Wednesday, July 10, 2019

ဗစ်တိုးရီးယားအမှုအတွက်လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ နီးပါးရရှိထား

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်ခံရသူ ၃ နှစ်အရွယ် မိန်းကလေးငယ်အတွက် ပြည်သူများ၏လှူဒါန်းထားရှိမှုမှာ ကျပ်သိန်း ၂၀၀ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကလေးငယ်အမှုအထောက်အကူဖြစ်စေရေးအပါအဝင် ကလေးနှင့်ပတ်သက်သည့် အခြားကိစ္စရပ်များ အတွက် ရည်ရွယ်ဖွင့်လှစ်ထားသော ဧရာဝတီဘဏ်ငွေစာရင်းသို့ ပြည်သူလူထုများမှ လှူဒါန်းလာမှုသည် ဇူလိုင် လ ၈ ရက်၊ ညနေ ၄ နာရီ ၂၆ မိနစ်ခန့်အထိ ငွေကျပ် ၁၆၅၈၀၈၈၀(တစ်ရာခြောက်ဆယ့်ငါးသိန်း ရှစ်သောင်းရှစ်ရာ ရှစ်ဆယ်ကျပ်) ဖြစ်ကြောင်း Victoria’s Finance Team ၏ ထုတ်ပြန်ချက်အရ သိရသည်။



ယင်းအလှူငွေများကို ဗစ်တိုးရီးယား၏မိဘများ ငွေကြေးဆိုင်ရာအခက်အခဲမဖြစ်စေရေး၊ အမှုရင်ဆိုင်ရာတွင် အထောက်အကူဖြစ်ရေးနှင့် ကလေးငယ်ရေရှည်ဖွံ့ဖြိုးရေးတို့တွက် ရည်ရွယ်ထားကြောင်း သိရသည်။
ကလေးငယ်အတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် WIN KO KO YHEIN အမည်ဖြင့် ဖွင့်လှစ်ထားသော ဧရာဝတီဘဏ်ငွေစာရင်းအမှတ် 0001201010128890 သို့ လှူဒါန်းနိုင်ကြောင်း Victoria’s Finance Team ထုတ်ပြန်ထားသည်။

နေပြည်တော်သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး ယာဉ်မောင်း အောင်ကျော်မိုး(ခ)အောင်ကြီးကို ပုဒ်မ- ၃၇၆ ဖြင့် တရားစွဲဆိုထားပြီး ဇူလိုင်လ ၁၅ ရက်တွင် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယင်းအမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှုဖြစ်စေရေးအတွက် တိုင်းနှင့်ပြည်နယ် အများစုတွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေသည်။

No comments:

Post a Comment