Wednesday, July 10, 2019

တရားခွင်အတွင်း ဗစ်တိုးရီးယား စိတ်သက်သာစေမည့်ပတ်ဝန်းကျင် ဖန်တီးပေးမည်ဟု ဒုခရိုင်တရားသူကြီးဆို

 စိုးရိမ်ကြောင့်ကြမှု မရှိဘဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်မည့် တရားခွင်ဖြစ်စေရေး ဗစ်တိုးရီးယား အတွက် စီမံပေးမည်ဟု နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးက ပြောသည်။ ‘‘ကလေးကိုလည်းပဲ ဒီအနှောင်အဖွဲ့ပေါ့။ သူစွပ်စွဲထားတဲ့ သူတွေကို လွတ်လွတ်လပ်လပ် ဘယ်သူကိုမှ စိုးရိမ်ကြောင့်ကြမှု မရှိဘဲနဲ့ ကလေးလွတ်လွတ် လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ရ အောင် ပတ်ဝန်းကျင်တစ်ခု ဖန်းတီးပြီးတော့ ကျွန်တော်တို့ စစ်ဆေးစီရင်သွားမယ့် တရားစီရင်ရေးတစ်ခုအကောင်အထည် ဖော်ပေးမှာပါ’’ဟု မီဒီယာအချို့နှင့် ယမန်နေ့တွင် တွေ့ဆုံစဉ် ၎င်းကပြောကြားပြီး အထက်လူကြီးများ ထံ တင်ပြစီမံနေကြောင်း ဆက်လက်အသိပေးသည်။



နေပြည်တော် Wisdom Hill မူကြိုတွင် တက်ရောက်နေပြီး မဖွယ်မရာ ပြုကျင့်ခံရသည့် သုံးနှစ်ခန့်အရွယ် ဗစ်တိုးရီးယားကို ရဲတပ်ဖွဲ့က တရားလိုပြသက်သေ စာရင်း၌ ထည့်သွင်းထားသဖြင့် တရားရုံးသို့ လာရောက်ရန် ရှိနေ ခြင်း ဖြစ်သည်။

‘‘ကလေးကိုစစ်ဆေးရင် ကျွန်တော်တို့ မည်သည့် နည်းလမ်းနဲ့ ဆောင်ရွက်ပေးမလဲဆိုတာ နိုင်ငံတကာ ကျင့်စဉ်တွေနဲ့အညီ ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးညိုဌေးက ပြောသော်လည်း တရားခွင်၌ ဗစ်တိုးရီးယား ထွက်ဆိုရမည့် နေ့ရက်ကိုမူ အတည်မပြုနိုင်သေးပေ။

ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်ကမူ ကလေးသူငယ် အခွင့်အရေးအရ အများပြည်သူရှေ့တွင် ကလေးကို စစ်ဆေးခွင့်မရှိဘဲ စစ်ဆေးမည်ဆိုပါက ကလေးငယ်ကို လုံးဝမထိခိုက်ဘဲ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ရန် မိဘများနှင့်အတူ သီးသန့်အခန်း ဖြင့်သာ စစ်ဆေးပေးရမည်ဟု ဆိုသည်။

သမီးငယ်နှင့် စွပ်စွဲခံရသူကိုမျက်နှာချင်းဆိုင် ပေးတွေ့စစ်ဆေးရန်ကိုမူ ကလေးမိဘ၊ တရားရေးအဖွဲ့အစည်းများက ချင့်ချိန်ဆုံးဖြတ် စီမံသင့်ပြီး ဓာတ်ပုံ၊ ဗီဒီယိုပြ၍ စစ်ဆေးခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ၎င်းကအကြံပြုသည်။

‘‘သမီးလေးကို မထိခိုက်အောင်ဆိုတဲ့ ရှုထောင့်ကပဲ အားလုံးကို လုပ်စေချင်ပါတယ်၊၊ ဘာကြောင့်လို့လဲဆိုတော့ ငယ်ရွယ်လွန်းတဲ့ အရွယ်ဖြစ်တယ်၊၊ ရှေ့ဆက်ရမှာတွေလည်း အများကြီးရှိ တယ်၊၊ အမှုမှန်ကိုလည်း ပေါ်စေချင်ပါတယ်။ အားလုံးသည် ကလေးတစ်ယောက်ကို ဦးတည်ပြီးတော့ သူကြုံတွေ့ရမယ့် စိတ်ဒဏ်ရာ၊ အခက်ခဲ အားလုံးအပေါ်မှာ မူတည်ပြီးတော့ ရရှိရမယ့် အခွင့်အရေး၊ ရင်ဆိုင်ရမယ့် အခြေအနေတွေ အပေါ်မှာပဲ မူတည်ပြီးတော့မှ အားလုံးကို လူကြီးတွေက စဉ်းစားဆုံးဖြတ်ပြီး ဆောင်ရွက်သင်ပါတယ်’’ဟု ဒေါက်တာ ခင်စိုးစိုးကြည်က ပြောသည်၊၊ မေလ ၁၆ ရက်တွင် ပေါ်ပေါက်ခဲ့သည့်အဆိုပါ အမှုနှင့်ပတ်သက်၍ Wisdom Hill ကျောင်းအုပ်ချုပ်ရေးမှူး၏ ကိုယ်ပိုင်ယာဉ် မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားကာ ဇူလိုင် ၁၅ ရက်တွင် စတင်စစ်ဆေးမည် ဖြစ်သည်။

No comments:

Post a Comment