Monday, June 24, 2019

ချဉ်းကပ်မှုပြောင်းလဲရမည့် ရခိုင်ဒေသမှ စစ်ပွဲများ

ပြည်တွင်းစစ် သက်ဆိုးရှည်သည့် မြန်မာနိုင်ငံတွင် ယခုနောက် ဆုံးစစ်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်၌အမြန် ငြိမ်းချမ်းရန် ပြည်သူများလိုလားသော်လည်း လက် တွေ့တွင် စစ်ရေးပိုမိုကျယ်ပြန့်လာနေသည်။ ဇွန်လ ၂၂ ရက်နံနက်အစောပိုင်းတွင် စစ်တွေမြို့အရှေ့ဘက်ရှိ ဆက်ရိုးကျချောင်းဝ၌ ရပ်နားထားသော တပ်မတော်ရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ၁၀၇ မီလီမီတာရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်သားနှစ်ဦးကျဆုံးပြီး တစ်ဦးဒဏ် ရာရရှိခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော ဆက်ရိုးကျချောင်း သည် စစ်တွေမြို့နှင့်နီးသဖြင့် တိုက်ပွဲများ စစ်တွေမြို့နားရောက်ရှိ ကျယ်ပြန့်လာမည်ကို ဒေသခံများစိုးရိမ်နေကြရပြီဖြစ်၏။
ထုံးစံအ တိုင်းပင် တပ်မတော်နှင့် AA ပြောဆိုချက်များကမူ မတူညီပေ။ AA ဘက်က တပ်မတော်ထိုးစစ်များခပ်စိပ်စိပ်ပြုလုပ်လာပြီး စစ်ရေယာဉ် များက လူ၊ လက်နက်၊ ခဲယမ်းမီးကျောက်များ ပို့ဆောင်သဖြင့် စစ်ပွဲ ၏သဘာဝလိုအပ်သောတုံ့ပြန်မှုပြုလုပ်သည်ဟုဆိုသည်။ တပ်မ တော်ဘက်ကမူ ပစ်ခတ်ခံရသောရေယာဉ်သည် လက်နက်ခဲယမ်း များ တပ်ဆင်ထားသောရေယာဉ်မဟုတ်ဘဲ မိုးကာလသောင်တင် သော သင်္ဘောများနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးသုံး ရေယာဉ်ဖြစ်ကြောင်း ရှင်းလင်းသည်။

တပ်မတော်နှင့် AA တို့သည် ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်၍ တိုက် ပွဲများပြင်းထန်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၉ ဇန်န၀ါရီ ၄ ရက်(လွတ်လပ်ရေး နေ့)တွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းလေးခုကို AA က အလစ်အငိုက်ဖမ်းဝင်တိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်များစွာ ကျဆုံး၊ ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် AA ကို ထိုးစစ်ဆင်နှိမ်နင်းရန် အစိုးရက တပ်မတော်ကို ညွှန်ကြားလိုက်ပြီး တိုက်ပွဲများ ပို၍ပြင်းထန်လာခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ခုနစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့အထိ စစ်ရေးကျယ်လာသည်။ ဘူးသီးတောင်၊ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့်မြေပုံမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်၏။လတ်တလောတွင်မင်းပြားနှင့် မြောက် ဦးမြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်နေသည်။ ယခုနောက်ဆုံးစစ်တွေ မြို့နယ်တွင်ပါ စစ်ရေးကျယ်လာမည်ကိုစိုးရိမ်ရသောအခြေအနေဖြစ်ပါ သည်။

ရခိုင်တိုင်းရင်းသားများ၏ အမျိုးသားရေး၊ လွတ်မြောက်ရေးအ တွက် ကြိုးပမ်းနေသည်ဆိုကာ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိ သော ကွန်ဖက်ဒရိတ်အဆင့်ရလိုသည်ဆိုသော AA အဖွဲ့နှင့် ရခိုင်ပြည် နယ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့မျှ တည်ရှိမှုကိုခွင့်မပြုသော တပ် မတော်၊ အစိုးရတို့၏ရပ်တည်ချက်များက လုံးဝဆန့်ကျင်ဘက်ဖြစ်နေ သည်။ AA (ရက္ခိုင့်တပ်မတော်)ကို ၂၀၀၉ ခုနှစ် ဧပြီလတွင် ကေအိုင်အေ ထိန်းချုပ်နယ်မြေ၌ စတင်ဖွဲ့စည်းခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်ဆွေးနွေးခဲ့သော် လည်း အစိုးရနှင့်အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။ ၂၀၁၄ ဧပြီ တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ပြုလုပ်သော ကျောက်ဖြူရခိုင်အမျိုး သားညီလာခံသို့ တက်ရောက်ခဲ့ပြီး ထို့နောက်ပိုင်း ရခိုင်ပြည်နယ်သို့ ၀င် ရောက်အခြေစိုက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ မတ်လ ၂၉ ရက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ပလက်ဝမြို့နယ်၌ တပ်မတော် နှင့် AA စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၏။

၂၀၁၄ ဧပြီနောက်ပိုင်းတွင်မူ AA က ရခိုင်ပြည်နယ်တွင် အခြေစိုက် ရန် သိသိသာသာကြိုးပမ်းခဲ့သည်ဆိုသော်လည်း ဒေသခံအချို့၏ထောက် ခံမှုရှိနေခြင်းမှာလည်း ငြင်းမရပေ။ AA အပေါ်ဒေသခံ တိုင်းရင်းသားအ ချို့ ဘာကြောင့်ထောက်ခံလာသည်ကို မျက်ကွယ်ပြုပြီး မဆန်းစစ်ပါက လည်း ပဋိပက္ခအဖြေရှာရေးခက်ခဲနိုင်ပါသည်။ ထို့အပြင် ပို၍စိုးရိမ်စရာ ကောင်းသည်မှာ တိုက်ပွဲများကြောင့် ကြားမှအရပ်သားများ သေဆုံး၊ ဒဏ်ရာရသူအရေအတွက် တိုးလာနေခြင်းဖြစ်သည်။ စစ်ဘေးဒုက္ခသည် များအရေးကူညီပေးနေသောအဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်တိုင်းရင်း နွယ်များအစည်းအရုံး(REC)ပြုစုထားသောအချက်အလက်များအရ ယနေ့အထိ အရပ်သား ၆၀ ခန့်သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိ နေပြီဖြစ်သည်။ ထိုကဲ့သို့ စစ်ပွဲများကြောင့် သေဆုံး၊ဒဏ်ရာရပြီး မိသားစုဘ၀ပျက် ခဲ့ရသောစစ်ဘေးဒုက္ခသည်များ၏အသံကို အစိုးရ၊ တပ်မတော်နှင့် AA တို့က နားထောင်ရန်နှင့် စစ်ဘေးဒုက္ခသည်များ၏မျက်နှာကြည့်ရန်လိုပါသည်။ စစ်ပွဲကြောင့် ဘ၀ပျက်ခဲ့ရသူများမှာ စစ်ပွဲများနှင့် ၎င်းတို့၏ မိသားစုဝင်များ ထိခိုက်အောင်လုပ်သောအဖွဲ့၊ အဖွဲ့အစည်းအပေါ် နာ ကျည်းစိတ်၊ မုန်းတီးစိတ်များ ပြင်းထန်စွာဖြစ်ပွားလာစေနိုင်ပါသည်။ နာ ကြည်းမုန်းတီးစိတ်များက ပဋိပက္ခကို ပိုမိုနက်ရှိုင်း ရှုပ်ထွေးစေနိုင်ပါသည်။ ထို့ကြောင့် အားလုံးအရှုံးပေါ်သောစစ်ပွဲများရပ်တန့်၍ အားလုံးအနိုင်ရ သော အဖြေထုတ်ရန် သေနတ်ဖြင့်အဖြေရှာခြင်းအစား သတ္တိရှိရှိဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာသောနည်းလမ်း ပြောင်းလဲအသုံးပြုကြရန် အစိုးရ၊ တပ်မတော်နှင့် AA အဖွဲ့တို့ကို တိုက်တွန်းလိုက်ရပါသည်။

No comments:

Post a Comment