Wednesday, July 10, 2019

ဝန်ထမ်းအချို့ ဌာနစွဲထားရှိမှုကြောင့် အခြားဌာနများနှင့် ပူးပေါင်းရာတွင် လိုအပ်ချက်များရှိနေပြီး လုပ်ငန်းလုပ်ကိုင်ရာ၌ ကြန့်ကြာမှုများရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဝန်ထမ်းအချို့သည် ဌာနစွဲ အလွန်ထားရှိမှုကြောင့် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ လိုအပ်ချက်များ ရှိနေပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ ဇူလိုင် ၈ ရက်နံနက်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရှိ အလုပ်သမားရေးရာဆိုင်ရာ အလုပ်သမားများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။



ဝန်ကြီးဌာနတစ်ခု အောင်မြင်ရေးသည် အောက်ခြေရှိ ဝန်ထမ်းများမှ ပြည်ထောင်စုဝန်ကြီးအထိ အားလုံးတွင် တာဝန်ရှိကြောင်း၊ ဝန်ထမ်းများ တက်ညီလက်ညီ ကြိုးစားဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ဌာနတွင် ရှိကြသည့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မားလာမှသာ ဌာနများ၏ စွမ်းဆောင်ရည် မြင့်မားလာမည် ဖြစ်ကြောင်း၊ ဌာနအသီးသီး၏ စွမ်းဆောင်ရည် မြင့်မားလာမှသာ ဝန်ကြီးဌာန စွမ်းဆောင်ရည် မြင့်မားလာမည် ဖြစ်ကြောင်း၊ အချို့ဝန်ထမ်းများ အလုပ်ကြိုစား လုပ်ဆောင်သည်ကို တွေ့ရကြောင်း၊ အရည်အချင်းရှိခြင်း၊ ကြိုးစားလုပ်ဆောင်ခြင်း၊ စေတနာထားခြင်း၊ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး ပြေပြစ်ခြင်းတို့သည် အကောင်းဆုံး ဝန်ထမ်းဖြစ်ကြောင်း၊ အချို့ဝန်ထမ်းများသည် ဌာနစွဲ အလွန်ထားရှိခြင်းကြောင့် အခြားဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပြီး ဝန်ကြီးဌာန၏ ပုံရိပ်ပျောက်ကွယ်သွားနိုင်ကာ လုပ်ငန်းများ လုပ်ကိုင်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။ ထို့ပြင် ဝန်ထမ်းကောင်းများသည် ပေးအပ်သည့် တာဝန်နှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို အခွင့်အရေး အတွေ့အကြုံသစ်များဟု ရှုမြင်ကာ အောင်မြင်အောင် ဆောင်ရွက်တတ်သူများ ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအား ပေးအပ်သော တာဝန်များကို အောင်မြင်အောင် လုပ်ဆောင်ကြရန် ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

No comments:

Post a Comment