Wednesday, July 10, 2019

ပြည်တွင်း၌ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့AA ခေါင်းဆောင်များတက်ရောက်ပါက လုံခြုံရေးကို အာမခံသည်ဟု အစိုးရပြောကြား

အစိုးရအာဏာစက်သက်ရောက်သော ပြည်တွင်း၌ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ AA ခေါင်းဆောင်များတက်ရောက်ပါက ၎င်းတို့၏ လုံခြုံရေးကို အာမခံသည်ဟု အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ယနေ့ (ဇူလိုင် ၉ရက်) ရန်ကုန်မြို့ရှိ NRPC ရုံး၌ပြုလုပ်ခဲ့သည့်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KNUကိုယ်စားလှယ်အဖွဲ့တို့၏ အလွတ်သဘောဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။



လက်ရှိအချိန်တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် AAခေါင်းဆောင်များအားအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားသောကြောင့် ပြည်တွင်း၌ ပြုလုပ်မည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ၎င်းတို့၏ ခေါင်းဆောင်များ တက်ရောက်ပါက လုံခြုံရေးအရ အာမခံချက်ရှိပါ့မလားဟု AA ဘက်မှ သံသယရှိနေသည်။

AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက " သူတို့ဘက်က အဲလိုမျိုးလုပ်ထားလို့ရှိရင်တော့ ကျွန်တော်တို့ ဘက်က သူတို့ရဲ့ တရားဥပဒေသက်ရောက်တဲ့နေရာမှာတော့ ကျွန်တော်တို့က သွားလို့ မရဘူး" ဟု ဆိုသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကမူ ပြည်တွင်း၌ပြုလုပ် မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ AA ခေါင်းဆောင်များတက်ရောက်ပါက လုံခြုံရေးအရ တာဝန်ယူကြောင်းနှင့်လှည့်ကွက်မဖြစ်စေရဟု အာမခံသည်။

" ကျွန်တော်တို့ကတော့ သူတို့ဆွေးနွေးပွဲတွေ လာတဲ့အခါမှာ တာဝန်ခံတယ်။ ဘာမှမဖြစ်စေရဘူး။ ဆွေးနွေးပွဲလာတဲ့အခါမှာ။ လာရင်တော့ ကျွန်တော်တို့ဆွေးနွေးမှာပါ။ အဲဒီအပေါ်မှာလည်း လုံခြုံရေးအရကျွန်တော်တို့တာဝန်ယူတယ်။ လှည့်ကွက်မဖြစ်စေရဘူးဆိုတာ ကျွန်တော်ပြောထားပြီးသားပါ" ဟု ဆိုသည်။

AA ခေါင်းဆောင်များအား တရားစွဲဆိုထားခြင်းနှင်ပတ်သက်ပြီး အဆိုပါကိစ္စမှာ ဥပဒေကြောင်းအရဖြေရှင်းရမည့်ကိစ္စဖြစ် ကြောင်းကိုလည်း ဦးဇော်ဌေးက ပြောကြားသည်။

" ဒါက ဥပဒေကြောင်းအရ သူဘာသူ သွားလိမ့်မယ်။ အဲဒီဖွင့်ထားတဲ့စွဲထားတဲ့အဖွဲနဲ့ တရားဥပဒေအရ အဲဒါပဲ သူတို့ က ဖြေရှင်းဖို့ပဲ ရှိတယ်" ဟု ၎င်းကပြောဆိုသည်။

အစိုးရနှင့် AA အပါအဝင် မြောက်ပိုင်း၎ ဖွဲ့တို့သည် Bilateral စာချုပ်တွင်လက်မှတ်ရေးထိုးနိုင်ရန် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်နေသော်လည်း ရခိုင်ပြည်နယ်တွင်မူ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်။

No comments:

Post a Comment