Sunday, July 7, 2019

တစ်ရက်အတွင်း ငလျင်(၄)ကြိမ် လှုပ်ခတ်ခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိဟုဆို

ဇူလိုင်လ(၅)ရက် တစ်ရက်တည်းတွင် မြန်မာနိုင်ငံအတွင်း ငလျင်(၄)ကြိမ် လှုပ်ခတ်ခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိ ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုကို ဇူလိုင်လ(၆)ရက်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။



“အသေးစားလေးတွေ လှုပ်သွားတာပါ။ သိပ်ပြီးစိုးရိမ်းစရာတော့ မရှိပါဘူး။ စောင့်တော့ စောင့်ကြည်နေရတယ်။ ငလျင်အသေး တွေလှုပ်ပြီး အကြီးလည်း လှုပ်လာနိုင်ခြေရှိတာကြောင့် အချိန်နဲ့အမျှ ပညာရှင်တွေကစောင့်ကြည့်နေကြပါတယ်။ မနေ့က ဖြစ် သွားတာကတော့ ဖြစ်ရိုးဖြစ်စဉ်လှုပ်ခတ်မှုဖြစ်တဲ့အတွက် ဘယ်သူမှ သိသိသာသာခံစားခဲ့ရတာတော့ မရှိပါဘူး။ ငလျင်ပညာရှင် တွေအနေနဲ့ စောင့်ကြည့်နေကြပါတယ်”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးကျော်ဦးက ပြောသည်။

ဇူလိုင်လ (၅)ရက် နံနက် (၅)နာရီ၊ (၁၁)မိနစ်၊ (၅၃) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက်(၇၄)မိုင် ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း ( ဟုမ္မလင်းမြို့၏ အရှေ့- အရှေ့တောင်ဘက် (၂၈)မိုင်ခန့် အကွာ) မြောက်လတ္တီ တွဒ် (၂၄.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၄) ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း သိရသည်။

ထို့အပြင် နံနက် ၁၁ နာရီ၊ ၁၆ မိနစ်၊ ၃၇ စက္ကန့် အချိန်က မြန်မာ့ပင်လယ်ပြင်၊ မာန်အောင်မြို့ အနောက်-အနောက်တောင်ဘက် ၄၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၇၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၀၈ ဒီဂရီ၊ အနက် ၇၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားပြီး၊ နံနက် ၁၀ နာရီ၊ ၀၆ မိနစ်၊ ၅၉ စက္ကန့်အချိန်ကလည်း မြန်အောင်မြို့ အနောက်တောင်ဘက် ၂၂ မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၁၈.၀၁ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၅.၁၄ ဒီဂရီ၊ အနက် ၁၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်း ငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားကြောင်း သိရသည်။

နံနက် ၈ နာရီ၊ ၄၂ မိနစ်၊ ၀၉ စက္ကန့် အချိန်ကလည်း ကျောက်ဖြူမြို့ အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉.၃၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၆၇ ဒီဂရီ၊ အနက် ၃၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment