Sunday, July 7, 2019

အစိုးရ၊ တပ်မတော်နှင့် AA သုံးပွင့်ဆိုင် ဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ဦးဇော်ဌေးပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အစိုးရ၊ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ သုံးပွင့်ဆိုင်ဆွေးနွေး ရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ ဇူလိုင်လ (၅) ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး၏ အပတ်စဉ်သတင်းစာရှင်းလင်းပွဲ တွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။



“ကျွန်တော်တို့ အခုလုပ်နေတာက KIA +3 ဆိုပြီး တွေ့ဆုံဆွေးနွေးတာပဲ ရှိပါတယ်။ AA နဲ့ အစိုးရ တပ်မတော်ဆိုပြီး သုံးပွင့်ဆိုင် ဆွေးနွေးဖို့က အစီအစဉ် မရှိသေးပါဘူး။ စောစောက ပြောခဲ့သလို့ KIA နဲ့ အခြားသုံးဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းတာတွေ လုပ်နေတာပါ။ အ စိုးရ၊ တပ်၊ AA ဆိုတာမရှိသေးဘူး။ အစီအစဉ်လည်း မရှိသေးဘူး”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ AA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲများလည်း ပြင်းထန်နေပြီး စစ်ဘေး ရှောင်ဒုက္ခသည် အရေအတွက်မှာလည်း လေးသောင်းကျော်ရှိနေပြီလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း ဒေသခံရွာသားများအား နှစ်ဘက် အဖွင်္ဲ့အစည်းများမှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေပြီး ဒေသခံအချို့ သေဆုံးခဲ့သည်အထိ ရှိနေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်(၉)မြို့နယ်တွင်လည်း နယ်မြေဒေသ တည်ငြိမ်မှုမရှိသည့်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် နောက်ပိုင်းက စတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့သည့်အတွက် ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် တိုက်ပွဲများ ရပ်တန့်စေလိုပါက ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် လာရောက်ဆွေးနွေးရန်လည်း ဦးဇော်ဌေးက ပြောကြားသည်။

No comments:

Post a Comment