Thursday, July 11, 2019

ရေနံတင်သင်္ဘော သိမ်းယူခဲ့မှု နောက်ဆက်တွဲအကျိုးဆက် ရင်ဆိုင်ရမည်ဟု ဗြိတိန်ကို အီရန် ပြော

ဗြိတိန်အစိုးရအနေနဲ့ အီရန် ရေနံတင်သင်္ဘောကို သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အီရန်သမ္မတ ဟာဆန် ရိုဟာနီက ဇူလိုင် ၁၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က စပိန်နိုင်ငံတောင်ဘက်ပိုင်းက ဗြိတိန်ပိုင် ဂျီဘရော်တာကျွန်း ရေပြင်မှာ ခုတ်မောင်းလာတဲ့ အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်ရေတပ်က သိမ်းဆည်းခဲ့တာပါ။ အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု စည်းမျဉ်းချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံကို ရေနံတင်ပို့ဖို့ ကြိုးစားတယ်ဆိုတဲ့ သံသယကြောင့် အခုလို အသိမ်းခံခဲ့ရတာပါ။



နျူကလီးယား အစီအစဉ် အရှိန်မြှင့်တင်မယ့် အီရန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ ဓာတ်အားပေး စက်ရုံတွေအတွက် လောင်စာထောက်ပံ့ဖို့ဖြစ်ပြီး အဲဒီအစီအစဉ်ကို ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက် မူဘောင်အတိုင်း လုပ်ဆောင်သွားမယ်လို့ သမ္မတ ရိုဟာနီက ပြောခဲ့ပါသေးတယ်။

အီရန်အစိုးရရဲ့ ခြေလှမ်းတွေဟာ ၂၀၁၅ နျူကလီးယား သဘောတူညီချက်နဲ့ မကိုက်ညီဘူးလို့ ဥရောပအင်အားစုတွေက စွပ်စွဲပြီး နောက်တနေ့မှာ သမ္မတ ရိုဟာနီက အခုလို ပြောလိုက်တာပါ။

၂၀၁၅ ခုနှစ်မှာ အီရန်က နျူကလီးယား အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာကြောင့် အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖြေလျှော့ပေးဖို့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားတို့ သဘောတူညီခဲ့ကြတာပါ။

ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်က အဲဒီသဘောတူညီချက်နေ နုတ်ထွက်ပြီး အီရန်ရဲ့ ရေနံရောင်းဝယ်မှုအပေါ် ပိတ်ဆို့ ဒဏ်ခတ်ခဲ့ပါတယ်။

No comments:

Post a Comment