Wednesday, July 10, 2019

တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ရောင်းဝယ်မှုကို တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ ထားဆီးနိုင်ခြင်းမရှိ

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့်နေပြည်တော်ကောင်စီနယ်မြေမြို့နယ်များတွင် တရားဝင် မော်တော်ယာဉ်များကို တန်ဖိုးကြီးဝယ်ယူ သုံးစွဲလျှက်ရှိသော်လည်း အခြားတိုင်းဒေသကြီး ပြည်နယ်များတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို တရားဝင် နည်းတူ သုံးစွဲလျှက်ရှိကြသည်။ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၏ ခန့်မှန်းတန်ဖိုးသည် ယာဉ်အမျိုးအစားအလိုက် မြဝတီ ဈေးကွက်၌ မြန်မာငွေ(၁၈)သိန်းမှ သိန်းရာကျော်ထိ ဝယ်ယူနိုင်သည်။ မြဝတီ လိုင်စင်မဲ့ ဈေးကွက်ကို နယ်ခြားစောင့်တပ်မှ ထိန်းချုပ်ထားပြီး သက်ဆိုင်ရာ ပြည်နယ်ရဲတပ်ဖွဲ့ကလည်း တရားမဝင် ခွင့်ပြုထားသည်။



“လိုင်စင်မဲ့ကားတစ်စီးကို နယ်ခြားစောင့်တပ်လက်အောက်ခံအဖွဲ့တွေက ထိန်းချုပ်ထားတာ။ ထိုင်းပိုင်နက် (၁၃)ဂိတ်မှာ အရောင်းအဝယ်လုပ်တယ်။ မြန်မာ မြဝတီကို ကူးတယ်ဆိုရင် နယ်ခြားစောင့်အဖွဲ့တွေကို သတ်မှတ် ငွေကြေးအလိုက်ပေးရတယ်။ အရောင်းအဝယ်က အေးဆေးပါပဲ။ မြန်မာတစ်နိုင်ငံလုံးကို မြဝတီမြို့ကပဲ အများဆုံး ဖြန့်နေတာ”ဟု မြဝတီမြို့ ကားအရောင်းအဝယ်လုပ်ငန်းရှင် တစ်ဦးက လူထုမီဒီယာကို ပြောသည်။

တရားဝင် မော်တော်ယာဉ်တစ်စီး၏ ခန့်မှန်းတန်ဖိုးသည် အနိမ့်ဆုံး သိန်းတစ်ရာအထက်မှ ထောင်ချီ တန်ဖိုးရှိသော်လည်း လိုင်စင်မဲ့ယာဉ်၏ တန်ဖိုးသည် ဆယ်ဂဏန်းမှာ တစ်ရာကျော် ခန့်သာရှိသည်။

“အစိုးရက ကားတစ်စီးလိုင်စင်အတွက် အထပ်ထပ်ကောက်နေတော့ နယ်ကလူတွေက မဝယ်နိုင်ဘူး။ လူလတ်တန်းစား သုံးနိုင်တဲ့ ကားတွေကို သိန်းတစ်ရာပတ်လည်ဆို သုံးနိုင် တယ်။ ဒီအစိုးရလက်ထက်မှ သိန်းနှစ်ရာနားကပ်နေမှ သုံးလို့ရတာ။ အဲ့ဒီတော့ လိုင်စင်မဲ့ပဲ သုံးတော့တယ်”ဟု ဘာအံ့မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မြဝတီမြို့မှ လိုင်စင်မဲ့ယာဉ်များကို သယ်ဆောင်ရာလမ်းကြောင်းများ၌ သက်ဆိုင်ရာ ဂိတ်များကို လိုင်းကြေးပေးဆောင်ရလျှက်ရှိပြီး တိုင်းဒေသကြီး ပြည်နယ်များသို့ ပို့ဆောင်လျှက်ရှိကြောင်း ကယ်ရီသမားတစ်ဦးက ပြောသည်။

“ဂိတ်တွေက ပေးရတာပေါ့။ ပေးရင်တော့ မဖမ်းဘူး။ လမ်းကြောင်းရှိတာတွေ မြဝတီမှာ တိုက်ပွဲဖြစ်တာတွေရှိရင် စစ်တယ်။ ဒီလောက်ပါပဲ။ အခွန်နှုန်းကြီးနေရင် လူတွေက လိုင်စင်မဲ့ သုံးနေမှာပဲ”ဟု ကယ်ရီသမားက ဆိုသည်။

ထိုကဲ့သို့ လိုင်စင်မဲ့ယာဉ်များ တိုင်းဒေသကြီး ပြည်နယ်များ၌ အသုံးပြုနေမှုကို မြဝတီမြို့က ရဲဝန်ထမ်းတစ်ဦးက “အစိုးရရဲ့ အခွန်က တော်တော်များတယ်။ အစိုးရက ရန်ကုန်မှာ ကားတွေ များနေတာကို ကြည့်ပြီး ပြည်သူတွေ ကားအသုံးပြုနိုင်မှုကို ဆုံးဖြတ်တာ။ အစိုးရရဲ့ ဆုံးဖြတ် ချက်က ရန်ကုန်၊ မန္တလေးအတွက်တော့ မှန်နိုင်တယ်။ ဒါပေမဲ့ အခြားဒေသတွေအအတွက်က အမှန်တရားမဟုက်ဘူး”ဟုဆိုသည်။

No comments:

Post a Comment