁၉၈၁ ခုနှစ် ဝန်းကျင်ကတည်းက သိမ်းဆည်းထားတဲ့ မြေတွေပါ။ ဒါတွေကို မြေပြန်စစ်ပြီး နစ်နာတဲ့သူတွေကို ပြန်ပေးခဲ့တာတွေလည်း ရှိတာပဲ။ ဒီနေရာကို စည်ပင်အနေနဲ့ကတော့ ရှိပြီးသား လမ်းနေရာတွေကို ပြန်ဖောက်မယ်။ ကျန်တာတော့ ဂရန်ပိုင်တဲ့သူတွေရဲ့ အပိုင်းပါပဲ” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားခဲ့သည်။မန္တလေးမြို့တွင် ဂရန်ပေါက်သော်လည်း ကျုးကျော်နေထိုင်သူများကြောင့် ဝင်ရောက်နေထိုင်ခွင့် မရသည့် မြေပိုင်ရှင် များစွာရှိကြောင်း၊ ထို့အတူပင် ရွှေတချောင်း မြောင်းဘေးတွင်လည်း ကျုးကျော်နေထိုင် သူများကြောင့် အိမ်ရှင်များမှာ စိတ်အနှောင့်အယှက်များစွာ ဖြစ်ရသည့်အတွက် စည်ပင်သို့ ကျုးကျော် ဖယ်ရှားပေးရန် အကြိမ်ကြိမ် စာတင်ထားသော်လည်း လာရောက် ဖယ်ရှားပေးခြင်း မရှိသဖြင့် မိမိအစီအစဉ်ဖြင့်သာ ညှိနှိုင်းဖြေရှင်းနေရကြောင်း၊ ယခုကဲ့သို့ စည်ပင်ပိုင်မြေ မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေများသာရှိသော နေရာရှိ ကျုးကျော်များအား စည်ပင်နှင့် ရဲတပ်ဖွဲ့က အင်အားသုံးကာ ဝင်ရောက်ဖြေရှင်း ပေးသည်မှာ အံ့အားသင့်စရာ ကောင်းကြောင်း မြို့ခံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။အဆိုပါနေရာရှိ ကျုးကျော်များအား ဖယ်ရှားပေးရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နို့တစ်စာ နှစ်ကြိမ်ပေးပို့ခဲ့ပြီး ဖြစ်သော်လည်း ကျုးကျော်များက ဖယ်ရှားရန် ငြင်းဆန်သည့်အတွက် ယခုကဲ့သို့ အင်အားသုံး ဖြေရှင်းရခြင်းဖြစ်ပြီး အခြားသော ကျုးကျော်နေသူများကိုလည်း ဆက်လက်ဖယ်ရှားသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment