Monday, June 24, 2019

ဟွာဝေးဖုန်းများတွင် ဂူးဂဲလ်နှင့် ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုများ မရပါက ဖုန်းဆိုင်အချို့ငွေပြန်အမ်း

 မြန်မာနိုင်ငံ၌ ရောင်းချနေသော Huawei စမတ်ဖုန်းများတွင် Google , Facebook နှင့် Instagram စသည့် App များ အသုံးပြု၍ မရပါက ဖုန်းတန်ဖိုး ၁၀၀ရာခိုင်နှုန်းအထိ ငွေပြန်အမ်းမည့် အစီအစဉ်ကို ပြည်တွင်းရှိဖုန်းဆိုင်အချို့၌ စတင်ပြုလုပ်နေ သည်။ လက်ရှိတွင် Unique , OscarMobile နှင့် အေ၀မ်းမိုဘိုင်းဆိုင် များတွင် အဆိုပါ အစီအစဉ် ဆောင်ရွက်နေသည်။



Huawei မြန်မာ၏ ထုတ်ကုန်ဆိုင်ရာဌာန PR မန်နေဂျာ မသိမ့်သိမ့်ဝင်းက ‘‘အဲဒါက အရောင်းကိုယ်စားလှယ်တွေ ဘက် ကနေ အဓိက လုပ်တာပါ ။ ဒီနေ့ ထိ တွေ့ရသလောက်က Unique က တင်သွားပြီ ။ အဲဒါက  ဖိလစ်ပိုင်ကနေလုပ်လိုက်တဲ့ အစီအစဉ်တစ်ခုကို ဒီကအရောင်းကိုယ်စားလှယ်တွေက သူတို့လည်း လုပ်ချင်တယ် ပြောတဲ့အတွက် Huaweiဘက်ကနေတော့ လက်တွဲဖော် အရောင်းဆိုင်တွေ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးတာပါ’’ဟု ပြောသည်။

အမေရိကန် အစိုးရ၏ ကုန်သွယ်ရေးပိတ်ပင်မှုခံရပြီး နောက်ပိုင်း အသစ်ထွက်လာမည့် Huawei ဖုန်းများတွင် Google ၏ ၀န်ဆောင်မှုများ အသုံးပြုခွင့် ရမည် မဟုတ်ကြောင်း သတင်း များ ထွက်ပေါ်လာသည့်အပြင် Facebook App ကို  Pre  Installသွင်းမှု ရပ်တန့်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာသဖြင့် ၁၀၀ ရာခိုင်နှုန်း ငွေပြန်အမ်းမည့်အစီအစဉ်ကို ဖိလစ်ပိုင်နိုင်ငံ၌ စတင်ခဲ့သည်။

မြန်မာနိုင်ငံရှိ ဖုန်းအရောင်းဆိုင် အချို့တွင်လည်း Google ၏ ၀န်ဆောင်မှုများဖြစ်သော Google Play, Gmail, Google Maps, Google Gallery, Chrome, YouTubeနှင့် Facebook ၏ ၀န်ဆောင်မှုများ ဖြစ်သော Facebook, Instagram နှင့် WhatsApp စသည့် App များအသုံးပြု၍ မရပါက ဝယ်ယူထားသည့် ဖုန်းတန်ဖိုးအတိုင်း ၁၀၀ရာခိုင်နှုန်း ပြန်လည်ပေးအပ်မည့် အစီအစဉ်ကို ဇွန်လ ၂၂ရက်က စတင်ပြုလုပ်ခြင်း ဖြစ်သည်။

‘‘ဘယ်ဆိုင်တွေ လုပ်မယ်ဆို တဲ့ စာရင်း အတိအကျတော့ မရှိသေးဘူးပေါ့ ။ ဒါပေမဲ့ တခြားဆိုင်တွေလည်းလုပ်မယ်လို့ ကြားထားတယ်’’  ဟု မသိမ့်သိမ့်ဝင်းက ပြောသည်။ ၁၀၀ ရာခိုင်နှုန်း ငွေပြန်အမ်းပေးမည့် အစီအစဉ်တွင် ပါဝင်နိုင်ရန် ထုတ်ကုန်သည် Huawei ၏ မြန်မာနိုင်ငံ အာမခံဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ဖုန်းနှင့်အတူ တွဲဖက်ပါဝင်လာသော ဘူးခွံ၊ ကိရိယာများ (အညွှန်းစာအုပ်၊ အာမခံကတ်ပြား၊ ဗောက်ချာ) အစရှိသည်တို့ကိုပါ တစ်ပါတည်း ယူဆောင်လာရန် လိုအပ်ကြောင်းဖုန်းဆိုင်များက ကြေညာထား သည်။

No comments:

Post a Comment