Wednesday, July 10, 2019

ရာဇဝတ်သားလွှဲပြောင်းရေးဥပဒေကြမ်း အဆုံးသတ်ပြီဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ပြောကြား

ဟောင်ကောင်တွင် မကြုံစဖူး နိုင်ငံရေးမတည်ငြိမ်မှုများကို ပေါ်ပေါက်စေခဲ့သည့် ရာဇဝတ်သားများဟု သံသယရှိသူများအား လွှဲပြောင်းပေးရေး အငြင်းပွားဖွယ်ဥပဒေကြမ်းသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း အကျပ်အတည်း ကြုံနေသည့် ပေကျင်းလိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဇူလိုင် ၉ ရက်တွင် ကြေညာခဲ့သည်။ ထိုဥပဒေကြမ်းအား မိတ်ဆက်ရန် ဟောင်ကောင်အစိုးရ၏ ကြိုးပမ်းမှုသည် လုံးဝရှုံးနိမ့်ခဲ့ပြီး အစိုးရသည် ထိုဥပဒေကြမ်းအား ပါလီမန်တွင် ပြန်လည်အသက်သွင်းမည် မဟုတ်ကြောင်း လမ်က ပြောကြားခဲ့သည်။

သို့သော် ဥပဒေပြုရေးတွင် ထိုဥပဒေကြမ်းအားလုံးဝရုပ်သိမ်းရန် ဆန္ဒပြသူများ၏ အဓိကတောင်းဆိုချက်ကို လိုက်လျောရန် လမ်က ထပ်မံငြင်းဆန်ခဲ့သဖြင့် အစိုးရဆန့်ကျင်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ထိုဥပဒေကြမ်းနှင့် ပတ်သက်၍ လမ်၏ မှတ်ချက်များသည် နောက်ထပ် အဓိပ္ပာယ်မရှိသော အလိမ်အညာတစ်ခုဖြစ်ကြောင်း ၂၀၁၄ ခုနှစ်တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြမှု၌ ပါဝင်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရပြီး မကြာသေးမီကမှ လွတ်မြောက်လာခဲ့သည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင်က Twitter တွင် ရေးသားခဲ့သည်။ ထိုဥပဒေကြမ်းသည် လာမည့်နှစ် ဇူလိုင်အထိ ဥပဒေပြုရေးအစီအစဉ်တွင် ဆက်ရှိနေမည် ဖြစ်ကြောင်း ゞင်းကပြောကြားခဲ့သည်။

ထိုဥပဒေကြမ်းအား ဆန့်ကျင်သည့် စုဝေးချီတက်မှုအချို့ကို ဦးဆောင်ခဲ့သည့် Civil Human Rights Front အဖွဲ့က လာမည့်ရက်များအတွင်း ဆန္ဒပြမှုအသစ်များ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။

ပေကျင်းအတွက် စိန်ခေါ်မှု

ရာထူးမှနုတ်ထွက်ရန်အတွက် တောင်းဆိုမှုများ မြင့်တက်နေစဉ် လမ်သည် မကြာ သေးမီသီတင်းပတ်များအတွင်း လူမြင်ကွင်း သို့ မထွက်ခဲ့တော့ပေ။ သို့သော် ဇူလိုင် ၉ ရက် တွင်ပြန်လည်ထွက်ပေါ်လာခဲ့သည့် လမ်က ဆန္ဒပြကျောင်းသားများနှင့် တွေ့ဆုံရန်သဘာတူခဲ့ပြီး ဟောင်ကောင်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ဝန်ခံခဲ့သည်။ ဟောင်ကောင်လူ့အဖွဲ့အစည်းတွင် အခြေခံကျပြီး အမြစ်တွယ်နေသော ပြဿနာအချို့ ရှိနေသည်ဟု ကောက်ချက်ချလိုကြောင်း လမ်က ပြောကြားခဲ့သည်။

သို့သော် လမ်၏မှတ်ချက်များသည် ဆန္ဒပြလှုပ်ရှားမှုအား ရုပ်သိမ်းစေရန်အတွက် စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း လေ့လာသုံးသပ်သူ Dixon Sing က ပြောကြားခဲ့သည်။ ဆန္ဒပြသူများ၏ အဓိကတောင်းဆိုချက်များအား အပြည့်အဝမဖြည့်ဆည်းပေးလျှင် အစိုးရအဖွဲ့အား ယုံကြည်မှုသည် ယင်းကဲ့သို့ စံချိန်တင်ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ပြည်သူအများစုသည် အစိုးရ၏ ရိုးသားမှုကို အလွန်အမင်း သံသယဝင်နေကြောင်းလည်း ゞင်းက သုံးသပ်ခဲ့သည်။

အငြင်းပွားဥပဒေကြမ်းအား ဆန့်ကျင်ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုကို စုံစမ်းစစ်ဆေးမည့်ကော်မရှင်တစ်ခု၏ ခေါင်းဆောင်အဖြစ် အမှီအခိုကင်းသော တရားသူကြီးတစ်ဦးအား ခန့်အပ်ရန် လမ်သည် ဖိအားပေးခံခဲ့ရသည်။ သို့သော် လမ်က ရဲတပ်ဖွဲ့၏ လက်ရှိတိုင်ကြားမှု ဖြေရှင်းရေးအဖွဲ့မှ စုံစမ်းစစ်ဆေးနေမှုကို ထောက်ခံခဲ့သည်။ 

No comments:

Post a Comment