Sunday, July 7, 2019

တောင်ကုတ်-စကုစက်လှေ ကလိန်တောင်မြစ်ဝ ပင်လယ်ပြင်၌ နစ်မြုပ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေ

ရခိုင်ပြည်နယ် တောင်ကုတ်-စကုစက်လှေနစ်မြုပ်မှု အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါစက်လှေသည် လိုင်းဆွဲနေသော စက်လှေမဟုတ်ဘဲ သီးသန့်သွားရောက်ကြသည့် ဦးကုလားကြီး၏ ပဲ့ထောင်စက်လှေဖြစ်ကာ တောင်ကုတ်မှ ခရီးသည် ခုနစ်ဦးဖြင့် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ကလိန်တောင်မြစ်ဝ ပင်လယ်ပြင်၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကာ တွေ့မြင်သူမရှိသည့်အတွက် ချက်ချင်းကယ်တင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ညနေပိုင်းတွင် နစ်မြုပ်ရာမှ လွတ်မြောက်လာသူတစ်ဦး ၏ ပြောပြချက်ကြောင့် ချက်ချင်း စက်လှေများဖြင့် သွားရောက်ရှာဖွေခဲ့ကြသော် လည်းအမျိုးသမီးတစ်ဦး၏ အလောင်းကိုသာရရှိခဲ့ကြောင်း၊ အလားတူစွာပင် ရေကူးပြီးလွတ်မြောက်လာသူ စုစုပေါင်း လေးဦးရှိခဲ့ပြီး ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေသေးကြောင်း သိရသည်။



“သူတို့ကတောင်ကုတ်ကနေ ထွက်လာတာပေါ့။ ၁ နာရီလောက်မှာ မြုပ်တယ်လို့ ပြောတယ်။ ဘယ်သူမှ မသိလိုက်ဘူး။ ညနေပိုင်းမှာ လူတစ်ယောက်ကမ်းကို ကူးခတ်ရောက်လာတဲ့တွက် ကျန်လူတွေကို သွား ရောက်ရှာပေမဲ့ မတွေ့ဘူး။ အဲဒီလိုပဲ ကူးခတ်လွတ်မြောက်လာသူ စုစုပေါင်း လေးဦးရှိတယ်။ အမျိုးသမီး အလောင်းတစ်လောင်း တွေ့တယ်။ ပင်လယ်ပြင်မှာလည်း ရာသီဥတုကကြမ်းတော့ ရှာတဲ့သူတွေတောင် မခံနိုင်ဘူး ဖြစ်နေတယ်။ ကျန်တဲ့ခရီးသည် နှစ်ဦး ကတော့ ပျောက်ဆုံးနေတဲ့အတွက် ဆက် လက်ရှာဖွေနေတယ်လို့သိရတယ်” ဟု ဦးစမ်းငွေက ပြောကြားသည်။

စကုကျွန်းသည် ပင်လယ်ပြင်အတွင်း သီးခြားတည်ရှိသောကျွန်းတစ်ခုဖြစ်ပြီး ရေကြောင်းသွားလာရေးကိုသာ အသုံးပြုရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပင်လယ်ပြင်တွင် လှိုင်းလေကြီးမားနေကြောင်းနှင့် ရေကြောင်း ခရီးသွားလာရာတွင် အထူးသတိထားသင့်သည့်အပြင် အသက်ကယ်အင်္ကျီများကိုလည်း ဝတ်ဆင်ထားရန် လိုအပ်ကြောင်း ဒေသခံအချို့က အကြံပြုပြောကြားသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ လိုက်ရှာနေကြပေမယ့် အမျိုးသားနှစ်ယောက် ပျောက်ဆုံးနေပါတယ်။ အမျိုးသမီးအလောင်း တစ်လောင်းတွေ့တယ်။ ကျန်တဲ့ လေးယောက်က လွတ်မြောက်သွားတယ်။ ရာသီဥတုကကြမ်းပြီး လေပြင်းတွေတိုက်နေတဲ့အတွက် ရှာရတာလည်း ခက်ပါတယ် ” ဟု ဒေသခံ ဦးမြင့်ဝင်းက ပြောကြား သည်။

၂၀၁၆ ခုနှစ်ကလည်း တောင်ကုတ်-စကုစက်လှေနစ်မြုပ်မှုကြောင့် ခရီးသည် ခြောက်ဦးသေဆုံးမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment