Monday, June 24, 2019

ဝမ်းတွင်းတည်းခိုခန်းတခုတွင် ဆရာဝန်တဦး သေဆုံး၊ ရဲက စစ်ဆေးနေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ဇွန် ၂၃ ရက် မနက်က တည်းခိုခန်းတခုမှာ ဆရာဝန်တဦး လက်နဲ့ နှုတ်ခမ်းတွေ ပြာနှမ်းပြီး အိပ်ရာထဲ သေဆုံးနေတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်သိန်းဇော်သန်းက “Open Society Myanmar ကုမ္ပဏီမှာ လုပ်နေတဲ့ ဆရာဝန်တဦးပါ။ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဝမ်းတွင်းဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို လူမှုကူညီရေးအသင်းကားနဲ့ ပြောင်းပေးရတယ်၊ သေမှုသေခင်း အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။



သေဆုံးသူ ဒေါက်တာဝင်းသိန်း (၃၄ နှစ်) နဲ့ မျိုးမင်းထက်တို့ ၂ ဦးဟာ ဝမ်းတွင်းမြို့ တောင်ဘက်အထွက်က တည်းခိုခန်းတခုမှာ ဇွန်လ ၂၂ ရက်နေ့ညက တည်းခိုခဲ့တာဖြစ်ပြီး ဇွန်လ ၂၃ ရက်မနက် ၈ နာရီလောက်မှာ မျိုးမင်းထက်က ဒေါက်တာဝင်းသိန်းကို အိပ်ရာမှနှိုးရာမှာ နှိုးမရတော့တာကြောင့် ဧည်ကြိုကောင်တာ သွားပြောပြီး ဝမ်းတွင်းဆေးရုံကို ပို့ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ ကိုစိုးနိုင်က “နှုတ်ခမ်းနဲ့ လက်ဖဝါး၊ လက်သည်းတွေ ပြာနှမ်းနေတယ်။ တခြားဒဏ်ရာတော့ မတွေ့ပါဘူး။ ဘာကြောင့်သေတယ် ဆိုတာတော့ ခွဲစိတ်စစ်ဆေးခြင်းက သိရမှာပါ” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ဒေါက်တာဝင်းသိန်း ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် သိရှိဖို့ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၉ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။

No comments:

Post a Comment