Wednesday, July 10, 2019

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ ဖမ်းဆီးမှုစီမံကိန်းအရ မြန်မာအလုပ်သမား ၁၀ဝ ကျော် အဖမ်းခံရ

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးမှု စီမံကိန်းအရ မြန်မာအလုပ်သမား ၁၀ဝ ကျော် အဖမ်းခံရကြောင်း Social Action for Childern and Women - SAW မှ သိရသည်။ မလေးရှားနိုင်ငံတစ်ဝှမ်း၌  လက်ရှိတွင် အော်ပရာဇီစစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ ယင်းကာလတွင် မလေးရှားတွင် လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသား ၁၀ဝ၀ ကို စစ်ဆေးမှုများပြုလုပ်ပြီး တရားမဝင်အလုပ်သမားများ ဖမ်းဆီးခံရပြီး ယင်းထဲတွင် မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံသားတို့ပါဝင်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား ထိန်းသိမ်းရေးစခန်းတာဝန်ခံ ဦးသီဟမောင်မောင်က ပြောကြားသည်။



မလေးရှားတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားဖမ်းဆီးမှုကို အထူးစစ်ဆေးရေးများဆောင်ရွက်ပြီး တစ်လလျှင် အကြီးဆုံး စီမံချက်နှစ်ကြိမ်ခန့်အား (Mega Ops 3 . 0) အဆင့်သတ်မှတ်ကာ ဖမ်းဆီးမှုများရှိပြီး အသေးစားဖမ်းဆီးမှုများလည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေရာအနှံ့ ဆက်တိုက်ရှိနေကြောင်း မြန်မာအလုပ်သမား ထိန်းသိမ်းရေးစခန်းတာဝန်ခံ ဦးသီဟမောင်မောင်က ပြောကြားသည်။

“စီမံချက်အကြီးတွေကျတော့ သူတို့ လူအင်အားသုံးရတယ်။ အချိန်တွေလည်းပေးပြီး လုပ်ရတဲ့ဟာမျိုး ဆိုတော့လေ။ တော်ရုံစီမံချက်ကျတော့ သူတို့ဘက်က မသေချာတဲ့ဟာ မျိုးကျတော့ စီမံချက်လုပ်လို့ မရဘူး။ တကယ့်စက်ရုံကြီးတွေ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ပရောဂျက်ကြီးတွေ အဲဒီလိုတွေကျတော့ သူတို့က စီမံချက်တွေချပြီး တစ်လမှာ နှစ်ကြိမ် အကြီးကြီးလုပ်တယ်။ သာမန်ကြိုးကြားကြိုးကြားတွေကတော့ မကြာခဏလုပ်တယ်” ဟု ဦးသီဟမောင်မောင်က ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများသည် အထောက်အထားမဲ့နှင့် တရားမဝင်နေထိုင်မှု မလေးရှားဥပဒေပုဒ်မ Section 6 (1) (c) နှင့် Section 15 (1) (C) အရ အဖမ်းခံရကြောင်း မလေးရှားလဝကမှ သိရသည်။

ဖမ်းဆီးခံရသော အလုပ်သမားများကို တရားရုံးတင်စစ်ဆေးပြီး အမှုလိုက်ပေးမည့် ရှေ့နေနှင့် ဒဏ်ငွေပေးဆောင်နိုင်ပါက ထောင်မကျဘဲ ဒဏ်ငွေမပေးဆောင် နိုင်ပါက ထောင်ဒဏ် သုံးလကျခံရမည်ဖြစ်ကြောင်း ဦးသီဟမောင်မောင်က ပြောကြားသည်။

ရှေ့နေငှားရမ်းခသည်ရင်းဂစ်ငွေ တစ်ထောင်မှ တစ်ထောင့်ငါးရာ ကြားပေးရကြောင်း ゞင်းကဆက်လက်ပြောကြားသည်။

ဖမ်းဆီးထောင်ကျခံရသူများသည် ပြစ်ဒဏ်မှပြန်လည်လွတ်မြောက်လာပါက ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ရမည်ဖြစ်ကာ မြန်မာသံရုံးမှ ゞင်းတို့အားစိစစ်မှုများပြုလုပ်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် တစ်နှစ်တာအတွင်း မလေးရှားနိုင်ငံတစ်ဝှမ်းတွင် ဖမ်းဆီးခံရသူ တရားမဝင် မြန်မာအလုပ်သမား ၄၀ဝ၀ မှ ၅၀ဝ၀ အတွင်းရှိကြောင်း မြန်မာအလုပ်သမားထိန်းသိမ်းရေးစခန်းတာဝန်ခံက ပြောကြားသည်။ မလေးရှားတွင်  မြန်မာလုပ်သား ငါးသိန်းကျော်ရှိပြီး သုံးသိန်းကျော်မှာ တရားမဝင်များဖြစ်ကြောင်း သိရသည်။     

No comments:

Post a Comment