Monday, June 24, 2019

လွိုင်လင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: 2 people, carမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် “ရှမ်းရိုးမ-၂’’ စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ လွိုင်လင်မြို့နယ်တွင် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက်နေ့ ၀၈၀၀ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်လင်မြို့အထွက်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်- တောင်ကြီး သွားကားလမ်းတွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ကလောမြို့၊ (၁)ရပ် ကွက်နေ စိုင်းထွန်းနိုင် ၄၅ နှစ် စီးနင်းမောင်းနှင်လာ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဂတ်စ်အိုးခွံအတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၅၀၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၅၀၀ သိန်း)၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေ ၃၃ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးခဲ့ပါသည်။

ယင်းသို့ဖော်ထုတ်စစ်ဆေးခဲ့ရာ ကွင်းဆက်ပေါ်ပေါက်ချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင် ခိုင်းသူ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ရာကျေးရွာနေ လုံးမဟာ(ခ)စိုင်းမင်းဟန်ဦး ၆၆ နှစ်အား ၎င်းငှားရမ်းနေထိုင်သည့် နမ့်စန်မြို့၊ ဝမ်ပုံကျေးရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာရှိ နေအိမ်တွင် မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့် အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်စပ်လျဉ်း၍ လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment