Wednesday, July 10, 2019

စစ်တမ်းများအရ ပလတ်စတစ် ၁၁၉ တန်ကို ဧရာဝတီမြစ်အတွင်း နေ့စဉ် စွန့်ပစ်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့အညစ်ညမ်းဆုံး မြစ်စာရင်းတွင် အဆင့် ၉ ဖြစ်နေဟုဆို

စစ်တမ်းကောက်ယူချက်များအရ နေ့စဉ်ပလတ်စတစ်တန် ၁၁၉ တန်ကို ဧရာဝတီမြစ်အတွင်း စွန့်ပစ်လျက်ရှိပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်စာရင်းတွင် ဧရာဝတီမြစ်သည် အဆင့် ၉ ဖြစ်နေကြောင်း သိရသည်။ဇူလိုင် ၉ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ ပြုလုပ်သည့် ဧရာဝတီမြစ်တွင် ပလတ်စတစ်ညစ်ညမ်းမှုများ၏ စိန်ခေါ်မှုများ နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြခဲ့သည်။
“တစ်နေ့ကို ၁၁၉ တန်ပေါ့ ပစ်နေတာ။ အဲဒီဧရာဝတီမြစ်ထဲမှာက ၉၀၊ ဒီဘက် ရန်ကုန်မြစ်ထဲမှာ ၂၉ တန် နေ့စဉ်အမှိုက်တွေဝင်နေတာ ရှိတယ်။ အဲဒီမှာ အများဆုံးကကျတော့ ရေသန့်ဘူးအဖုံးကဲ့သို့သော ပစ္စည်းအမာတွေ ရှိတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ တစ်ခါသုံးဖြစ်တဲ့ ကော်ဖီပါတယ်။ ကွက်ကီးတို့၊ အာလူးကြော်တို့ထည့်တဲ့ တစ်ခါသုံးအိတ်တွေ။ အဲဒီအိတ်တွေ အဓိကပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ပလတ်စတစ်ဖော့ဘူးတွေ အဲဒါတွေ အများဆုံးတွေ့ရှိရတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးမှ Mr.Oliver Florian Hoos က ပြောကြားသည်။ပလတ်စတစ်သည် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတိရိစ္ဆာန်များကို သေစေနိုင်ပြီး မြစ်ချောင်းများတွင် ကျင်လည်ကျက်စား လျက်ရှိသည့် ငါး၊ ငှက်နှင့် နို့တိုက်သတ္တဝါများ ပလတ်စတစ်အတွင်း မွန်းကျပ်စေခြင်းဖြင့် လည်းကောင်း၊ ချည်နှောင်ခံရသကဲ့သို့ဖြစ်၍လည်းကောင်း သေဆုံးနိုင်ကြောင်း၊ ပလတ်စတစ်အမှိုက်များသည် ဧရာဝတီမြစ်အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ကျယ်ပြန့်သော ကမ်းရိုးတန်းတစ်လျှောက်ရှိ အဏ္ဏဝါဂေဟစနစ်ကို ခြိမ်းခြောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် အစားကွင်းဆက်အတွင်းသို့ စုပ်ယူခြင်းမှတစ်ဆင့် ဝင်ရောက်လာသော ပလတ်စတစ်ညစ်ညမ်းမှုသည် ရေချိုနှင့် အဏ္ဏဝါ အစားအစာများအပေါ်တွင် ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ယင်းညစ်ညမ်းမှုသည် လူသန်း ပေါင်းများစွာအပေါ် သက်ရောက်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အများပြည်သူကျန်းမာရေးအပေါ် ရေရှည်ထိခိုက်မှုကို ရှင်းလင်းစွာမသိရှိသေးသော်လည်း ပလတ်စတစ်ညစ်ညမ်းနေသော အစားအစာနှင့် ရေကိုလူအများ စားသောက်လျက်ရှိသည်ကို လက်တွေ့လေ့လာမှုများအရ လက်ခံနိုင်သော အဖြေတစ်ခုအဖြစ် တွေ့မြင်နေရကြောင်း သိရသည်။Mr.Oliver Florian Hoos က “နောက်တစ်ခုက ဘာလဲဆိုတော့ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ ပလတ်စတစ်ကို ဘာဖြစ်လို့လဲဆိုတော့ ပလတ်စတစ်တွေက ရေထဲရောက်သွားတဲ့အခါမှာ သူက ရေထုဖိအားရှိတယ်။ နေရောင်ခြည်ရဲ့အားရှိတယ်။ အဲဒါနဲ့ သူက Micro ပလတ်စတစ်တွေ ကွဲသွားတယ်။ အဲဒီ Micro ပလတ်စတစ်တွေကို ငါးတွေက ပြန်စားတာရှိတယ်။ ဒီရေထဲမှာရှိတဲ့အချိန်မှာ။ ဒီရေကို ကျွန်တော်တို့ သောက်လို့ရှိရင် ကျွန်တော်တို့ ဒီပလတ်စတစ်က ကျွန်တော်တို့ခန္ဓာကိုယ်ထဲ ပြန်ရောက်လာတယ်။ ငါးတွေကိုစားရင် ဒီငါးတွေကတစ်ဆင့် ပြန်ရောက်တယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ကအခု World Bank က လုပ်ထားတဲ့ သုတေသနအရ တစ်ပတ်ကို ကျွန်တော်တို့ ပလတ်စတစ် ငါးဂရမ်နဲ့ညီမျှတဲ့ ပလတ်စတစ်ကို ကျွန်တော် တို့မသိလိုက်ဘဲနဲ့ ပြန်စားသုံးနေရတယ်။ ဒါကြောင့် ကျွန်တော်တို့ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကို ကျွန်တော်တို့ပြန်စားသလို ဖြစ်နေတယ်။ ဒါက World Bank ကနေ ထုတ်ထားတဲ့ဟာပေါ့။ သိပ်မကြာသေးဘူး။ အဲဒီတော့ ဒီဟာကိုစားလို့ ဘာဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကို မသိဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက ပြဿနာအသစ်ဖြစ်နေတာ။ ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာအသစ်ဖြစ်နေတဲ့အတွက်ကြောင့် သုတေသနတွေကို လုပ်နေတုန်းပဲ” ဟု ပြောကြားသည်။မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးနှင့်  FFI (Fauna & Flora International) တို့ ပူးပေါင်း၍ ဧရာဝတီမြစ်အတွင်း ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ထုတ်လျက်ရှိပြီး ပလတ်စတစ်ပြဿနာ၏ သဘာဝနှင့် ပမာဏကို သိရှိနားလည်စေရန်အတွက် ဧရာဝတီမြစ်မအတွင်းရှိ သေးငယ်သော ပလတ်စတစ်စွန့်ပစ်ပစ္စည်း အပိုင်းအစပမာဏကို စုံစမ်းဖော်ထုတ်နိုင်ရန် Fauna & Flora International’s Myanmar Programme အစီအစဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ ၂၀၁၈ ခုနှစ်တွင် ရန်ပုံငွေထောက်ပံ့ပေးခဲ့ကြောင်း၊ မြစ်ကြောင်းတစ်လျှောက် မတူညီသည့် နေရာဒေသများမှ ပလတ်စတစ်အမှိုက်စွန့်ပစ်မှုကို သိရှိနားလည်စေရန်အတွက် မင်းကွန်းဒေသ၊ စစ်ကိုင်းမြို့၊ ရေစကြိုမြို့၊ ချောက်မြို့၊ ပြည်မြို့ နှင့် ရန်ကုန်မြို့တို့တွင် နမူနာခြောက်နေရာ ရွေးချယ်၍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။စစ်တမ်းကောက်ယူရာတွင် ဖမ်းမိသော ပလတ်စတစ်၏ ၆၂ ရာခိုင်နှုန်းသည် HDPE၊ PP နှင့် PET ကဲ့သို့သော ပလတ်စတစ်အမာ အမျိုးအစားဖြစ်ပြီး ၂၂ ရာခိုင်နှုန်းသည် အစားအစာများထုပ်ပိုးရာတွင် အသုံးပြုသော ထုပ်ပိုးပလတ်စတစ် အမျိုးအစားများဖြစ်ကြောင်း၊ ကိုးရာခိုင်နှုန်းသည် ဖော့ဘူးနှင့် ခုနစ်ရာခိုင်နှုန်းသည် အိတ်ခွံငယ်များဖြစ်ကြောင်း၊ အများဆုံးတွေ့ရသည့် ပစ္စည်းများသည် ပလတ်စဖော့ ဘူးဖုံးများ၊ ပီနံအိတ်များ၊ ကော်ဖီမစ်ထုပ်များနှင့် ကျိုးပဲ့နေသည့်ဖော့ဘူးအဟောင်းများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment