Monday, June 24, 2019

မန္တလေးခရိုင် အခြေခံပညာ ၂၅ ကျောင်းတွင် မူးယစ်ဆေးသုံးစွဲမှု ပညာပေး

64935988_2369804236609955_1039051987330531328_oမန္တလေးတိုင်း မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်း ၂၅ ကျောင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး ပညာပေးလှုပ်ရှားမှုကို ဇွန် ၂၄ ရက်က စတင် ပြုလုပ်နေပါတယ်။ မန္တလေးတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ မြန်မာနိုင်ငံ မျိုးဆက်သစ်လူငယ်များအဖွဲ့ (AMN Generations) က ဦးဆောင် ပြုလုပ်တာဖြစ်ပြီး ဒီလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကိုတော့ မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ  ဒီမနက်က ပြုလုပ်ခဲ့ပါတယ်။



ဖွင့်ပွဲအခမ်းအနားမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ”နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို လျှော့ချနိုင်ဖို့ အစိုးရအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်တွေမှာလည်း ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြဖိုကိုလည်း တိုက်တွန်းပြောကြားလိုပါတယ် ” လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုကို မူးယစ်ဆေးသုံးစွဲခြင်း၏ အန္တရာယ်တွေကို အခြေခံပညာကျောင်းတွေမှ ကလေးလူငယ်တွေ သိရှိပြီး မိမိကိုယ်ကို ကာကွယ်နိုင်စေဖို့၊ မူးယစ်ဆေးအကြောင်း လူကြီးမိဘတွေ သိရှိပြီး ကလေးလူငယ်တွေကို မူးယစ်ဆေးသုံးစွဲခြင်းမှ ကာကွယ်ပေးနိုင်ဖို့၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေအနေနဲ့လည်း လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ခြင်း ဖြင့် အများနှင့်အတူ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာပါ။

မြန်မာနိုင်ငံ မျိုးဆက်သစ်လူငယ်များအဖွဲ့ (AMN Generations)က အဖွဲ့ ၅ ဖွဲ့ခွဲပြီး အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည် စတဲ့ မြို့နယ်တွေက အခြေခံပညာကျောင်း ၂၅ ကျောင်းမှာ သွားရောက်ပညာပေးလုပ်မယ်လို့ သိရပါတယ်။

ဒီလှုပ်ရှားမှုကို ကို ဇွန် ၂၄ ရက် မှ ဇွန် ၂၈ ရက်ထိ ပြုလုပ်မှာဖြစ်ပြီး တရက်ကို ကျောင်း ၅ ကျောင်း သွားရောက်ပြုလုပ်မယ်လို့ သိရပါတယ်။

No comments:

Post a Comment