Wednesday, July 10, 2019

တိုင်းအစိုးရအဖွဲ့၏ စာရွက်ပေါ်နှင့် လက်တွေ့လုပ်ဆောင်မှုများကွဲလွဲနေဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဝေဖန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောင်ရွက်နေသည့်လုပ်ငန်းများသည် စာရွက်ပေါ်နှင့် လက်တွေ့ဘ၀တွင် လုပ်ဆောင်မှုများမှာ ကွဲလွဲနေကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျက ဝေဖန်လိုက်သည်။ ဇူလိုင်လ ၉ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးပို့သော ထန်းတပင်မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



“ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းများတင်ပြခဲ့တဲ့နေရာမှာ စာရွက်ပေါ်နဲ့ တကယ့်လက်တွေ့ဘဝ ကွာဟနေပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၁၉ ရန်ကုန်တိုင်းဒေသကြီး investment forum မှဒီလုပ်ငန်းကြီး ဟာ golden Myanmar cooperation investment ကုမ္ပဏီနဲ့ လုပ်ပြီးသား။ ၉ နှစ်အတွင်းဆောက်မယ်။ အမေရိကန်ဒေါ်လာသန်း ၅၀၀ သုံးမယ်။ ဒါတွေဟာ တရားဝင်မတင်ပြသေးပါဘူး။ စာရွက်ပေါ်နဲ့ အပြင်မှာ လုပ်တဲ့ဟာက လွဲနေတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် မင်္ဂလာဆောင်တဲ့အမျိုးသမီး သူ့ဟာနဲ့သူ ယောကျာင်္းယူပြီး ကိုယ်ဝန်ရှိကာမှ အမေရယ် ကျွန်မမင်္ဂလာဆောင်ချင်တယ်လို့ပြောတဲ့အနေအထား ဖြစ်နေပါတယ်။ ဒါလေးတွေက ဆင်ခြင်သင့်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နှင့် လှည်းကူးမြို့နယ်တို့တွင် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ထန်းတပင်မြို့နယ်တွင် ဆောင်ရွက်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် လမုတောကျေးရွာအုပ်အတွင်း ရေကျော်ကျေးရွာအုပ်စု၊ အပြင်ရေကျော်ကျေးရွာအုပ်စုတို့မှ လယ်မြေစုစုပေါင်း ၂၂၂၀.၈၂ ဧကနှင့် လှည်းကူးမြို့နယ်ရှိ ဝဲကြီးကျေးရွာ၊တံခွန်တိုင်(လှည်းကူး)၊ အုန်းနဲကုန်ကျေးရွာ၊ ညောင်တခြမ်းနှင့် ကျွန်းကုန်း ကျေးရွာတို့မှ စုစုပေါင်းလယ်မြေနှင့် မြေလွတ်မြေရိုင်း ၁၃၄၆.၅၇ ဧကတို့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment