Wednesday, July 10, 2019

တာချီလိတ်မြို့ရှိ ရွှေဆိုင်ကို သေနတ်ဖြင့်အနုကြမ်းဝင်စီးသွားသူ ၂ ဦးကိုဖမ်းဆီးရမိရေး စုံစမ်းနေဆဲဟုဆို

တာချီလိတ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို သေနတ်ဖြင့်အနုကြမ်းဝင်စီး၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသူ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့မှစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ဝမ်းကောင်းဈေးရှေ့၊ စစ်မှုထမ်းဟောင်းရုံးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ရှင်းမန်ရှင်းဒါ(၂) ရွှေဆိုင်ကို ဇူလိုင်လ ၈ ရက်၊ နံနက် ၈ နာရီခန့်က အမည်မသိအမျိုးသား ၂ ဦးက သေနတ်ကိုင်ဆောင်၍ အနုကြမ်းဝင်စီးသွားခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။



“လက်ရှိအချိန်ထိတော့ တရားခံကိုလိုက်လံစုံစမ်းနေစမ်းပဲရှိပါသေးတယ်။ သူတို့ကို ပုဒ်မ-၃၉၂ နဲ့ အမှုဖွင့်ထားပါတယ်။ ယူဆောင်သွားတဲ့ရွှေထည်ပစ္စည်းတွေရဲ့တန်ဖိုးက သိန်း ၄၀၀ ကျော်လောက်ရှိပါတယ်” ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါအမျိုးသား ၂ ဦးသည် ဆိုင်ဖွင့်ရန်ပြင်ဆင်နေချိန်၌ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်၍ ရွှေဘယက် ၂ ကုံးနှင့် Iphone 7 တစ်လုံး စုစုပေါင်းခန့်မှန်း ငွေကျပ်သိန်း ၄၀၀ ကျော် ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၄င်းတို့ ၂ ဦးကို တာချီလိတ်မြို့မရဲစခန်း၌ (ပ)၃၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် ယခု ၂၀၁၉ ခုနှစ်၊ ၅ လတာအတွင်း အနုကြမ်းဝင်စီးခံရသည့်ရွှေဆိုင်များမှာ ရှင်းမန်ရှင်းဒါ(၂)ရွှေဆိုင်နှင့် နန်းနန်းဘွန်းကျောက်ရွှေဆိုင် ၂ ဆိုင်တို့ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment