Thursday, July 11, 2019

တရားရုံးတွင်ရှင်းရတော့မည့် သက္ကမိုးညိုနှင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ

 နေပြည်တော် ၀န်ထမ်းအိမ်ရာ တိုက်တန်းရှိ နေအိမ်သို့ သူစိမ်းနှစ်ဦး တံခါးလာခေါက်သဖြင့် ထွက်၍ မေးမြန်း သည့်အခါ အိမ်မှားသည်ဟု တုံ့ပြန်ခဲ့၍ ဒေါက်တာဝင်းကိုကိုသိန်း တစ်ယောက် စိုးရိမ်သွားသည်။ ထို့ကြောင့် နောက်တစ်ရက် ဇူလိုင် ၁၀ရက်တွင် နေအိမ်၌ CCTV တပ်ဆင်ရန် အပြင်ထွက်၍ သွားရောက်စုံစမ်းနေချိန်၌ လူပုဂ္ဂိုလ်နှစ်ဦး၏ ချဉ်းကပ်လာမှုကို ထပ်မံကြုံပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ၎င်းတို့နှင့် ခေတ္တလိုက် ခဲ့ရန် ပြောပါသည်။


ထိုသို့ တွေ့ကြုံခဲ့ရသူမှာ နိုင်ငံကျော်နေသည့် ဗစ်တိုးရီးယားအမှုတွင် သမီးငယ်လေးမိသားစုကို အနီးကပ်ကူညီနေသူ၊ ဖေ့စ်ဘွတ်ခ်တွင် သက္ကမိုးညို အမည်ဖြင့် အဆိုပါအမှုကိစ္စအကြောင်း အများသိရေးသားလေ့ရှိသူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ၀င်းကိုကိုသိန်းဖြစ်ပါသည်။

အစိုးရဌာနတွင် ပြန်တမ်းဝင် အရာရှိတစ်ဦးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဒေါက်တာ ၀င်းကိုကိုသိန်းတစ်ယောက် ဖြစ်ပျက်နေသည့် အခြေအနေများကို အလုံးစုံနားလည်ခွင့်ရခဲ့ပြီဖြစ်ပြီး အကြောင်းရင်းခံမှာ ပျဉ်းမနားမြို့နယ်ရဲ တပ်ဖွဲ့မှူးက ၎င်းကို အီလက်ထရွန်နစ်ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့်အမှုဖွင့်ထားခြင်းဖြစ်၏။

‘‘အင်တာနက်လူမှုကွန်ရက် က နေပြီး သက္ကမိုးညိုဆိုတဲ့ အ ကောင့်နဲ့ ဗစ်တိုးရီးယား အဓမ္မပြု ကျင့်ခံရတာနဲ့ ပက်သက်ပြီးတော့ အကောင့်ကနေ တင်တဲ့အချိန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဂုဏ် သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းလေးတွေ ပါတဲ့အတွက်ပါ’’ ဟု ပျဉ်းမနားမြို့မစခန်း စခန်းမှူး ဒုရဲမှူး အောင်နိုင်ဦးက ဆိုသည်။ တရားစွဲဆိုရန် ညွှန်ကြားခဲ့သူမှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဖြစ်သည်ကိုလည်း ၎င်းက အတည်ပြု၏။

ဒေါက်တာ ၀င်းကိုကိုသိန်း ကမူ ထိုသို့ အလျင်စလိုပြုမူသည့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်အ ပေါ် မေးခွန်းထုတ်ခဲ့ပြီး နိုင်ငံ့ဝန် ထမ်းတစ်ဦးကို ရဲတပ်ဖွဲ့အနေ ဖြင့် ဖမ်းဆီးလိုပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုချက် လို အပ်သည်ကို ဥပဒေဖြင့်ပင် ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း ပြောသည်။

သို့သော်အကျယ်အကျယ်မ ဖြစ်လို၍ ရဲစခန်းသို့ အေးဆေးစွာ လိုက်ပါခဲ့ပြီး သုံးနာရီခန့် စစ်ဆေး မှုခံယူပြီးနောက် ကျပ်သိန်း ၁၀၀ တန် အာမခံဖြင့် အမှုရင်ဆိုင်ရ တော့မည့် အခြေအနေသို့ ရောက် ပြီဖြစ်ကြောင်း ဒေါက်တာဝင်းကို ကိုသိန်းက ဆိုသည်။

ဘာကြောင့်အမှုဖွင့်တာလဲ

တရားစွဲဆိုခံရခြင်းမှာ ဇူလိုင် ၄၊ ၅၊ ၆ ရက်များတွင် သက္ကမိုးညိုအမည်ဖြင့် လူမှုကွန်ရက်များတွင် ရေးသားထားသည့် စာများထဲမှ ကောက်နုတ်ချက်များကြောင့်ဟု ရဲတပ်ဖွဲ့က ဆိုကြောင်း အာမခံရ ပြီး ရဲစခန်းမှ ပြန်ထွက်လာချိန်တွင် ဒေါက်တာဝင်းကိုကိုသိန်းက မီဒီ ယာများကို ပြောသည်။

ဗစ်တိုးရီးယားတက်ရောက် နေသည့် Wisdom Hill ကျောင်းမှ CCTV ၏ဟက်ဒစ်ကို ဖြုတ်သိမ်း ခြင်းမဟုတ်ဘဲ  မိတ္တူကိုသာ ရဲတပ်ဖွဲ့က ရယူသည်ဟု ရေးသားခဲ့မှု၊ ရဲတပ်ဖွဲ့အပေါ် သံသယဖြစ်ဖွယ် ရှိသည်ဟူသော ပြောဆိုချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ စာရေးရန် စသဖြင့် သက္ကမိုးညိုအကောင့်တွင် ရေးသားခဲ့မှုတို့ကြောင့် အမှုဖွင့်သည် ဟု ရဲတပ်ဖွဲ့က ပြောကြောင်း ၎င်းက ရှင်းပြသည်။

‘‘ကျွန်တော်ပြောခဲ့တာတွေသည် သက်သေ အထောက်အ ထားမရှိဘဲ ပြောခဲ့တာမဟုတ်ဘူး’’ ဟု ဒေါက်တာ ၀င်းကိုကိုသိန်းက ဆက်ပြောသည်။

ရဲတပ်ဖွဲ့ဘက်ကလည်း ၎င်းတို့ထံတွင် ခိုင်လုံသည့် သက်သေ အထောက်အထားများကြောင့် တရားစွဲရခြင်းဖြစ်ပြီး အပြစ်ရှိ၊ မရှိကိုမူ တရားရုံးကသာ ဆုံးဖြတ် မည်ဖြစ်ကြောင်း ဒုရဲမှူး အောင် နိုင်ဦးက ပြောသည်။

ဘာဆက်ဖြစ်မှာလဲ

လက်ရှိတွင် အမှုဖွင့်ခံထား ရသည့် အီလက်ထရွန်နစ်ဥပဒေ ပုဒ်မ ၃၄(ဃ) သည် ပြစ်မှုထင် ရှားသည်ဟု တရားရုံးက ဆုံးဖြတ် ပါက ငွေဒဏ် ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ (သို့) ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ ကျခံနိုင်သည် ဟု ဥပဒေပါ ပြဋ္ဌာန်းချက်များက ဆိုသည်။

ထို့ပြင် ဒေါက်တာဝင်းကိုကို သိန်းတွင် အပြစ်ရှိကြောင်း တရား ရုံးက ဆုံးဖြတ်ခဲ့လျှင် နှစ်ပေါင်း များစွာ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၎င်း၏ ဘ၀ရပ်တည်ချက်ကို ထိခိုက်လာ ရန်ရှိပြီး နိုင်ငံ့ဝန်ထမ်းဥပဒေအရ အကျိုးသက်ရောက်မှုများ ရှိလာ နိုင်သည်ဟု ပြည်ထောင်စုရာထူး ဝန်အဖွဲ့ ဒုတိယအတွင်းဝန် ဦးမြင့် ဆွေက သုံးသပ်သည်။

နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ၀န်ထမ်းတစ်ဦးသည် ဥပဒေကြောင်း အရ ပြစ်ဒဏ်စီရင်ခြင်းခံရသဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (သို့မဟုတ်) ရာထူးမှ ထုတ်ပယ်ခြင်းခံရသော် ယင်းသို့ ထုတ်ပစ်ခြင်း (သို့မဟုတ်) ထုတ်ပယ်ခြင်းသည် တရားရုံးက ပြစ်ဒဏ်စီရင်သည့် နေ့ရက်ကစ၍ အကျိုးသက်ရောက်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

ကိုယ်ကျင့်တရားပျက်ပြားမှု အကျုံးဝင်သော ပြစ်မှုဖြင့် တရားရုံး၏ ပြစ်မှုထင်ရှားစီရင် ခြင်းခံရသည်ဆိုလျှင်မူ လက်ရှိ ရာထူးတွင် ဆက်လက်တည်ရှိနေသည့်အခါ ယင်းသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် နေ့မှ တစ်နှစ်အတွင်း ရာထူးတိုးမြှင့်ခွင့် မရှိ ကြောင်း ပြဋ္ဌာန်းထားသည်။

တရားစွဲဆိုခံရသည့် သတင်းများထွက်ပေါ်ပြီးချိန်တွင် သက္ကမိုး ညို၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ‘ခင်ဗျားနဲ့အတူ ရပ်တည်မယ်’၊ ‘အမှန်တရားအတွက် အားပေးနေ မယ်’ စသဖြင့် ပြည်သူအချို့က ဝင်ရောက်ရေးသားအားပေးနေ သည်ကို တွေ့ရသည်။

ဒေါက်တာ ၀င်းကိုကိုသိန်း ကတော့ ‘‘ကျွန်တော်က ဆက်သွား မှာပါ။ ဆက်သွားမယ်ဆိုတာ ခုန က ပြောသလို ကျွန်တော်ရေးခဲ့တာ မှန်သမျှသည် သက်သေအထောက်အထား ပြနိုင်တာရှိ တယ်။ သက်သေအထောက်အ ထားနဲ့ ရေးခဲ့တဲ့အတွက်ကြောင့် ရှေ့ဆက်လည်း ဒီလိုပဲ ဆက်သွား မှာ ဖြစ်ပါတယ်’’ ဟု ဆိုသည်။

No comments:

Post a Comment