Wednesday, July 10, 2019

ကျိုင်းတုံတွင် ဒုတိယတန်းကျောင်းသူကို အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ ယန်းကုန်းရပ်တွင် ဇူလိုင်လ ၅ ရက်၊ နေ့လယ်ပိုင်းက အသက် ၇ နှစ်အရွယ် ဒုတိယတန်းကျောင်းသူတစ်ဦးကို အသက် ၄၁ အရွယ် အမျိုးသားတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ မြို့သစ်တွင် နေထိုင်သည့် စိုင်းကျန် (၄၁ နှစ်) ဆိုသူသည် လွန်ခဲ့သော ၅ နှစ်ကတည်းက ခင်မင်ခဲ့သော တစ်ရပ်ကွက်တည်းနေ မနန်းဆောင်နှင့် ဒေါ်နန်းနိမ်းတို့ ၏အိမ်တွင် ဇူလိုင်လ ၅ ရက်၊ မွန်းလွဲပိုင်းက မနန်းဆောင်၏ သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန် ကြိုစား အားထုတ်သဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မနန်းဆောင်သည် သားတစ်ဦးနှင့် သမီး ၂ ဦးတို့အား အဖွားတော်စပ်သည့် ၎င်း၏မိခင်ထံတွင်အပ်နှံပြီး ရပ်ဝေး၌ အလုပ်လုပ်ကိုင်နေရာမှ ဇူလိုင်လ ၈ ရက်တွင် နေအိမ်သို့ ပြန်လာစဉ် အသက် ၇ နှစ်အရွယ် သမီးဖြစ်သူအား စိုင်းကျန်ဆိုသူက သားမယားအဖြစ် ပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ သို့ဖြစ်၍ အသက် ၇ နှစ်ရှိ သမီးဖြစ်သူအား သားမယားပြုကျင့်ရန် ကြံစည်ခဲ့သူ စိုင်းကျန် အား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment