Thursday, July 11, 2019

တောင်အာဖရိကကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး နိုင်ဂျီးရီးယား အာဖရိကနိုင်ငံများဖလား ဆီမီးတက်

အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိက အသင်းတို့ မနေ့ကယှဉ်ပြိုင်ရာ နိုင်ဂျီးရီးယားက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ နိုင်ဂျီးရီးယားအသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ကင်မရွန်းအသင်းကို ကျော်ဖြတ်လာသလို တောင်အာဖရိကအသင်းကလည်း နာမည်ကြီး အီဂျစ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းလာတာပါ။ နိုင်ဂျီးရီးယားအသင်းဟာ အစ်ဂ်ဟာလို၊ မူဆာ၊ အိုင်ဝိုဘီ၊ အန်ဒီဒီ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။



ဒီပွဲမှာ တောင်အာဖရိကအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ အသာစီး ရယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းရာမှာတော့ နိုင်ဂျီးရီးယားက အသာရခဲ့ပါတယ်။

နိုင်ဂျီးရီးယားအတွက် ပွဲချိန် ၂၇ မိနစ်မှာ ချပ်ခ်ဝူဇီက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပထမပိုင်းမှာ တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပေမယ့် ဒုတိယပိုင်း ၇၁ မိနစ်မှာ ဇွန်ဂူးက တောင်အာဖရိကအတွက် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

တဂိုးစီသရေနဲ့ ပွဲပြီးမလိုဖြစ်နေရာက ပွဲချိန် ၈၉ မိနစ်မှာ နိုင်ဂျီးရီးယားအသင်း ထောင့်ကန်ဘောကတဆင့် အနိုင်ဂိုး သွင်းယူပြီး ပွဲအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

No comments:

Post a Comment