Sunday, July 7, 2019

တိုက်ကြက်

ဖိုးချက်သည် သူ၏ကြက်ဖ ‘တိုးထက်’ကြီးကို ခြေဆုပ်လက် နယ်ပြုပေးနေသည်။ ပါးစပ်ထဲမှ ငုံထားသောရေများကိုလည်း ဖွား ဖွားပါအောင် တိုးထက်၏အမွေး များပေါ်သို့ မကြာခဏမှုတ်ဖျန်း ပေးနေသည်။
‘‘အဖေ့သားကြီး အားမွေး ထားကွ။ ဒီနေ့ပွဲကို မင်းနိုင်အောင် ခွပ်ပေးရမယ်နော်’’
စသဖြင့် တိုးထက်အနားသို့ တိုး၍ မကြာခဏဆိုသလို တီးတိုး လည်းပြောနေသေးသည်။ မှန် သည်။ သည်နေ့ပွဲ လောင်းကြေး ကများ၏။ နိုင်မှဖြစ်မည်။ ဒီနယ် တစ်ဝိုက်တွင်တော့ ‘တိုးထက်’ ကြီးသည်နာမည်ကြီးလေ၏။ သူ နှင့်အလောင်းအစားလုပ်၍တိုက် သည့်ကြက်မှန်သမျှကို အနိုင်အ လဲခွပ်ပစ်နိုင်သည်။ သည့်ကြောင့် ပိုင်ရှင်ဖိုးချက်သည် ပိုက်ဆံများ များရသည်။ သည်နေ့ပွဲကတော့ ပို၍အရေးကြီးလေသည်။ အမှား ခံ၍မဖြစ်။ ဘာကြောင့်ဆို မြို့က လောင်းကစားသမားများလာ မည်။ ကြက်ကလည်းမြို့ကကြက် ဖြစ်သည်။



တိုးထက်ဘက်က လောင်း ထားသည့်ငွေပမာဏသည်လည်း ခါတိုင်းပွဲတွေထက် နှစ်ဆဆို သည့်အတွက် ဖိုးချက်ရင်ခုန်နေ ၏။ တစ်ဖက်မှ ပြိုင်ဘက်ကြက် သည် မည်သို့မည်ပုံရှိမည်ကို တော့ ရင်မခုန်၊ ဂရုမပြု၊ အာရုံ မစိုက်။ သည်လောက် သူ၏တိုး ထက်ကြီးအပေါ် ယုံကြည်သည်။ နေ့လယ် ၁၂ ခွဲချိန်းဝိုင်း(ကြက်ပွဲ) စမည်။ ယခုနံနက် ၉ နာရီခွဲရှိပြီ။ မနက်မိုးလင်းကတည်းက တိုး ထက်ကြီးကို တပွေ့ပွေ့လုပ် လိုက်၊ ခြေဆုပ်လက်နယ်ပြု လိုက်၊ ရေတွေနှင့်မှုတ်လိုက်စသ ဖြင့် အလုပ်ရှုပ်နေသည်ကို အမေ သည် မျက်စိနောက်လာဟန်ပေါ် သည်။

‘‘ဖိုးချက်ရယ် နင့်မလည်း အဲဒီကြက်ကို တပွေ့ပွေ့ တပိုက် ပိုက်နဲ့ လက်ကကိုမချဘူး’’

အမေ့အပြောကို ၀င့်ဝင့် ကလေးပြုံး၍ တုံ့ပြန်လိုက်လေ သည်။

‘‘ကျုပ်ရဲ့ ငွေတုံးကြီးအမေ ရဲ့။ ဒီနေ့ပွဲလောင်းကြေးများတယ် နော် သားကြီး’’

တိုးထက်၏ ခေါင်းပေါ်သို့ လက်ရောက်သွားပြီး အသာပွတ် သပ်နေရင်းဖြေသည်။

‘‘နင့်မလည်းဟယ်.. တစ်နေ့ တစ်နေ့ အဲဒီကြက်နဲ့ပဲအချိန်ကုန် တယ်။ ကြက်တိုက်လို့နိုင်ရင် ထန်းရည်သောက်တယ်။ မူး တယ်၊ ရမ်းတယ်။ နင်အိမ်ကို ဘာ များဝိုင်းလုပ်တုံး။ လူကြည့်တော့ သေသေတော့မယ်။ မအေမုဆိုးမ ကြီးကို ၀ိုင်းကူမယ်လို့တစ်ခါမှ စိတ်မကူးဖူးဘူး’’

‘‘အမေကလည်းဗျာ။ ဒါပဲ ခဏခဏလာပြောနေတယ်။ သူ ရင်းငှားလှငွေရှိတာပဲ။ ကျုပ်က ဘာလုပ်စရာလိုလို့တုံး။ အဲဒီ လယ်အလုပ်တွေလည်း ကျုပ် ၀ါသနာမပါဘူး။ လုပ်လည်း မလုပ်ချင်ဘူး’’

ဒီစကားများသည် ဘယ် တော့ပြောင်းလဲလာလိမ့်မလဲဟု အမေစောင့်ကြည့်နေခဲ့သည်မှာ ကြာလေပြီ။ သို့သော် ဒုံရင်းက ဒုံ ရင်းပင်။ အမေသည် ဖိုးချက် စကားကို ဆက်နားမထောင်ချင် တော့၍ အိမ်ထဲသို့ဝင်လာခဲ့ သည်။ ဖိုးချက်ကတော့ တိုးထက် ခေါင်းကို ပွတ်သပ်ရင်း အိမ်ရှေ့ ကပြင်တွင် နေမြဲနေရစ်ခဲ့၏။

* * * * *

ဖိုးချက် ကြက်သွားတိုက် လေတိုင်း အမေ့မှာ ရင်တမမနှင့် အိမ်တွင်ကျန်ရစ်ရသည်။

‘‘ဘယ်အချိန် ကြက်ဝိုင်းကို ပုလိပ်ဝင်ဝိုင်းမလဲ၊ ဘယ်သူနဲ့ ရန် ဖြစ်လို့ ဂါတ်ကို လိုက်ရှင်းရမလဲ၊ ဘယ်သူ့ကို ရိုက်လို့ ဘယ်လောက် လိုက်လျော်ရဦးမလဲ’’ စသဖြင့် စိတ်မောနေရသည်မှာ မသက် သာလှပေ။ ပုလိပ်ဝင်ဝိုင်း၍ လောင်းကစားလုပ်သူတွေကို ဂါတ်သို့ခေါ်သွားလေတိုင်း အမေ့ မှာ ရွာလူကြီးထံတောင်းပန်ပြီး သားကို မြို့ဂါတ်မှ အကြိမ်ကြိမ် လိုက်ထုတ်ရသည်မှာ မရေတွက် နိုင်တော့ပေ။

သည့်ထက်ဆိုးသည်က ဖိုး ချက်သည် သွေးဆိုးသည်။ အမူး အရည်လေးနည်းနည်းဝင်တာနှင့် မူး၍ရမ်းတတ်သည်။ လက်က လည်းရဲသည်၊ မြန်သည်။ သည့် ကြောင့် သူ့ကိုတစ်ရွာလုံးက ရှောင်ကြသည်။ ရွံ့ကြလေသည်။ သူရိုက်သမျှကိုလည်း အမေက ငွေထုပ်ပိုက်၍ လိုက်ရှင်းနေတော့ သူ့အတွက် ဆိုးချင်တိုင်းဆိုးခွင့်ရ နေဟန်တူပါသည်။ အမေပူပန် သည်ကတော့ သူ့သားကို သူများ ၀ိုင်းရိုက်လိုက်မှာကိုပါပဲ။ ဒီအန္တ ရာယ်ကို အမေစိုးရိမ်နေမိ၏။ သူ့ သားအထိနာမှာကိုတော့ အမေ ကြောက်လေသည်။ သည်တစ်ခါ ဖြစ်ရင်တော့ မှတ်လောက်အောင် ဂါတ်တဲမှာ ပစ်ထားပစ်မယ်ဟု စိတ်ထဲက ကြုံးဝါးလေတိုင်း အမေသည် တစ်ခါမျှမလုပ်ရက် ခဲ့ပေ။

အမေသည် တွေးနေကျ ဖိုး ချက်အကြောင်းကို စဉ်းစားရင်း မျက်ရည်ဥတို့က ပါးပြင်ထက် ၀ယ် ၀ဲပျံရစ်သန်းလာလေသည်။ သည်အချိန်တွေဆို အဖေကို သိပ် ရှိစေချင်သည်။ မိခင်ထက် ဖခင် အုပ်ထိန်းလျှင် သာ၍အဆင်ပြေ သည်လေ။ ငယ်စဉ်ကတည်းက ဖတဆိုးလေးဟု အလိုလိုက်မိခဲ့ သည့်အပြစ်လည်း ဖြစ်ချေသည် ဟု ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်ဖို့ မိသည်။ အဖေကို သတိရစိတ်၊ ဖိုးချက်ကို ဒေါသဖြစ်စိတ်တို့သည် ရောပြွမ်းကာ အမေငိုချလိုက်မိ တော့သည်။

* * * * *

ဖိုးချက်သည် ဘုရားစင်ရှေ့ တွင် တတွတ်တွတ်နှင့်တိုးထက် ကြီးနိုင်အောင် ဆုတောင်းနေ သည်။ ကိုကြီးကျော်ရုပ်တုရှေ့ တွင်လည်း မနက်အစောကြီးရွာ မြောက်ပိုင်းထန်းတောမှ ရလာ သော ထန်းဦးကျရေကို အိုးလိုက် ဆက်သထားသည်။

‘‘ကိုကြီးကျော်ထံ တိုးထက် ကြီးကို အပ်ပါတယ်။ သနားပါ၊ ကြင်နာပါ၊ စောင့်ရှောက်ပါ။ ပွဲ ကိုလည်း နိုင်အောင် မှိုင်းမပါ ကို ကြီးကျော်’’

ပါးစပ်မှ ဆက်တိုက်ရေ ရွတ်နေသည်။

ကိုယ်တော်ကြီး၊ ကိုယ်တော် လေးနတ်စင်ရှေ့တွင်လည်း ဆေး ပြင်းလိပ်များကို ဆက်တိုက်ဖွာပြီး ဆက်သ၍

‘‘အရှင်တို့နှစ်ပါးထံ သား တော်လေးတိုးထက်ကို အပ်ပါ တယ်။ သားတော်လေးကို ရင် ၀ယ်သားကဲ့သို့ ကြင်နာပါ၊ စောင့် ရှောက်ပါ။ ပွဲကိုလည်း နိုင်အောင် မှိုင်းမကြပါ’’

စသဖြင့်တီးတိုးဆုတောင်း နေလေသည်။ တိုးထက်ကြီးကို လည်း ဘုရားစင်ရှေ့၊ ကိုကြီး ကျော်စင်နှင့် ကိုယ်တော်ကြီး၊ ကိုယ်တော်လေးနတ်စင်ရှေ့များ တွင် အကြိမ်ကြိမ်ဦးချစေသည်။ အမေသည် သူ့သားဖိုးချက်လုပ် နေသည်များကို ကြည့်၍ ဘ၀င် မကျနိုင်။ အံတကြိတ်ကြိတ်နှင့် အတွင်းခန်းက မြင်တွေ့နေရ သည်။ သို့သော် ဒါ ဖိုးချက်လုပ်နေ ကျအလုပ်ပင်ဖြစ်သည်။ ကြက် သွားတိုက်ခါနီးလျှင် ထိုသို့လုပ်နေ ကျဖြစ်သည်။ ဘုရားစင်ရှေ့မှ ထ ၍ အိမ်ရှေ့ကပြင်သို့သွားပြန် သည်။ ပြီး...တိုးထက်ကြီးခြေ ထောက်မှ အတက်အဆူးကို ချွန် ထက်နေအောင် ပွတ်တိုက်နေပြန် သည်။ ချွန်မြနေမှလည်း တစ်ဖက် ရှိပြိုင်ဘက်ကြက်ကို ထိထိ ရောက်ရောက်စူးမည်။ စူးမှလည်း ပြိုင်ဘက်ကြက်နာမည်။ သို့မှ ကိုယ့်ကြက်နိုင်မည်မဟုတ်လား။

‘‘ဖိုးချက်ရေ သွားရအောင် ဟေ့။ လူအတော်စုံနေပြီတဲ့ဟ’’

ရွာမြောက်ပိုင်းမှသူငယ်ချင်း ဖိုးလုံးအသံဖြစ်သည်။ ဖိုးလုံး နောက်တွင် မြောက်ပိုင်းကလူ တစ်စုပါလာသည်။ ထိုလူများ သည် တိုးထက်ကြီးဘက်မှ ပိုက် ဆံလောင်းကြမည့် လူများဆို လည်းမှန်လိမ့်မည်။

‘‘အေး... လာပြီဟ။ ခဏ လေး ငါ အင်္ကျီလဲလိုက်ဦးမယ်’’

အိမ်ပေါ်သို့တက်လာပြီး လှေကားတွင် လွှားထားသော ဖျင်အင်္ကျီတစ်ထည်ကို ယူဝတ် လိုက်သည်။ အမေသည်လည်း မနီးမဝေးပြတင်းပေါက်နားတွင် ထိုင်နေ၏။ အင်္ကျီဝတ်အပြီး အ မေ့ကို နှုတ်ဆက်သည်။

‘‘အမေ သွားတော့မယ်နော်။ ကျုပ် ထမင်းမစားတော့ဘူး။ အ မေစားနှင့်လိုက်တော့’’

အမေသည် ဘာတစ်ခွန်းမျှ မတုံ့ပြန်ဘဲ မျက်နှာသာလွှဲနေ လိုက်တော့၏။ ဖိုးချက်အိမ်ပေါ် က ဆင်းသွားပြီး ခြံရှေ့ရောက် တော့မှ ထိုင်နေရာကထလိုက် သည်။ သားကို အိမ်မကြီးတံခါးဝ ကနေ ရပ်ကြည့်သည်။ နောက် ကျောပြင်ကိုသာမြင်လိုက်ရတော့ သည်။ အမေ့ခြေလှမ်းများသည် လေးကန်သွားသည်။ အိမ်ပေါ်သို့ ပြန်တက်လာပြီး ဘုရားစင်ရှေ့ တွင် မတ်တတ်ရပ်၍လက်အုပ် ချီသည်။ သားအန္တရာယ်မဖြစ်ရ အောင် ဆုတောင်းမှုတွေပြုနေမိ ပြန်သည်။ အမေသည်သားကို လိမ္မာစေချင်နေပြီ။ လိမ္မာသင့်ပြီ ဟုလည်း မြင်သည်။ သားဒီထက် ဆိုးသမျှကိုလည်း အမေခံနိုင် လောက်တော့မည်မဟုတ်။ အမေ သည် အသက်ကြီးပြီ။ သားအနေ နှင့် အိမ်ကလယ်နှင့်ယာတွေကို ဦးစီးစေချင်သည်။ အိမ်ထောင် လည်းပြုစေချင်သည်။ သားနှင့် မယားနှင့်တည်ငြိမ်သည့်အိမ် ထောင်ဦးစီးတစ်ယောက်အဖြစ် လည်း မြင်ချင်လှပြီ။ အမေနှင့် ရွယ်တူတွေ မြေးချီနေရပြီမို့ အ မေလည်း မြေးချီချင်လှပြီ။

အမေသည် ဘုရား၊ တရား ကိုပဲလုပ်၍ အလုပ်တွေကိုနားချင် ပြီ။ ယခုတော့ လယ်ကိစ္စလည်း သူရင်းငှားတွေကို အမေပဲကွပ်ကဲ ရသည်။ ထွက်လာသည့်စပါး ကိစ္စ၊ ကျွဲ၊ နွားကိစ္စအစ။ အမေ မောလှပြီ။ သည့်ထက်အမေအ ဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုသည် က သားဖိုးချက်နှင့် ထမင်းလက် ဆုံတော့ နေ့တိုင်းစားချင်သည်။

သားက အိမ်သိပ်မကပ် တော့ ထမင်းလက်ဆုံမစားရသည် မှာ ကြာလေပြီ။ ညဘက်တွေ လည်း အချိန်မရှိမှ ပြန်ရောက် တတ်တော့ ပိုဆိုးသည်။ ပြန် ရောက်တော့လည်း ကြည့်ဦး။ မူး ရူး၍။ အမေနှင့်အဖော်လာနေပေး သည့် အမေ့နှမအငယ်ဆုံးအရီး လေး၏ သမီးကလေးရှိ၍တော် သေးသည်။ အဖော်ရသည်။ လက်တိုလက်တောင်းခိုင်း၍ လည်းရသည်။ ထိုကလေးသည် လည်း အမေ့အပေါ်ကြင်နာသည်။

အမေ့ခေါင်းထဲတွေးနေကျ အတွေးတို့သည် တစ်ရစ်ချင်းဝင် လာသည်။ နေ့လယ်လည်း ရောက်နေပြီမို့ ထမင်းစားဖို့သင့် ပြီ။ ထမင်းဝိုင်းမှ အုပ်စောင်းကို လှန်လိုက်သည်။ ဓာတ်ဘူးထဲမှ ရေနွေးကို ခွက်ထဲသို့ငှဲ့ထည့် သည်။ မဆာသော်လည်း တာဝန် အရတော့ စားရချေဦးမည်။

* * * * *

လောင်းကစားဝိုင်းဆိုသည့် အတွက် ပုလိပ်ကတော့ အလစ် မပေးချေ။ သို့သော် ဖိုးချက်တို့က တော့ မရမကခိုး၍ကြက်ဝိုင်းကို လုပ်မြဲဖြစ်သည်။ ပုလိပ်အဖမ်းခံ ထိသည့်အခါရှိသလို လွတ်သွား သည့်အခါမျိုးလည်းရှိ၏။ သည် တော့ ယခုလည်း ကြက်ခိုးတိုက် ရသည်မှာ စိုးတထင့်ထင့်နှင့် ကျောမလုံသလိုခံစားရသည်။ ကြက်ဝိုင်းတွင် လူများသည်။ သို့ တိုင် လောင်းကြေးကလည်း များ လွန်း၏။ မြို့ကလာသည်က တော့ ခုနစ်ယောက်နှင့်ကြက်တစ် ကောင်။

မြို့က ကြက်သည် တိုးထက် ကြီးထက် အရပ်မြင့်သည်။ အ လုံးကြီးသည်။ အရောင်မှာ ဥဗန်း (အဖြူအနက်နှင့် အ၀ါရောထား သောအရောင်)။ တိုးထက်ကြီးက ရစ်(အပြောက်အပြောက်များ ရောနှောနေသည့်အရောင်)ဆို သည့်အတွက် အရောင်ကတော့ ကွဲသည်။

ကြက်နှစ်ကောင်ဝိုင်းထဲ စလွှတ်လိုက်ချိန်မှာပဲ တိုးထက် ဘက်က လောင်းထားသောလူ များ လန့်ဖျပ်သွားတော့သည်။ ကြက်ချင်းက အကောင်မမျှ။ အ ရွယ်မတူချေ။ သို့သော် ဖိုးချက် မမှု။ တိုးထက်ကြီးကို အသာ လွှတ်ပေးလိုက်သည်။ ပထမအချီ တွင် တိုးထက်ကြီးအလဲအခွပ်ခံ လိုက်ရသည်။ ပထမအချီအနား တွင်ပဲ ဖိုးချက်စိတ်ထင့်သွားတော့ သည်။ တိုးထက်ကြီးကို အသေ အချာကုပေးသည်။ ရေတိုက် သည်။ နှိပ်နယ်ပေးသည်။

‘‘သားကြီး အဖေတို့မနိုင်လို့ မဖြစ်ဘူးနော်’’

အသေအချာကြည့်၍ တီး တိုးပြောသည်။ ပြီး။ ဒုတိယအချီ ချပေးလိုက်ပြန်သည်။ တိုးထက် ကြီးသည် အသာစီးမရ။ အခွပ်ပဲ ခံရသည်။ သို့သော် ဒုတိယအချီ ပြီးခါနီးတွင် တိုးထက်ကြီးခွပ် လိုက်သော ခွပ်ချက်တွင် တိုး ထက်ကြီး၏ ချွန်မြနေသောခြေ ထောက်မှ အတက်အဆူးသည် တစ်ဖက်ကြက်မျက်လုံးထဲသို့ စိုက်ဝင်သွားတော့သည်။

သို့နောက် တစ်ဖက်ကြက် သည် ဆက်မခွပ်နိုင်ဘဲငယ်သံပါ အောင်အော်၍ ပြေးတော့၏။ သည်တော့မှ ဖိုးချက်တစ်ယောက် သက်ပြင်းကို အားရပါးရရှိုက်ချ လိုက်မိတော့သည်။ တိုးထက် လည်း မြော့မြော့သာကျန်သည်။ နေရာတွင် လဲကျသွားတော့ သည်။ ဖိုးချက်ငွေအတော်လေး ရလာခဲ့၏။ တိုးထက်ကြီးကို ပွေ့ ရင်း အိမ်ပြန်လာခဲ့သည်။ အမေ ကတော့ အိမ်တွင် မရှိ။ အိမ်တံခါး ကိုတော့ ခပ်ဟဟစေ့ထား၏။ တံခါးကို ဖွင့်၊ တိုးထက်ကြီးကို သူ့ နေရာသူ ချထားခဲ့ပြီး ရွာမြောက် ပိုင်းက ထန်းတောကို တစ်ချိုး တည်းပြေးလာခဲ့တော့၏။

‘‘လှသောင်းရေ ငါ့ကို အ ကောင်းဆုံးအမြည်းနဲ့ အကောင်း ဆုံးထန်းရည်ရှိသလောက်ချကွာ။ ရော့...ဟော ဒီမှာ ပိုက်ဆံ’’

ကျပ်တန်လေး၊ ငါး၊ ခြောက် ရွက်ကို ခါးပုံစထဲမှ ထုတ်ပေး သည်။

‘‘ကိုကြီးဖိုးချက်နိုင်လာတယ် ဆိုတာ ကျုပ်သိပါတယ်ဗျာ။ ဒါနဲ့ တိုးထက်ကြီးကော’’

‘‘အိမ်မှာ ထားခဲ့တယ်ဟ။ ငါ့ သားကြီးကို အနားယူခိုင်းထား တယ်လေ’’

‘‘ကောင်းပါ့ဗျာ။ ကျုပ် တောင် ကိုကြီးဖိုးချက်ကို အားကျ လို့ တိုက်ကြက်တစ်ကောင် လောက် အညာဘက်တက်ဝယ် မလားလို့’’

ထန်းရည်နှစ်မြူကို ချပေး ရင်းပြောလာသည်။ အကောင်း ဆုံးအမြည်းဖြစ်သည့် ကြောင် သားဟင်းကိုလည်း ချပေးလေ၏။

‘‘ကောင်းတာပေါ့ဟ။ ငါ လိုက်ဝယ်ပေးမယ်။ တိုးထက် တုန်းက အညာကပဲဝယ်ခဲ့တာ’’

လှသောင်းအပြောကို တုံ့ ပြန်ရင်း တစ်ကျိုက်ပြီးတစ်ကျိုက်  ကျိုက်ချလိုက်၊ အမြည်းစားလိုက် နှင့် အပန်းတော်ဖြေလေသည်။ အတန်ကြာတော့ ဖိုးလုံးရောက် လာသည်။ ဖိုးချက်မထနိုင်ဘဲ ၀ိုင်း ဆက်သွားတော့လေသည်။

တဖြည်းဖြည်း ညနေစောင်း လာ၏။ ညနေစောင်း၍ မြောက် ပြန်လေသည်လည်း တမြေ့မြေ့ တိုက်ခတ်လာသည်။ ဖိုးချက်တို့ လည်း ထန်းရည်တမြေ့မြေ့မူး လာပြီး လှသောင်းထန်းတောထဲ တွင်ပဲ လဲကျအိပ်ပျော်သွားကြ တော့သည်။

* * * * *

ဖိုးချက်အိမ်ပြန်မအိပ်နိုင် ပေ။ အမေသည်လည်း ပြန်မလာ နိုင်မှန်းသိသဖြင့် အိမ်တံခါးကို အစောကြီးပိတ်လိုက်သည်။ ထို့ နောက် တခွီးခွီးနှင့်တစ်ယောက် ယောက်အချွဲကျပ်နေသည့်အသံ ကဲ့သို့ စူးစူးဝါးဝါးအသံတစ်ခုကို ကြားလိုက်ရသည်။

‘‘ဟဲ့...ပူစူးမ’’

‘‘ရှင် ကြီးမေကြီး’’

‘‘ညည်း အချွဲကျပ်နေတဲ့အ သံကို ကြားလား’’

‘‘ဟုတ်တယ်နော်။ သမီး ခုန ကြားလိုက်တယ်’’

အချွဲကျပ်သံက ပိုမြန်ပြီး ကျယ်လာသည်။ အမေတို့ တူအ ရီးလည်း ဘယ်ကထွက်နေသည့် အသံလဲဟု လိုက်စစ်ဆေးသည်။

ဟော...တရားခံတွေ့ပြီ။

 နောက်ဖေးချောင်က တိုး ထက်ကြီးဆီမှ ထွက်နေသောအ သံဖြစ်ချေသည်။ တိုးထက်ကြီး မျက်နှာတွင် သွေးစများခြင်းခြင်း ရဲနေသည်။ ခေါင်းလည်းမထောင် နိုင်ဘဲ အောက်သို့ငိုက်ကျနေ၏။ အချွဲများသည်လည်း တခွီးခွီးနှင့် ဆက်တိုက်မြည်ဟည်းနေသည်။ အမေသည် တိုးထက်ကြီးကို စိတ် မချမ်းသာတော့။ နနွင်းမှုန့်နှင့် သူ့ မျက်နှာကို သုတ်ပေးသည်။ ပုဆိုး စုတ်တစ်ခုနှင့်လည်း ထွေးထား ပေးလိုက်သည်။ အချွဲကိစ္စက တော့ အမေမလုပ်တတ်၍ သည် အတိုင်းထားလိုက်ရသည်။

‘‘လူမိုက်..လူမိုက် တိရစ္ဆာန် ကို ညှဉ်းဆဲပြီးပိုက်ဆံရှာတယ်။ သင်းတော့ ဒုက္ခတွေ့တော့မယ်’’

ပါးစပ်မှ တဖွဖွရေရွတ်နေမိ သည်။

အိပ်မည်ကြံသော်လည်း သားစိတ်ကြောင့် အိပ်၍မပျော် နိုင်။ သည်တော့ ခြင်ထောင်အပြင် ထွက်လိုက်သည်။ မီးခွက်ကလေး ကို ထွန်းလိုက်သည်။ ပြီး အနား ရှိ ဆေးပေါ့လိပ်ငုတ်တိုလေးကို မီးတို့ပြီး ဆက်တိုက်ဖွာရှိုက်ချ လိုက်မိတော့သည်။ တိုးထက် ကြီး၏ အချွဲကျပ်သံကတော့ ညံ မြဲညံလျက်။

* * * * *

မနက်လင်းသည်အထိ ဖိုး ချက်နှင့် ဖိုးလုံးသည် လှသောင်း ထန်းတောထဲတွင် ဇိမ်ကျနေသေး သည်။ လှသောင်းသည် မနှိုးရဲ။ နှိုးလိုက်လျှင် သူ့ကိုပြဿနာရှာ မည်ကို ကြောက်၏။ သို့သော် ထန်းတောနှင့်မနီးမဝေးတွင် ရွာ မြောက်ပိုင်းက ကိုကြီးဘသာတို့ လာနေသည်ကိုတော့ လှမ်းတွေ့ နေရသည်။

‘‘လှသောင်းရေ...လှ သောင်း ဖိုးချက်တို့ရှိလား’’

ကိုကြီးဘသာအသံသည် အ လျင်လိုနေ၏။

‘‘ရှိတယ်ကိုကြီးရေ အိပ်နေ ကြတယ်’’

ကိုကြီးဘသာသည် ဖိုးချက် ကို အတင်းလှုပ်နှိုးသည်။

‘‘ဟေ့ကောင်.. ဖိုးချက်.. ဖိုး ချက် ထစမ်းပါဦးဟ’’

မျက်လုံးနှစ်လုံးကို လက်ဖြင့် ခပ်ကြာကြာပွတ်သပ်ရင်း ဖွင့် ကြည့်သည်။

‘‘ကိုကြီးဘသာ ဘာတုန်း ဗျာ။ ကျုပ်အိပ်ရေးမ၀သေးဘူးဗျ’’

‘‘အိပ်ရေးမ၀သေးဘူး လုပ် မနေနဲ့။ မနေ့က မြို့က ကြက် တိုက်တဲ့သူတွေ ပြန်ရောက်နေ တယ်။ မင်းတိုးထက်ကြီးနဲ့ ထပ် တိုက်မလို့တဲ့’’

သို့မှ ဖိုးချက်ကြုံးထလိုက် သည်။ ပြီး ဖိုးလုံးကို ခြေထောက် နှင့် ခပ်ဆတ်ဆတ်ကန်လိုက် သည်။

‘‘ဖိုးလုံး ထစမ်းပါဦးဟ’’

‘‘ဒါနဲ့ ကိုကြီးဘသာကျုပ် ကြက်ပင်ပန်းနေပြီဗျ။ မရ လောက်ဘူးထင်တယ်’’

‘‘မင်းကလည်း သူတို့ကြက် ကလည်း မနေ့က တစ်လုံးကန်း ကြီးပဲ ပြန်ယူလာတာဟ။ လောင်း ကြေးကလည်း မနေ့ကထက် နှစ်ဆတဲ့ မောင်ရ’’

ဖိုးလုံးပါ မျက်လုံးပြူးသွား သည်။ ဖိုးချက်စိတ်ဝင်စားသွား သည်။ ခဏစဉ်းစားသည်။ ဖိုးလုံး နှင့်တိုင်ပင်သည်။ နောက်ဆုံး သဘောတူလိုက်သည်။ ဖိုးချက် သည် အိမ်ကို ခပ်သုတ်သုတ် အပြေးလာခဲ့သည်။ အိမ်ရောက် တော့ အမေ၏ဆူသံက ဆီးကြို နေသည်။

‘‘ဖိုးချက်ရယ်.. တိုးထက် ကြီးသေတော့မယ်။ နင်လည်း လေ လူမှဟုတ်သေးရဲ့လား ဟယ်။ လောဘဇောတွေတက်ပြီး တိရစ္ဆာန်ကိုညှဉ်းဆဲတယ်။ နင့်အ ကျင့်ကလေ နင်လိုချင်တာရပြီး လျှင် နင်နဲ့မဆိုင်သလို ချောင်ထိုး ထားတယ်။ တိုးထက်က သက်ရှိ ဟဲ့။ သက်မဲ့မဟုတ်ဘူး။ နည်း နည်းပါးပါး ကြင်နာပါဦး’’

အမေ့အပြောကို ဘာမျှ မတုံ့ပြန်ဘဲ တိုးထက်ကြီးကိုသာ အိမ်ရှေ့ကပြင်သို့ ပွေ့လာခဲ့ သည်။ တိုးထက်ကြီးအခြေအနေ ကို ဖိုးချက်မဟန်မှန်းသိသည်။ သို့ သော် လောင်းကြေးက နှစ်ဆဆို သည်က စိတ်ကိုအနိုင်ယူထား လေသည်။ တိုးထက်ကြီးသည် သူ့သခင်က ပွေ့ထားတော့ မျက် နှာက ရွှင်သွားသည်။ လန်းဆန်း သွားသည်။ ဖိုးချက်ကတော့ သူ ကြက်တိုက်ခါနီး လုပ်မြဲလုပ်သော အလုပ်တို့ကို လုပ်သည်။ အမေ လည်း ဖိုးချက်ကို အကြောမတည့် ၍ သူ့နှမတွေအိမ်ဘက်ကူးသွား လေ၏။ အမှန်အတိုင်းပြောရ လျှင် အမေသည် တိုးထက်ကြီး ကို ထပ်တိုက်လိမ့်မည်ဟု လုံးဝ မထင်ခဲ့မိပါ။ တိုးထက်ကြီး ပင် ပန်းပြီး နေမကောင်းဖြစ်သည်ကို ဖိုးချက်ပြုစုပေးနေသည်ဟုသာ ထင်နေသည်။ တိုးထက်ကြီး လည်း သူ့သခင်အခြေအနေကို သိတော့ မှိုင်ကျသွားတော့သည်။

‘‘အဖေ့သားကြီး ဒီနေ့နိုင် အောင်ထပ်ခွပ်ပေးဦးနော်’’

သူ့သခင်စကားကို ကြားရ တော့ နားမှာခါးသွားတော့သည်။ ဒဏ်ရာဗရပွနှင့် သူ့ကိုရက်စက်ရ ကောင်းလှဟု စိတ်မကောင်းဖြစ် ရသည်။ သို့သော် မစွမ်းချေ။ ချိန်း ၀ိုင်း(ကြက်ဝိုင်း)သို့ ရောက်ခဲ့ရ လေသည်။ လောင်းကြေးက နှစ် ဆဆိုသည့်အတိုင်း ကြက်ပွဲလာ ကြည့်သည့်လူတွေသည်လည်း မနေ့ကထက်သာ၍များသည်။ ပထမအချီဝိုင်းထဲသို့ ကြက်နှစ် ကောင်ကို ချပေးလိုက်သည်။ တိုး ထက်ကြီး၏ ခြေလှမ်းများသည် လေးပင်၍ ယိုင်နဲ့နေသည်။ တစ် ဖက်ကြက်သည်လည်း သူ့ကို မျက်လုံးကန်းအောင်ခွပ်ထား သည့်အတွက် တိုးထက်ကြီးကို ရွံ့ နေဟန်တူသည်။ သို့သော် သူ သည် တိုးထက်ထက်ဖျတ်လတ် သွက်လက်နေသည်။  တိုးထက် ကြီး၏ ခွပ်ချက်တွင် အားမပါနိုင် တော့ချေ။ ဒါကို တစ်ဖက်က ကြက်ကသိတော့ အတင်းလိုက် လုံးသည်။ တိုးထက်ကြီးလည်း တစ်ဖက်ကြက်၏ ချိုင်းအောက် တွင် မျက်နှာကိုဝှက်ဝှက်ထားပြီး ရှောင်သည်။ တဖြည်းဖြည်း တိုး ထက်ကြီး၏ ခြေလှမ်းများသည် ရုန်းကန်ရင်း တုံ့ဆိုင်းလာသည်။ မျက်နှာသည်လည်း ကျိန်းစပ်နာ ကျင်ကိုက်ခဲလာလေသည်။ လူ တွေ၏လက်ခုပ်သံနှင့် သူ့ကို ဆဲ ဆိုသံတို့ကိုသာ ခပ်သဲ့သဲ့ကြားနိုင် တော့သည်။ နောက်ဆုံးမည်သို့မျှ မခွပ်နိုင်သည့်အဆုံး မြေပြင်ပေါ် သို့ လှဲချပေးလိုက်ရတော့၏။ တစ်ဖက်ကြက်၏ ခွပ်သမျှကို အ လူးအလဲခံရရှာသည်။ တိုးထက် ကြီး ရှုံးခဲ့လေပြီ။ သို့ကြောင့် သခင်ဖိုးချက်၏ငွေများနှင့် တိုး ထက်ဘက်မှ လောင်းထားသော ငွေများသည်လည်း တစ်ဖက် လက်ထဲသို့ ဒလဟောပါသွား တော့သည်။ ဖိုးချက်၏ခေါင်း သည်လည်း မူးဝေနောက်ကျိသွား သည်။ တိုးထက်ဘက်မှ လောင်း ထားကြသောသူတို့သည် တိုး ထက်ကိုသာမက ဖိုးချက်ကိုပါ ပြစ်တင်ရှုတ်ချကြသည်မှာ နားမခံနိုင်အောင်ဖြစ်ရသည်။ သူငယ် ချင်းဖိုးလုံးကပါ ‘‘မင်းကြက် စောက်ချိုး မပြေတာပါကွာ’’ ဟု ပြောလာတော့ ဖိုးချက်စိတ်ထဲ ထောင်းခနဲဖြစ်သွားသည်။

မြေကြီးပေါ်လဲကျနေသော တိုးထက်ကြီးကို ခြေထောက်မှ ခပ်တင်းတင်းဆုပ်ကိုင်လိုက် သည်။ တိုးထက်ကြီးသည် မျက် လုံးလေးကို ခပ်ဟဟဖွင့်ကြည့်နေ သည်။ သိပ်မကြာ ခဏအတွင်း မှာပင် တိုးထက်ကြီးကို စုံကိုင် ကာ အနားရှိအုန်းပင်နှင့်ရိုက်ချ လိုက်တော့သည်။

အားပါပါ ရိုက် ချလိုက်မှုကြောင့် သုံးချက်မြောက် မှာပင် တိုးထက်ကြီးအသံတောင် မထွက်နိုင်ရှာတော့ဘဲ အသက် ထွက်သွားတော့သည်။ ကြက်ဝိုင်း လာကြည့်သူပရိသတ်အပေါင်း လည်း အံ့ဩစိတ်၊ ကရုဏာစိတ် တို့ရောပြွမ်းကာ ကြက်ဝိုင်းမှ ခွာ သွားတော့သည်။ ဖိုးချက်လည်း မည်သူ့မျှ အရေးမလုပ်။ တိုးထက် ကြီးကို ခြေထောက်မှ ကိုင်စွဲပြီး အိမ်သို့ပြန်လာခဲ့လေသည်။

‘‘ငါ့ကို သောက်ရှက်ခွဲတဲ့ ကြက်။ သေတာပဲ ကောင်းတယ်။ ကြက်သွန်နိုင်နိုင်နဲ့ ကာလသား ချက်ကို ချက်စားပစ်မယ်’’ ဟု လည်း ပါးစပ်မှကြွေးကြော်လာ ခဲ့သေးသည်။

* * * * *

‘‘အမေရေ ငရုတ်သီး ထောင်းဗျာ။ ကျုပ်ဒီကောင်ကို အမွေးနုတ်လိုက်မယ်’’

ခြံဝသို့ ရောက်ရောက်ချင်း မဆိုင်းမတွ သည့်နှယ်ဆိုလာ သည်။ ပြတင်းပေါက်မှာ လက် ချုပ်ချုပ်နေသည့်အမေက အသံ ကြားရာသားဆီကို စောင်းငဲ့ ကြည့်လိုက်မိ၏။ ဖိုးချက်လက်ထဲ တွင် တိုးထက်ကြီးကို တွေ့လိုက် ရတော့ ရင်တွင်းဗလောင်ဆူသွား သည်။ ထိုင်ရာမှ ထလိုက်သည်။

‘‘ဖိုးချက် နင်....နင် တိုး ထက်ကြီးကို....’’

‘‘ဟုတ်တယ် အမေ။ ဟို ဘက်ကြက်ကို နိုင်အောင်မခွပ် နိုင်လို့ ကျုပ်ရိုက်သတ်ပစ်လိုက် တာ’’

‘‘အမလေး...လေ...လေး မိုက်လိုက်တဲ့လူမိုက်ကြီး။ နင့် ကျေးဇူးရှင်ကို နင်ပြန်သတ်လိုက် တယ်ပေါ့ဟုတ်လား။ နင်တော် တော်အကုသိုလ်ကြီးပါလား ငါ့ သားရယ်။ သူက နင့်ကိုအသွေး အသားနဲ့ရင်းပြီး ရှာကျွေးနေတာ လေ။ နင်မနေ့ကနိုင်တုန်းကတော့ ပျော်လို့ ရွှင်လို့။ တိုးထက်ကြီးမှာ တော့ နာကျင်ကိုက်ခဲလို့။ ငွေ လည်းရလာရော နာကျင်နေတဲ့ တိုးထက်ကြီးကို နင်ချောင်ထိုး ထားခဲ့တယ်။ သူ နင့်အပေါ်ဘယ် လောက်ကောင်းခဲ့လဲ နင်မသိ ဘူးလား။ ခွပ်သမျှပွဲတိုင်းနိုင်ပြီး ဒီတစ်ပွဲလေးရှုံးမိတော့မှ နင်ရက် ရက်စက်စက်ရိုက်သတ်လိုက်ရ တယ်လို့ဟယ်။ အသုံးဝင်တုန်းက တော့ တပွေ့ပွေ့တပိုက်ပိုက်နဲ့ ယုယလိုက်တာ။ အသုံးလည်း မ၀င်ရော နင်ရိုက်သတ်ပစ်လိုက် တယ်။ နင်ဟာ...လူမိုက်...’’အမေ့စကားများသည် ဖိုး ချက်၏ရင်ဘတ်ကို တစ်လုံးချင်း လာမှန်နေတော့၏။

‘‘လူမိုက်ထက် နင်ဟာ လူ ယုတ်မာ။ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်လေးကိုတောင် ညှဉ်း ပန်းနှိပ်စက်သတ်ဖြတ်တဲ့ အ ကောင်။ နင့်မှာလူစိတ်ကောရှိ သေးရဲ့လားဟယ်။ နင်ဟာ တိရစ္ဆာန်လောက်တောင် အသိ မရှိဘူး’’

အမေ၏ ထိုစကားအဆုံး တွင် လက်ထဲမှကိုင်ထားသော တိုးထက်ကြီးကို အောက်သို့ လွှတ်ချလိုက်သည်။ သူသည် လည်း ဒူးထောက်လျက်သား မြေ ပြင်ပေါ်သို့ ကျသွားသည်။ သူအ မှားကြီးမှားခဲ့ပြီကို သူသတိချပ်မိ လိုက်ဟန်ပေါ်၏။ သူ၏ အတ္တ လောဘ၊ ဒေါသတို့သည် သူ၏ သိစိတ်ကို အနိုင်ယူထားခြင်းပင် ဖြစ်သည်ကို သူကောင်းစွာနား လည်လိုက်လေ၏။ သူသည် ကြီး စွာသောနောင်တကို ရရှိသော် လည်း တိုးထက်ကြီးကတော့ အခါနှောင်းခဲ့လေပြီ။ တိုးထက် ကြီးကို ရင်ဝယ်ပိုက်လျက် ရှိုက် ကာ ရှိုက်ကာ ဟစ်အော်ငိုကြွေးနေ မိတော့သည်။ အမေသည်လည်း ဘာမျှ မလုပ်ဘဲ ဖိုးချက်၏လှုပ် ရှားမှုကိုသာ ကြည့်နေမိတော့ သည်။

ထမင်းတစ်အိုးချက်လောက် ကြာတော့ တိုးထက်ကြီးကို ကပြင်ပေါ်သို့ အသာတင်လိုက် သည်။ ပြီး အမေရှိရာ အိမ်ပေါ်သို့ ဖိုးချက် ဖြည်းလေးစွာတက်လာ ခဲ့သည်။ အမေသည် သူ့သားကို မျက်နှာချင်းမဆိုင်ဘဲ တစ်ဖက်ကို မျက်နှာလွှဲထားပစ်၏။

‘‘အမေ ကျုပ်မှားပါတယ် အမေရယ်။ ကျုပ်ကို ရိုက်ပါ။ ကျုပ်ကိုရိုက်ပါ။ ကျုပ်ကိုသတ်ပစ် လိုက်ပါဗျာ’’

အမေ့ရင်ခွင်ထဲသို့ ခေါင်း တိုး၍ ထိုသို့ဆိုလာတော့ အမေက ပါ မျက်ရည်မထိန်းနိုင်။ အမေ့ မျက်ရည်ဥတို့က ၀ဲပျံခုန်ဆင်းလာ တော့သည်။ သားဖြစ်သူကို တင်း တင်းကျပ်ကျပ် သူ့ရင်ခွင်ထဲသို့ ထိုးသွင်းကာ ဖက်ထားလိုက်မိ သည်။

‘‘လိမ္မာပါတော့ လူလေး ရယ်။ လိမ္မာပါတော့ကွယ်။ မမိုက် ချင်ပါနဲ့တော့’’

ဖိုးချက်သည် ထိုစကားအ ပြီး အမေ့ကိုမော့ကြည့်သည်။ ပြီး စကားကြီးတစ်ခွန်းကို ငိုရှိုက်ရင်း လှိုက်လှဲစွာပြောချလိုက်၏။

‘‘ကျုပ် လိမ္မာပါတော့မယ် အမေရယ်။ အမေ့စကားကို ကျုပ် နားထောင်ပါတော့မယ်။ ကျုပ် မှားမှန်းသိပါပြီ။ နောင်တတွေ လည်း ရနေပါပြီဗျာ’’

ဖိုးချက် ငိုကြွေးမြည်တမ်း လေသည်ကို အမေမြင်ရတော့ ၀မ်းသာရသလို တိုးထက်ကြီးအ တွက် လွန်စွာဝမ်းနည်းရပြန် သည်။

‘‘အမယ်လေး ငါ့သားရယ်။ အမေ ဒီနေ့ကိုစောင့်နေတာကြာ ပြီကွယ့် လူမိုက်ကြီးရဲ့’’

ကျောပြင်ကို ဖြည်းညင်းစွာ ထုရိုက်၍ပြောလာသည်။

အမေသည် အိပ်မက်မက် နေသလားဟုတောင် ထင်နေမိ တော့သည်။ သူ့သားဆီမှ သူအ လိုချင်ဆုံးသောစကားကို ကြားရ တော့ အတိုင်းမသိဝမ်းသာရ သည်။ ဖိုးချက်၏ကျောကို ပွတ် သပ်ရင်းလည်း ၀မ်းသာပီတိဖြစ်မိ နေတော့သည်။


ထိုသို့အမေ၀မ်းသာပီတိ ဖြစ်နေတဲ့အချိန်မှာပဲ အိမ်ရှေ့က ပြင်ပေါ်မှ တိုးထက်ကြီးသည် နှစ် ချက်၊ သုံးချက်ထခုန်ပြီး မြေကြီး ပေါ်သို့ ပြုတ်ကျသွားလေသည်။ အမေနှင့် ဖိုးချက်လည်း အိမ်ပေါ် မှ အပြေးဆင်း၍ကြည့်တော့ ခုန မမှိတ်ဘဲရှိနေသည့် တိုးထက်၏ မျက်လုံးအစုံသည် ထာဝရမှိတ် စက်သွားသည်ကို တွေ့လိုက်ရပါ တော့သည်။

No comments:

Post a Comment