Wednesday, July 10, 2019

၂ ရက်အတွင်း အိန္ဒိယနယ်ခြားစောင့်တပ်ပစ်၍ဘင်္ဂလာဒေ့ရှ် ၂ဦးသေဆုံး

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF) ပစ်သတ်၍ နှစ်ရက်အတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂ ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၈ ရက်နေ့ အစောပိုင်းက Shibgan မြို့နယ် Kironganj ကျေးရွာမှ အသက်(၁၈) နှစ်အရွယ် Dulal Uddin သည် Chapainawabganj ခရိုင် Kironganjနယ်စပ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF) မှ သေနတ်ဖြင့် ပစ်ခတ်ရာတွင် သေဆုံးသွားခဲ့သည်။ အနောက်ဘင်္ဂေါပြည်နယ် Malda ရှိ Sukhdebpur စခန်းမှ BSF တပ်ဖွဲ့ဝင်များသည် သူ့နိုင်ငံ၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် မှောင်ခိုသမားများကို ဇူလိုင် ၈ ရက် နံနက် ၂ နာရီ ၄ဝ မိနစ်က ပစ်ခတ်ခဲ့ရာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား Dulal Uddin သည် ၎င်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အမှတ် ၅၉ BGB တပ်ရင်းမှူး Mahmudul Hasanကို ကိုးကြားပြီး သတင်းဖော်ပြသည်။



သေဆုံးသူအလောင်းကို အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့မှ သူတို့စခန်းသို့ ယူဆောင်သွားသည်ဟု သတင်းတွင် ဖော်ပြသည်။

အလားတူ ဇူလိုင် ၇ ရက်နေ့ အစောပိုင်းကလည်း အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာသည့် အသက် ၃၅ နှစ်အရွယ် နွားကုန်သည် Ershadul Haque သည် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က ပစ်သတ်ခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ မြောက်ပိုင်း Lalmonirhat ခရိုင် Sreerampur နယ်စပ်မှတ်တိုင် ၈၄၅ အနီးတွင် ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် နွားကုန်သည် ၆ ယောက်မှ ၇ ယောက်ခန့်နှင့်အတူ အိန္ဒိယနိုင်ငံ နယ်မြေထဲသို့ နွားများ ယူဆောင်ရန် တရားမဝင် ဝင်ရောက်ရာမှ အိန္ဒိယ နယ်ခြားစောင့်တပ်မှ ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တစ်ခြားနွားကုန်သည်များက အိမ်သို့ ယူဆောင်လာသော်လည်း လမ်းတွင် သေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

သူ၏ အလောင်းအား ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ခရိုင် ဆေးရုံသို့ ဆေးစစ်ရန် လွဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

No comments:

Post a Comment