Wednesday, July 10, 2019

ထိုင်ဝမ်သို့ ဒေါ်လာ ၂.၂ ဘီလျံတန်ဖိုးရှိသော စစ်လက်နက်ပစ္စည်းများရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဌာနအတည်ပြု

အမေရိကန်နိုင်ငံခြားရေးဌာနသည် Abrams တင့်ကားများ၊ Stinger တိုက်လေယာဉ်ဖျက်ဒုံးကျည်များအပါအဝင် ဒေါ်လာ ၂.၂ ဘီလျံတန်ဖိုးရှိသော စစ်လက်နက်ပစ္စည်းများကို ထိုင်ဝမ်သို့ ရောင်းချရန် အတည်ပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပင်တဂွန်၏ ထုတ်ပြန်ချက်သည် ထိုင်ဝမ်သို့လက်နက်ရောင်းချနိုင်ခြင်းနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်နေကြောင်း ပြသခဲ့သည့် တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာ ကိစ္စဖြစ်နေပြီး အထူးသဖြင့် ကုန်သွယ်ရေးကဏ္ဍဍ၌ အမေရိကန်နှင့်တရုတ်အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် စစ်လက်နက်ပစ္စည်းများရောင်းချမည့်ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။



အလားအလာရှိသော လက်နက်ရောင်းချမှု သဘောတူချက်နှင့်စပ်လျဉ်း၍ ကွန်ဂရက်ကို အစီရင်ခံတင်ပြထားပြီးဖြစ်ကာ အဆိုပါ စစ်လက်နက်သဘောတူညီချက်တွင် M1 A2T Abrams တင့်ကား ၁၀၈ စီး၊ Stinger ဒုံးကျည်အစင်း ၂၅၀၊ အခြားသော စစ်လက်နက်ဆက်စပ်ပစ္စည်းနှင့် အပိုပစ္စည်းများပါဝင်ကြောင်း ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က ဆိုသည်။

ရောင်းချရန်အဆိုပြုထားသော  Abrams တင့်ကားများမှာ ထိုင်ဝမ်၏ အဓိကစစ်ဘက်တင့်ကားတပ်စုကို ခေတ်မီစေလိမ့်မည်ဖြစ်ပြီး ပြည်တွင်းကာကွယ်ရေးကို အားကောင်းလာစေရန်၊ လတ်တလောဖြစ်ပွားနေသည့် ဒေသတွင်းခြိမ်းခြောက်မှုများနှင့် နောင်တွင်တွေ့ကြုံရနိုင်သည့် ခြိမ်းခြောက်မှု အန္တရာယ်များအား ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းကို တိုးမြှင့်ပေးလိမ့် မည်လည်းဖြစ်ကြောင်း DSCA ကပြောကြားခဲ့သည်။ ထို့ပြင် Stinger ဒုံးကျည်များမှာ ကာကွယ်ရေးနှင့်လုံခြုံရေးအင်အားကို တိုးမြှင့်ပေးလိမ့်မည်ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော တပ်ဖွဲ့၏စွမ်းဆောင်ရည်၊ စစ်တပ်အင်အားဟန်ချက်ညီမှုနှင့် ဒေသတွင်းစီးပွားရေးအခြေအနေကိုလည်း တိုးမြှင့်ပေးလိမ့်မည်ဖြစ်ကြောင်း DSCA ကဆိုသည်။
ထိုင်ဝမ်သို့ လက်နက်ရောင်းချမည့် အဆိုကို ကန့်ကွက်ရန် အမေရိကန်လွှတ်တော် အမတ်များ၌ ရက် ၃၀ အချိန်ရှိသော်လည်း ကန့်ကွက်မည့် အလားအလာမရှိပေ။ ထိုင်ဝမ်သို့ လက်နက်ရောင်းချမည့်အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းရန် ဇူလိုင် ၉ ရက်တွင် တရုတ်က အမေရိကန်အား တောင်းဆိုလိုက်ပြီး ယင်းကိစ္စသည် အင်အားကြီးနှစ်နိုင်ငံအကြားတွင် တင်းမာမှုများ ဖြစ်စေရန်မီးမွှေးပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးစနစ်အတွက် အမေရိကန်၏အထောက်အပံ့ကို အသိအမှတ်ပြုကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုင်ဝမ်သည်  ゞင်း၏စစ်လက်နက်အများစုကိုလည်း အဆင့်မြှင့်ရန်လိုအပ်နေသည်။ ထိုင်ဝမ်၏ လက်ရှိတင့်ကားတပ်စုတွင် CM 11 Brave Tiger သံချပ်ကာတင့်ကားနှင့် M60A3 တင့်ကားအစီးရေ ၁၀ဝ၀ ဝန်းကျင်ရှိပြီး ထိုတင့်ကားများသည် အလွန်အမင်း ခေတ်နောက်ကျနေပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း ထိုင်ဝမ်နှင့် စစ်လက်နက်သဘောတူညီချက်ကို အပြီးသတ်ရန် ဝါရှင်တန်က သတိဖြင့်ဆောင်ရွက်ခဲ့သည်။

No comments:

Post a Comment