Thursday, July 11, 2019

"ကိုအောင်ကြီး မဟုတ်ကြောင်း ထင်ရှားနေပါလျက် ကိုအောင်ကြီးကို ဒီလိုစွဲတင်တဲ့အထိဖြစ်လာအောင် ဘာကြောင့် လဲ ၊ ဘယ်သူတွေရဲ့ လက်ရာလည်း ကျနော်တို့ ဖွင့်ချသွားမယ်"

နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံ အောင်ကြီး၏ ရှေ့နေ အဖြစ် ဆောင်ရွက်မည့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် နှင့် ဆက်သွယ်မေးမြန်းချက်
တစ်နိုင်ငံလုံး စိတ်ဝင်စားနေသည့် နေပြည်တော် ဗစ်တိုးရီးယား အမှုတွင် သံသယ တရားခံ ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ က ယူဆ တရားရုံးတင်ထားသော်လည်း ကိုအောင်ကြီးမဟုတ်ဟု ယူဆမှုများ စွာကလည်း လူထုကြားတွင် ထွက်ပေါ်နေသည်။ သံသယ တရားခံ ကိုအောင်ကြီး၏ ရှေ့နေအဖြစ် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။



မေး။ ။ နေပြည်တော် ဗစ်တိုးရီးယား အမှုမှာ သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေ အဖြစ် ဘာလို့ လုပ်ဖို့ ဆုံးဖြတ်လိုက်တာလဲ။

ဖြေ။ ။ ကျနော် ရှေ့နေ လုပ်သက် နှစ်ပေါင်း ၃၀ ကျော်ပါပြီ ။ တရားလွှတ်တော်ရှေ့နေ ပါ။ ကျနော် လူအခွင့်အရေးအမှု ( Human Right ) လိုက်တယ်။ နိုင်ငံတကာမှာလည်း လူ့အခွင့်အရေးရှေ့နေအဖြစ် အစည်းအဝေးတက်ပါတယ် ။ ။ ရှေ့နေသက်တမ်းတစ်လျှောက်မှာ အထူးသဖြင့် ၊ မုဒိမ်းမှုမှာ သက်ငယ်မုဒိမ်းအမှုဟာမျိုး ကျနော် တစ်ခါမှ ရှေ့နေ မလိုက်ပေးဖူးဘူး။

အဲဒီလိုအမှုမျိုး အင်မတန်ဆိုးရွားတယ်လို့ သတ်မှတ်တယ်။ ဒီအမှုမှာကျတော့ တစ်လျှောက်လုံး ကျနော်တို့ လေ့လာတယ်။ ကလေးမလေး နဲ့ ကလေးမလေး မိဘများ ခံစားမှုတွေ အများကြီး ရှိတယ်။ ပြီးတော့ အစောပိုင်းကို သူတို့ကို မယုံသင်္ကာ တိုက်ခိုက်ခံရတဲ့ရှိတော့ ကျနော် စိတ်ဝင်စားတယ်။ ကျနော်တစ်လျှောက်လုံးကြည့်ပါတယ်။ ကြည့်တော့ အောင်ကြီးကို ပထမ စွပ်စွဲပြီး ဖမ်းလိုက်တယ်။ ၂၈ ရက်ချုပ်ထားတယ်။ နောက်တစ်ခါ အချက်အလက်မစုံဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ လွှတ်ပြီးတော တခြား လက်ညိုးထိုးစရာတွေ ရှိလာတယ်။ ရှိလာပြီး မကြာခင် ကိုအောင်ကြီးကို နောက်တစ်ခါဖမ်းပြီး အမှုတင်လိုက်တယ်။ တစ်လျှောက်လုံး ကြည့်လိုက်တော့ ကိုအောင်ကြီး မှာ ဥပဒေ အကူအညီလိုပြီ လို့ ယူဆပါတယ်။

နောက်ပြီး တစ်ပြည်လုံးကလည်း ဒီကိစ္စကို သောင်းသောင်းဖျဖျ ၊ အုံအုံကြွကြွ ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်း ၊ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများ အသင်း ၊ ကျနော်တို့ အသင်းက ပဲခူးမှာ သိပ်မကြာခင် အစောပိုင်း က ဇူလိုင် ၅ ၊ ၆ ရက် ကျနော်တို့အသင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒီကိစ္စ ဆွေးနွေးကြပြီးတော့ ကျနော် ဒီကိစ္စကို တရားခံဘက်က ရှေ့နေလိုက်မယ်။ ကျနော်ရဲ့ ရည်ရွယ်ချက်ကတော့ အမှန်တရားကို ဖော်ထုတ်ဖို့ ၊ တင်ပြတဲ့အခါ ကျနော်တို့ အသင်းမှာ လူ့အခွင့်အရေးကော်မရှင် ဆိုတာ ရှိတယ်။

ဥပဒေ ထောက်ကူရေး ကော်မရှင်ဆိုတာလည်း ရှိတယ်။ ဒီကိစ္စကို ကော်မတီကလည်း သဘောတူကြတယ်။ အဖွဲ့အစည်းရဲ့ သဘောတူချက်အရလည်း ပါတယ်။ ရှေ့နေတစ်ယောက်ရဲ့ တာဝန်တစ်ခုအနေနဲ့ ၊ အမှန်တရားဖော်ထုတ်ဖို့ လိုအပ်တယ် ထင်လို့ လိုက်တာပါ။

ကိုအောင်ကြီးကို လွတ်အောင် လုပ်ဖို့တော့ မဟုတ်ဘူးပေါ့လေ။ တကယ့် လက်သည်က ဘယ်သူလဲ။ အဲ့ဒီလက်သည်တွေကို ဘယ်သူတွေက ဖုံးကွယ်ပြီး ကာကွယ်ပေးထားသလဲ။ အဲဒါတွေကို အတတ်နိုင်ဆုံး ခြေရာခံပြီး ဖွင့်ချနိုင်အောင် ကျနော်ရည်ရွယ်ချက်နဲ့ ကျနော် လိုက်တာပါ။

မေး ။ ။ အောင်ကြီးကို သံသယ တရားခံလို့ ပြောဆိုတဲ့ အချက်တွေထဲမှာ ဘာတွေ သံသယဖြစ်စရာ ဖြစ်နေတာလဲ။

ဖြေ။ ။ဒီအမှုက ရုံးကို ရောက်နေပါပြီ ။ ဒီအမှုက ၄ ရက်နေ့ကတည်းက တရားရုံးကို တင်ပါတယ်။ ရာဇဝတ်ကြီး အမှု အမှတ် ၇၆ / ၂၀၁၉ နှင့် အမှုတစ်ခု ဖြစ်နေပါပြီ ။ ကျနော်တို့ ရှေ့နေ ကျင့်စဉ်မှ တရားရုံးများ မထီမဲ့မြင်ပြုမှု အက်ဥပဒေ၊ အဲ့ဥပဒေမှာ စစ်ဆေးစီရင်နေဆဲ ရုံးကို ရောက်နေတဲ့ အမှုတွေမှ မှန်ခြင်း ၊ မှားခြင်း ကောက်ချက်ဆွဲနိုင်လောက်အောင် အချက်အလက်တွေပြောခြင်း အဲ့တာတွေ ကျနော်တို့ က ရုံးကို မထီမဲ့မြင်ပြုရာ ရောက်ပါတယ် ။ ရှေ့နေ ကျင့်ဝတ်နဲ့ မညီဘူးပေါ့ ။ အဲ့တော့ လောလောဆယ်မှ ကျနော်က စစ်လိုက်တော့ အခါ ဘယ်လိုစစ်တယ်။ ဘယ်သူက ဘယ်လိုပြောသလဲဆိုတာ ကျနော်ပြောနိုင်ပါတယ် ။

အခုတော့ ကိုအောင်ကြီး ဘာကြောင့် ဘာကြောင့် အပြစ်မရှိဘူး။ ဘာကြောင့် ဘာကြောင့် ပြောခွင့် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ၄ ရက်နေ့ အမှုတင်တဲ့အခါ ၅ ရက်နေ့မှ ဒုရဲချုပ် ပြော တဲ့စကားတွေ ဖြစ်ခဲ့ရင် တစ်ကယ်ကျတော့ ကျင့်ဝတ်နဲ့မညီဘူး။ အမှုကို တရားရုံးကို တင်ထားပြီးသား အမှု ၊ စစ်ဆေးစီရင်နေဆဲ အမှုတစ်ခုကို ကိုအောင်ကြီးက ဘယ်အချက်အရ ညှိပြီး တင်ပါတယ် ဆိုကတည်းက ၊ ကျနော်ကတော့ ကျင့်ဝတ်အမှားမျိုး မကျူးလွန်ချင်တာကြောင့် မပြောပါဘူး။ ဒါပေမဲ့ ကျနော် သေချာပေါက် ပြောနိုင်တာက ကိုအောင်ကြီးကို ကျနော်ယုံကြည်တယ်။ သူမှာဥပဒေအကူအညီလည်း လိုတယ်လို့ ယူဆတယ်။ ဒါကြောင့် ဒီအမှုကို လိုက်တာပါ။

မေး။ ။ ဒုရဲချုပ် အောင်နိုင်သူ ပြောသွားတဲ့အထဲမှာ အောင်ကြီးနဲ့ ပတ်သက်လို့ အမှုနဲ့ပတ်သက်လို့ ကွာဟချက်တွေ ဘာတွေလဲ။

ဖြေ။ ။ အဲဒါလည်း အချက်အလက်တွေက အထူးသဖြင့် ကျနော်တို့ BBC ကနေ CCTV မှတ်တမ်း ကျနော်ဆီကိုလည်း ရောက်ပါတယ်။ အင်တာနက်မှာလည်း တင်ပါတယ်။ အဲ့ မှတ်တမ်း နဲ့ ဆိုရင် ကွဲလွဲတဲ့အချက်များ ၊ စွပ်စွဲသူများရဲ့ စကားတွေထဲမှာ ကွဲလွဲတာ အများကြီး ရှိတယ်လို ယူဆပါတယ်။

မေး။ ။ လက်ရှိ အောင်ကြီးရှေ့နေအဖြစ် စပြီး လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား။ အောင်ကြီးနဲ့ ရော တွေ့ပြီးပြီလား။

ဖြေ။ ။ ဟုတ်ကဲ ၊ ကျနော် အောင်ကြီးနဲ့ တွေ့ပြီးပါပြီ ။ ကျနော်ရယ် ၊ ကျနော်နဲ့ တွဲပြီး လိုက်မယ် ဒေါ်စုဒါလီအောင် ၊ သူတို့ က မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းက ၊ ကိုအောင်ကြီးနဲ့ သွားတွေ့ပြီးပါပြီ ။ လိုအပ်တဲ့ညွန်ကြားချက်တွေ ကိုအောင်ကြီးဆီက ယူခဲ့ပြီးပါပြီ။ အမှု အကြောင်းအရာကို ပိုပြီး တိကျအောင် ကျနော်တို့ ဆွေးနွေးခဲ့ပြီးပါပြီ။

မေး ။ ။နေပြည်တော် ဗစ်တိုးရီးယား အမှု မှာ အောင်ကြီး ရှေ့နေအဖြစ် ပါဝင်ဆောင်ရွက်ရင်း အမှု ပေါ်အောင် ဆောင်ရွက်နိုင်လား။ ဆိုလိုတာက အောင်ကြီးက သံသယ တရားခံ မဟုတ်ကြောင်းပဲ ဖော်ပြနိုင်မှာလား။

ဖြေ။ ။ ကိုအောင်ကြီး က စွပ်စွဲခံရတဲ့ ပြစ်မှုကို မကျုးလွန်ကြောင်း ၊ အဲဒါကို လုပ်ပါမယ်။ အပြန်အလှန်စစ်မေးတဲ့ ပညာလည်း သုံးပြီးတော့ အမှုကို တည်ဆောက်တဲ့အခါ တရားခံဘက်ကလည်း သက်သေတွေ တင်ပြပြီးတော့ နံပါတ် (၁)က ကိုအောင်ကြီး က တရားခံ မဟုတ်ကြောင်း ၊ ပြစ်မှု မကျူးလွန်ကြောင်း ၊နံပါတ်( ၂) တကယ့် လက်သည်တရားခံ တွေက ရှိပြီးတော့ အဲဒါတွေက ဘယ်သူတွေ ဖြစ်နိုင်ကြောင်း ရှာဖွေမယ်။ ဘယ်သူလို့ ကျနော်မစွပ်စွဲဘူး။

နံပါတ် (၃) ကိုအောင်ကြီး မဟုတ်ကြောင်း ထင်ရှားနေပါလျက် ကိုအောင်ကြီးကို ဒီလိုစွဲတင်တဲ့အထိဖြစ်လာအောင် ဘာကြောင့် လဲ ၊ ဘယ်သူတွေရဲ့ လက်ရာလည်း ကျနော်တို့ ဖွင့်ချသွားမယ်။

မေး ။ ။ အောင်ကြီးကို တရားခံလို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ဘာတွေ ဆက်ဖြစ်နိုင်လဲ။

ဖြေ။ ။ အဲဒါက ကျနော် ယတိပြတ်မပြောနိုင်ဘူး။ တရားရုံးက ဆုံးဖြတ်မယ်။ ကျနော်တို့က တရားရုံးရဲ့ တရားဥပဒေ ကျင့်သုံးမှုကို ယုံကြည်ပါတယ်။ အခုထိလည်း ပုံအပ်ထားပါတယ်။ တရားရုံးကလည်း မှန်တဲ့ ဥပဒေနဲ့အညီ ဆုံးဖြတ်မယ်လို ယူဆပါတယ်။ အဲ့တော့ ဘာဖြစ်မှာလဲ ၊ အပြစ်ပေးလိုက်ရင် ဆိုတာ ကျနော်တို့ မစဉ်းစားထားဘူး။ အခုလောလောဆယ်မှာ ။

မေး ။ ။ အခုဆိုရင် တစ်နိုင်ငံလုံး နေပြည်တော်ဗစ်တိုးရီးယား အမှု အမှုပေါ်ပေါက်ရေး ပြည်သူအားလုံးက တောင်းဆိုနေကြပြီဖြစ်လို့ အောင်ကြီးရဲ့ ရှေ့နေ အနေနဲ့ ပြည်သူတွေကို ဘာပြောချင်လဲ။

ဖြေဖ။ ။ ကိုအောင်ကြီးနဲ့ ပတ်သက်ပြီး ပြည်သူလူထုအမြင်မှာ ကျနော်က ရှင်းပြစရာ မလိုဘူး။ ကိုအောင်ကြီး အပြစ်မရှိပါဘူး ပြောစရာ မလိုလောက်အောင် မှတ်ချက်တွေအရ သိတယ်။ ကျနော် ဒီအမှုကို လိုက်တာလည်း ကျနော်ကိုယ်တိုင် ယုံကြည်လို့ လိုက်တယ်။ ပြည်သူ့လူထုတွေကလည်း အမှန်တရားအပေါ်မှာ ပြတ်ပြတ်သားသားရပ်ကြပါ ။ အဲ့တာပဲ ကျနော်ပြောချင်ပါတယ်။ ကိုအောင်ကြီး လွတ်ရင် ပြီးရောဆိုတဲ့ ရပ်တည်ချက်နဲ့ မဟုတ်ဘဲ နဲ့ သက်ငယ်မုဒိမ်းတွေမှ တကယ့် တရားခံတွေ လွတ်သွားတယ်ဆိုရင် ၊ နောက်နောက် ဒါမျိုးတွေ ဖြစ်နေတယ်ဆိုတော့ ၊ အမှန်တရားကို ဖုံးကွယ်ဖို့ ကိစ္စတွေကို မျက်ခြေမပျက်စောင့်ကြည်ကြဖို့ နှိုးဆော်လိုပါတယ်။ တိုက်တွန်းလိုပါတယ်။

No comments:

Post a Comment