Wednesday, July 10, 2019

စက်လှေများတွင် အသက်ကယ်အင်္ကျီ ထားရှိခြင်းမရှိပါက ဥပဒေအရထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ပြောကြား

ရေကြောင်းခရီးဖြင့် သွားလာနေကြသည့် စက်လှေများအနေဖြင့် အသက်ကယ်အင်္ကျီ ထားရှိခြင်းမရှိပါက ဥပဒေအရထိရောက်စွာ စိစစ် အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်း ရေကြောင်းကိုအသုံးပြုသွားလာကြရာတွင် စက်လှေကြီး၊ စက်လှေငယ်များဖြင့်လည်း သွားလာကြရာ ယင်းတို့တွင် အသက်ကယ်အင်္ကျီများထားရှိပေးရေးအတွက် တင်ဒါရယူသည့်အချိန်တွင် သတ်မှတ်ထားသော စည်းကမ်းစည်းမျဉ်းများကို လိုက်နာကြရန်အတွက်လည်း ပါရှိပြီးသားဖြစ်သဖြင့် ယင်းစည်းကမ်းများကိုချိုးဖောက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။



“အခုဖြစ်နေတာက စည်းကမ်းမလိုက်နာလို့ပဲ စက်လှေတွေမှာ အသက်ကယ်င်္ကျီ ထားပေးရမယ်ဆိုတာ လိုင်စင်ရယူကတည်းက စည်းကမ်းချက်မှာပါပြီးသား စည်းကမ်းကို လိုက်နာရမယ်လို့လည်းပါတယ်။ ဒါပေမဲ့ တချို့က ရှိတယ်။ မသုံးဘူး။ တစ်ဘက်မှာလည်း ခရီးသည်တွေက အဆမတန်များနေတာတောင် ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်းအတွက် စီးနင်းလိုက်ပါတယ်။ ကိုယ့်အသက်ကိုယ်လည်း ကိုယ်ဂရုစိုက်ကြဖို့လိုတယ်။ တကယ်လို့သာ စက်လှေတွေမှာ အသက်ကယ်အင်္ကျီ မထားပေးဘူးဆိုရင် ထိရောက်စွာ အရေးယူမှာဖြစ်တယ်” ဟုလည်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က ပြောကြားခဲ့သည်။

နှစ်စဉ် စက်လှေနစ်မြုပ် သေဆုံးမှုများရှိနေသည့်အတွက်ယင်းတို့ ကာကွယ်ရန် လိုအပ်ကြောင်း၊ စက်လှေစီးသူများအနေဖြင့်လည်း စက်လှေပေါ်တွင် တင်ဆောင်နိုင်သည့် အရေအတွက် ပမာဏထက်ပိုမိုတက်ရောက်ခြင်းကို မပြုလုပ်ရန်လိုအပ်ကြောင်း၊ အသက်ကယ်အင်္ကျီ မပါရှိပါက တောင်းယူပြီး ဝတ်ဆင် ရန်လိုအပ်ကြောင်းလည်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က ပြောကြားသည်။

“တစ်ခါတလေကျတော့လည်း အသက်ကယ်အင်္ကျီထားပေးတယ်။ မဝတ်ဘူး။ ဒါမျိုးတွေရှိတတ်တယ်။ မဝတ်တာက ခရီးသည်အပိုင်းပေါ့။ တကယ်လို့မပါဘူးဆိုရင်တော့ သတ်မှတ်စည်းကမ်းမလိုက်နာတဲ့အတွက် လိုင်စင်ရယူသူကို အရေးယူရမယ်။ ပြည်သူတွေကိုပြောချင်တာကတော့ ဝန်နဲ့လှေမျှတစွာစီးဖို့ အသက်ကယ်အင်္ကျီကို ဝတ်ဆင်ပြီးမှ စီးဖို့ အရေးကြီးပါတယ်။ တချို့ကျတော့ မဖြစ်ခင်ဂရုမစိုက်ကြဘူး။ ဖြစ်မှပြောကြတာ။ ဒါကြောင့် စည်းကမ်းလိုက်နာကြပါ။ အသက်အန္တရာယ်အတွက်လိုအပ်လို့ သတ်မှတ်ထား တဲ့စည်းကမ်းတွေဖြစ်တယ်။ ကူးတို့လှေတွေမှာလည်း ဝန်နဲ့မဆန့်တဲ့ ကိစ္စတွေကို ရှောင်သင့်တယ်၊ စောင့်သင့်သလောက်စောင့်ဆိုင်းပြီး သွားကြဖို့လိုတယ်။ နောက်ပြီး မိုးလေဝသသတင်းတွေကိုလည်း နားထောင်ပြီးမှသွားကြ လာကြဖို့လိုတယ်။ အရေးကြီးပါတယ်။ ရေယာဉ်တွေကလည်း သွားသင့်မသွားသင့် ချင့် ချိန်ဖို့လိုတယ်” ဟုလည်း စည်ပင်ဝန်ကြီးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း တောင်ကုတ်-စကု စက်လှေနစ်မြုပ်မှုတွင်လည်း ခရီးသည် အသေအပျောက်ရှိခဲ့သည့်အပြင် ကင်းကူးတို့ စက်လှေနစ်မြုပ်မှုတွင်လည်း တစ်ဦးသေဆုံး အချို့ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းလည်းသိရှိရပြီး နှစ်စဉ်ရခိုင်ပြည်နယ်အတွင်း စက်လှေ တိမ်းမှောက်မှုကြောင့် သေဆုံးသူ ဆယ်ဂဏန်းအထိ ရှိနေကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment