Sunday, July 7, 2019

ဝင်ဘယ်တန် နှစ်ယောက်တွဲပွဲစဉ်တွင် အန်ဒီမာရေးနှင့် ဆရီနာဝီလျံတို့ အနိုင်ရ

ဝင်ဘယ်တန်အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးအတွဲဖြစ်တဲ့ ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးနဲ့ နာမည်ကြီး ဆရီနာဝီလျံ တို့ဟာ ပြိုင်ဘက်ကို အပြတ်အသတ်အနိုင်ယူပြီးတော့ အဖွင့်လှစ်ခဲ့ပါတယ်။ ပြိုင်ဘက် အန်ဒရီရာမိုင်းစ်နဲ့ အလက်ဆာဂွါရာချီတို့ကို ၆-၄ ၆-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာဖြစ်သလို ပွဲကြာမြင့်ချိန်ဟာလည်း ၇၆ မိနစ်သာရှိခဲ့ပါတယ်။


တင်ပါးစုံဒဏ်ရာကြောင့် တင်းနစ်လောကက အပြီးတိုင်ထွက်ခွာပြီး ပန်းချီဆွဲဖို့ ပြင်ဆင်နေတဲ့ မာရေးဟာ ကံကောင်းစွာနဲ့ ပြန်လည်သက်သာလို့ တင်းနစ်လောကထဲ တကျော့ပြန်ခြေချလာခဲ့တာဖြစ်ပါတယ်။

မာရေးအတွက် အိမ်ကွင်းဖြစ်တဲ့ ဝင်ဘယ်ဒန်အိုးပင်းမှာ စတင်ကစားခဲ့ရပေမယ့် ဒဏ်ရာ အခြေအနေအရ တဦးချင်းပြိုင်ပွဲမှာ ဝင်ရောက်မကစားခဲ့ဘဲ အမျိုးသား နှစ်ယောက်တွဲနဲ့ အမျိုးသားအမျိုးသမီး နှစ်ယောက်တွဲမှာ ဝင်ကစားခဲ့ပါတယ်။

နှစ်ယောက်ပေါင်း အောင်မြင်မှုအရ ဂရင်းဆလင်း ၁၆ ကြိမ်၊ အိုလံပစ်ရွှေတံဆိပ် ၂ ဆု ရရှိ ထားခဲ့တဲ့ ကစားသမား ၂ ဦးစလုံးဟာ ပွဲမစခင်မှာ တကြိမ်မှ တွဲဖက်လေ့မကျင့်ခဲ့ရပေမယ့် အကောင်းဆုံး လက်စွမ်းကို တွဲဖက်ညီညီနဲ့ပြသွားပါတယ်။

ပွဲပြီးချိန်မေးမြန်းခဲ့တဲ့ အင်တာဗျူးမှာတော့ အသင်းဆိုတာသာရှိပြီး ငါတယောက်တည်းဆိုတဲ့ ခံယူချက်မထားတဲ့ မာရေးနဲ့ သူမဟာ ငယ်ရွယ်တဲ့မောင်နှမတွေဖြစ်ကြောင်း ဆရီနာက အရွှန်းဖောက် ဖြေကြားခဲ့ပြီး မာရေးကတော့ နောက်ကျောမှာ အနည်းငယ်နာကျင်နေတာ ရှိပေမယ့် ကျန်တာနေရာတွေ အကုန်ကောင်းနေတာကြောင့် အကောင်းဆုံးပြန်လည်စတင်နိုင်ခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

No comments:

Post a Comment