Wednesday, July 10, 2019

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အနီးသို့ရောက်ရှိပြီး ဘီလင်းမြို့တွင် ရေဘေးရှောင်စခန်းတချို့ ဖွင့်လှစ်ထားဟု သိရ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို နယ်ရှိ ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်အနီးသို့ ရောက်ရှိပြီး ရေဘေးရှောင်စခန်းအချို့ ဖွင့်လှစ်ထားကြောင်း ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံး၏ ထုတ်ပြန်မှုအရ သိရသည်။ ဇူလိုင် ၉ ရက် နံနက် ၁၂ နာရီခွဲတိုင်းထွာချက်အရ ဘီးလင်းမြစ်ရေအခြေအနေမှာ ၉၇၇ စင်တီမီတာသို့ရောက်ရှိနေပြီး ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၀၂၂ စင်တီမီတာဖြစ်ကြောင်း၊ ဇူလိုင် ၉ ရက် နံနက်ပိုင်းက ရွာသွန်းသော မိုးရေချိန်မှာ  ၃ ဒသမ ၃၆လက် မဖြစ်သည့်အတွက် ဘီးလင်းမြို့ပေါ်တွင် ရေဘေးရှောင်စခန်းလေးခုဖွင့်လှစ်ကာ မြစ်ကမ်းအနီး အနိမ့်ပိုင်းတွင်နေထိုင်ကြသော မိသားစုများအား ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်ကြောင်း၊
ထို့ပြင် ဘီးလင်းမြစ်ဘေးရှိ ခဲမောက်ကျေးရွာ (မူလွန် ကျောင်း)၊  ဒုံသမိမြစ်ဘေးရှိ ကြိုးဝိုင်းကျေးရွာ နှင့် ကမ်းနားကျေးရွာများရှိ မူလတန်းကျောင်းများ ယနေ့(ဇူလိုင် ၉ ရက်)မှ စတင်ကာ ပိတ်ထားကြောင်း ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး ၏ ထုတ်ပြန်ချက်အရ သိရသည်။ “အခုလက်ရှိအခြေအနေက ရေထပ်တိုးနေတယ်။ ဇူလိုင် ၈ ရက်ကတော့ မြို့နယ်မှာရှိသမျှ အဖွဲ့အစည်းတွေအားလုံး အစည်းအဝေးလုပ်ပြီးတော့ သဘာဝဘေးနဲ့ပတ်သက်တဲ့ စီမံချက်တွေရေးကြတယ်။ အခုဆိုရင် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဖွဲ့တွေ ဖွဲ့ထားပြီးပါပြီ။ ကယ်ဆယ်ရေးအတွက်ကို တစ်ဖွဲ့ကို လှေသုံးစင်းနှုန်းနဲ့ သုံးဖွဲ့ဖွဲ့စည်းထား ပြီးပါပြီ။ အဲဒီအပြင်ကို ရေသန့်တို့ ၊ ခေါက်ဆွဲခြောက်တို့စတဲ့ ရိက္ခာတွေကိုလည်း တတ်နိုင်သလောက် ပြင်ဆင်ထားပြီးပါပြီ” ဟု ဘီးလင်းမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုဆန်းနိုင်က ပြောကြားသည်။ 

ဘီးလင်းမြစ်အထက်ပိုင်းရှိ နတ်ကြီး ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ခုနစ်ရက်စာ စားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်ပေးထားကြောင်း၊  လက်ရှိအချိန်အထိ ဘီးလင်းမြို့ပေါ်၌ ဓမ္မဝိဟာရဘုန်းကြီးကျောင်း၊ မြို့နယ်တစညပါတီရုံး၊ မြို့ဦးဘုန်းတော်ကြီးကျောင်း နှင့် အောင်သိဒ္ဓိဘုန်းကြီးကျောင်းများတွင် ရေဘေးရှောင်စခန်းလေးခု ဖွင့်လှစ်ထားပေးပြီးဖြစ်ကြောင်း ဘီးလင်းမြို့ခံတစ်ဦးဖြစ်သူ ကိုပြည့်စုံအောင်က ပြောကြားသည်။

“လက်ရှိအခြေအနေအရတော့ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် ရေကျော်ခြင်း မရှိသေးဘူး။ ကားတွေ အဆင်ပြေစွာသွားလာ နိုင်ပါတယ်။ အခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်နေပါတယ်” ဟု ဘီးလင်းမြို့ခံတစ် ဦးဖြစ်သူ ကိုပြည့်စုံအောင်က ဆက်လက်ပြောကြားသည်။

ဇူလိုင် ၉ ရက်မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ တိုင်းထွာချက်များအရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် နှစ်ပေခန့်တွင်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက် (၂၄) နာရီအတွင်း ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment