Sunday, July 7, 2019

အပူပိုင်းဇုန် ၁၀ နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၇၅၄၀ ရှိပြီး တရုတ်နိုင်ငံက ၈၂၈၀၀ ဖြင့် ၈၄ ရာခိုင်နှုန်းကျော် ဖြစ်ပွားကာ မြန်မာနိုင်ငံက ၁၁၇ ဦးဖြင့် သုညရာခိုင်နှုန်း အောက်သာရှိ

မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဇုန် ၁၀ နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၇၅၄၀ ဦးရှိကာ ယင်းတို့အနက် တရုတ်နိုင်ငံက ၈၂၈၀၀ ဦးဖြင့် ၈၄ ရာခိုင်နှုန်းကျော် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံက ၁၁၇ ဦးဖြင့် သုညရာခိုင်နှုန်း အောက်သာရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။



၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ မြန်မာနိုင်ငံ အပါအဝင် အပူပိုင်းဇုန်နိုင်ငံ အချို့တွင် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေအရ တရုတ်နိုင်ငံတွင် ဖြစ်ပွားသူ ၈၂၈၀၀ ဦး၊ အိန္ဒိယနိုင်ငံတွင် ၇၇၆၄ ဦး၊ ဘရာဇီးနိုင်ငံတွင် ၁၂၀၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၇၀၆ ဦး၊ ထိုင်းနိုင်ငံတွင် ၆၆၆ ဦး၊ မြန်မာနိုင်ငံတွင် ၁၁၇ ဦး၊ သြစတြေးလျနိုင်ငံတွင် ၃၅၈၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၃၂ ဦး၊ လာအိုနိုင်ငံတွင် ၂၃၈ ဦး၊ နယူးဇီလန်နိုင်ငံတွင် ၃၂၃ ဦးတို့ ဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အထူးသဖြင့် ပြည်သူ့ကျန်းမာရေး ပြဿနာနှင့် ကပ်ရောဂါအသွင်ဖြင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက် (၂၀၀၅) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်း အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တုပ်ကွေးဆန်သော ရောဂါလက္ခဏာဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါပိုး ကူးစက်ဖြစ်ပွားမှုက မြန်မာနိုင်ငံမှာတင်မကဘူး။ အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဖြစ်ပွားနေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံ ဖြစ်ပွားနှုန်း နည်းပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှာဆို ရောဂါကူးစက် ဖြစ်ပွားသူပေါင်း ၈၀၀၀၀ ကျော်အထိ ဖြစ်နေပါပြီ။ အခုရာသီတုပ်ကွေး အမျိုးအစားတွေဖြစ်တဲ့ Influenza A (H1N1)၊ Influenza A (H3N2)၊ Influenza B တွေက မြန်မာနိုင်ငံမှာတင် တွေ့နေရတာမျိုး မဟုတ်ဘူး။ တခြားနိုင်ငံတွေမှာလည်း ဖြစ်ပွားနေတာပါပဲ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိမှု အခြေအနေအရ ရောဂါသံသယ လူနာ ၄၂၄ ဦးတွင် Influenza A (H1N1) ပိုးတွေ့လူနာ ၁၂၃ ဦး၊ Influenza A (H3N2) ပိုးတွေ့လူနာ ၁၆ ဦး၊ Influenza B ပိုးတွေ့ လူနာ ၁၁ ဦး၊ စုစုပေါင်း ၁၅၀ ဦးရှိကြောင်းနှင့် သေဆုံးသူ ၃၀ ဦးအနက် နာတာရှည်ရောဂါအခံရှိသူ ၂၂ ဦး၊ ရောဂါကူးစက်ခံရပါက သေဆုံးနိုင်ခြေများသောအုပ်စု (အသက် အရွယ်ကြီးရင့်သူများ၊ အသက်အရွယ် ငယ်လွန်းသူများ) တွင် သုံးဦး၊ ရာသီတုပ်ကွေးရောဂါဖြင့် သေဆုံးသူ ငါးဦးရှိကြောင်း သိရသည်။

သေဆုံးသူ ၃၀ ကို လေ့လာဆန်းစစ်ချက်အရ အသက်အရွယ်ကြီးရင့်သူများ၊ အသက်အရွယ် ငယ်လွန်းသူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ မွေးရာပါရောဂါစုများ စသည့် နာတာရှည်ရောဂါ အခံရှိသူများတွင် သေဆုံးကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ဖြစ်ပွားသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်)၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ် (အရှေ့)၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်)၊ ကြည်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတမြို့နယ်များဖြစ်ပြီး သေဆုံးသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ် (မြောက်) ပိုင်းတို့ ဖြစ်ကြောင်း သိရသည်။

Influenza A (H1N1) pdm 09 တုပ်ကွေးရောဂါပိုးသည် ရာသီတုပ်ကွေးရောဂါ အနေဖြင့် နှစ်စဉ်ဖြစ်ပွား လေ့ရှိပြီး ယခုရာသီတွင် အိမ်နီးချင်း နိုင်ငံများ၌လည်း ဖြစ်ပွားနေသော ရောဂါတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ရာ ၎င်းတို့အ နက် ၄၀၆ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃၈ ဦးရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ ဦးတွင် တုပ်ကွေးရောဂါပိုး တွေ့ရှိ ခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

No comments:

Post a Comment