Sunday, July 7, 2019

သမိုင်းထဲက ဆဲဗင်းဇူလိုင်

ကျောင်းဝင်းထဲတွင် ဆန္ဒပြနေသော ကျောင်းသားများကို သေနတ်ဖြင့် ပစ်ရခြင်း အကြောင်းရင်း နှင့် သမဂ္ဂအဆောက်အဦးကို ဖောက်ခွဲဖျက်ဆီးရခြင်း အကြောင်းရင်းကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၏ ရှင်းလင်းချက် 
ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက ရန်ကုန်တက္ကသိုလ်အဖြစ်အပျက်နှင့်ပတ်သက်၍ မြန်မာ့အသံမှ ဇူလိုင် ၈ ရက်နေ့ ည ၇ နာရီတွင် တိုင်းပြည်သို့ မိန့်ခွန်းပြောကြားချက်
    ပြည်သူလူထုပေါင်းတို့ခင်ဗျာ.....
    ဒီနေ့ဟာ ကျွန်တော်တို့တော်လှန်ရေးကောင်စီအတွက် အလွန်စိတ်မချမ်းမသာဖြစ်ရတဲ့ နေ့တစ်နေ့ဖြစ်ပါ တယ်။

မရှောင်သာ၍
    ပြဿနာအမျိုးမျိုးကို တက်နိုင်သမျှ သာယာညင်းပျောင်းစွာနဲ့ ဖြေရှင်းဖို့တော်လှန်ရေးကောင်စီအနေ ဖြင့် အစဉ်ဦးစားပေးခဲ့ပါတယ်။ သို့သော်လည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများရဲ့ ကိစ္စမှာ ညင်ညင်သာ သာ ဖြေရှင်းလို့မရနိုင်တော့အောင် တစ်ဖက်မှဖန်တီးလာတဲ့အတွက် ကျွန်တော်တို့အနေဖြင့် မလွှဲမရှောင်သာ လို့ရှိတဲ့အားတစ်စိတ်တစ်ဒေသအသုံးပြုပြီး ဖြေရှင်းလိုက်ရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ တစ်တွေမှာ စိတ်မချမ်းမသာခြင်းဖြစ်ရပါတယ်။
   
အကြမ်းဖက်ခဲ့၍
    စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖြစ်ချင်တိုင်းဖြစ်နေတာကို မကြည့်နိုင်လို့ ကျွန်တော်တို့အခြေအနေကို ၀င် ထိန်းခဲ့ရတာကို တိုင်းပြည်က သိပြီးသားပါပဲ။ ဒီစည်းမဲ့ကမ်းမဲ့ဘ၀ကိုတော့ ပြင်ရမယ့်တာဝန် ကျွန်တော် တို့ အပေါ် ကျရောက်နေခဲ့ပါသဖြင့် ကျွန်တော်တို့ဟာ တိုင်းပြည်ကိစ္စအ၀၀မှာ စည်းကမ်းကလနားသတ်မှတ်ပေးဖို့ ဆုံးဖြတ်ပြီးပါပြီ။
    အဲဒီဆုံးဖြတ်တဲ့ကိစ္စတစ်ခုအနေဖြင့်လည်း ယခုရန်ကုန်တက္ကသိုလ်မှာ စည်းကမ်းကန့်သတ်တာကို တစ် ဖက်မှ ကလန်ကဆန်အကြမ်းဖက်ခဲ့တာကြောင့် မလွှဲမရှောင်သာတော့သဖြင့် အထက်ကပြောခဲ့တဲ့အတိုင်း ရှိတဲ့အားတစ် စိတ်တစ်ဒေသသုံးခဲ့ရပါတယ်။
    ကျွန်တော်တို့တော်လှန်ရေးကောင်စီအနေဖြင့် စည်းကမ်းကလနားသတ်တာကို ကဖျက်ယဖျက်လုပ်ကြ ရင်ဖြင့် ပြတ်ပြတ်သားသား အရေးယူမယ်ဆိုတာ အသိပေးလိုပါတယ်။
   
ပညာတတ်ဖို့
    ကျောင်းသားလောကတစ်ခုလုံးကို တိုင်းပြည်တာဝန် ဦးစီးထမ်းဆောင်နေသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ပြောလိုတာကတော့ တိုင်းပြည်ကိုတကယ်တိုးတက်အောင် ပြုပြင်ဆောင်ရွက်လိုလျှင် တကယ်ပညာတက် ဖို့ဟာ အရေးကြီးပါတယ်။ ဘွဲ့ရဖို့လောက်၊ စာမေးပွဲအောင်ဖို့လောက်သာ ယခုတော့အရေးကြီးတယ်လို့ ထင် နေကြတယ်။ အဲဒါဟာ အင်မတန်မှားယွင်းတဲ့အမြင်ပါ။ စာမေးပွဲအောင်ပြီး တကယ်ပညာမတတ်ကြရင် နဖူးတွေ့ ဒူးတွေ့လုပ်ကြတဲ့အခါမှာ အခက်အခဲများကို ရင်ဆိုင်ကြရပါလိမ့်မယ်။

တိုင်းပြည်အရှုံး
    အဲဒီလိုရင်ဆိုင်ခဲ့ရတဲ့အခါမှာလည်း တကယ်ပညာမတတ်ရင် အရှုံးဆိုတဲ့အဖြေတစ်ခုပဲ ထွက်ပါလိမ့် မယ်။ အဲဒီအရှုံးဟာတစ်ဦးတစ်ယောက်တည်းခံရတာမဟုတ်ဘဲနဲ့ တစ်တိုင်းပြည်လုံးခံရမယ့်အရှုံးဆိုတာ သိနားလည် စေချင်ပါတယ်။ ဒါကြောင့် စာမေးပွဲအောင်ဖို့၊ ဘွဲ့ရဖို့ထက် တကယ်ပညာတက်အောင် ကြိုးစားပါလို့ ပြောလိုပါ တယ်။

ပယောဂအမှောင့်
    နိဂုံးချုပ်ပြောလိုတာကတော့ ယခုဖြစ်ပျက်ခဲ့တဲ့ကိစ္စဟာ ကျောင်းသားများရဲ့ ကိစ္စတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေးပယောဂအမှောင့်များ ဖမ်းစားတယ်ဆိုတာ ကျွန်တော်တို့ရိပ်စားမိပါတယ်။ အဲဒီလိုပယောဂ၀င်ပူးတဲ့ အဖွဲ့အစည်းတွေကိုပြောလိုတာကတော့ တိုင်းပြည်မျက်နှာကို ထောက်လျှင် ကျွန်တော်တို့လုပ်စရာရှိတဲ့ လုပ် ငန်းတွေကို လုပ်ခွင့်ရအောင် အချိန်ပေးစေလိုပါတယ်။ ဒါဘာဖြစ်လို့ပြောရသလဲဆိုတော့ ကျွန်တော်တို့တိုင်း ပြည်မှာအလုပ်ထက် အပြောကို ဦးစားပေးနေကြတာကြောင့် အလုပ်မတွင်ကျယ်ခဲ့တာ နောက်ကြောင်းရာဇ ၀င်က သာဓကပြနေတာကြောင့်ပါပဲ။
   
တမင်ဆိုလျှင်
    ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင်ရည်စူးပြီး တမင်လုပ် နေကြတယ်ဆိုလျှင်တော့ ကျွန်တော်နောက်ထပ်ဘာမျှမပြောလိုပါဘူး။ အနည်းဆုံး ဓားကို ဓားချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာရှိပါတော့တယ်။ အဖျက်သဘောနှင့်အပြုသဘောခွဲခြားဝေဖန်နိုင်ကြပါစေ။

(ဇူလိုင် ၉ ရက်နေ့၊ ၁၉၆၂ ခုနှစ်၊ ကြေးမုံသတင်းစာ)


(ဆဲဗင်းဂျူလိုင်နေ့တွင် မန္တလေးဆောင်ရှေ့တွင် အဆာင်ကျောင်းသားများက တက္ကသိုလ်နယ်မြေကို ၀ိုင်းထားသည့်အထူးရဲများကို အော်ဟစ်ဆန္ဒပြနေစဉ်)

စစ်အစိုးရ၏ ပထမဆုံး ရက်စက်မှုအဖြစ် သမိုင်းဝင်ခဲ့သော ဇူလိုင် အရေးအခင်းကာလကို ထိုအချိန်က ထုတ်ဝေခဲ့သော သတင်းစာများ၏ ဖော်ပြချက်များ
ကျောင်းသားများဆန္ဒပြကြဦးမည်
ရန်ကုန်၊ ဇူလိုင် ၅
    ဇူလိုင် ၇ ရက် လာမည့်စနေနေ့၌ ရန်ကုန်တက္ကသိုလ်ကျောင်းသာများသမဂ္ဂမှ ကြီးမှူး၍ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းဆောင်နေရာရရေး၊ မူမမှန်သည့် ကျောင်းဆောင်စည်းကမ်းများကို ဖျက်သိမ်းရေး အတွက် ကျောင်းသားထုဆန္ဒပြပွဲတစ်ရပ်ကျင်းပပြုလုပ်မည်ဟုသိရသည်။
(ဇူလိုင် ၆ ရက်နေ့၊ ၁၉၆၂ ခုနှစ်၊ လူထုသတင်းစာ)



အဓိကရုဏ်း
ကျောင်းဆောင်ကိစ္စဆန္ဒပြရာမှ အစ
အဓိကရုဏ်းဖြစ်ပွားရာ ၂၇ ဦး ဒဏ်ရာရ၊ ၁၅ ဦးသေဆုံးသည်။
ရန်ကုန်၊ ဇူလိုင် ၇
    တက္ကသိုလ်များတွင် ထုတ်ပြန်ထားသော ကျောင်းဆောင်စည်းကမ်းကို ကျောင်းသားများက မကျေနပ်၍ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း၌ ယမန်နေ့ နေ့လယ်က ကျောင်းသားများ ဆန္ဒပြရာမှ အဓိကရုဏ်းဖြစ်ပွားရာ ရဲအချို့နှင့် ကျောင်းသားအချို့ ဒဏ်ရာအသီးသီးရရှိသွားကြသည်။
    ယနေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှကြီးမှူး၍ ကျောင်းဆောင်စည်းကမ်း ရုပ်သိမ်းပေးရေးဆန္ဒပြပွဲကျင်းပရာ သဘာပတိအဖြစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဗဆွေလေး က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် အတွင်ရေးမှူးကိုသာဒိုးက ဆောင်ရွက်သည်။ ကျောင်းသား ၂,၀၀၀ ခန့် တက်ရောက်ကြသည်။

ဆုံးဖြတ်ချက်
    ထိုအစည်းအဝေးတွင် ကျောင်းဆောင်စည်းကမ်းများ ဖျက်သိမ်းပေးရန်၊ ကျောင်းဆောင်ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ်ပါဝင်ခွင့်ပေးရန်၊ ကျောင်းဆောင်လိုသူတိုင်း အဆောင်ရရေးအတွက် အစိုးရက ဆောင်ရွက်ပေးရန်နှင့် အဆောင်သစ်များဆောက်လုပ်ပေးရန်။
    ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်းများ ရုပ်သိမ်းရေးအတွက် ကန့်ကွက်ပွဲများကျင်းပ၍ ဆန္ဒ ပြလှည့်လည်ရန်တို့ကို ဆုံးဖြတ်ကြသည်။

စီတန်းလှည့်လည်
    ထို့နောက် ကျောင်းသားများသည် တကသအစည်းအဝေးခန်းမမှ ဆင်းလာကြပြီး တကသအဆောက်အအုံ ရှေ့တွင် စုရုံးကာ မန္တလေးကျောင်းဆောင်၊ တောင်ငူကျောင်းဆောင်၊ ဒဂုံကျောင်းဆောင်၊ ရွှေဘိုကျောင်းဆောင်၊ အဓိပတိလမ်းမှ ဘွဲ့နှင်းသဘင်ကိုပတ်ပြီး အဓိပတိလမ်းအတိုင်း စီတန်းလှည့်လည်၍တကသရှေ့၌  လူစုခွဲလိုက်ကြသည်။
    စီတန်းလှည့်လည်ရာတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများသည် ဆန္ဒပြပွဲပြီးသည့်နောက် သက်ဆိုင် ရာအဆောင်များသို့ မပြန်ကြသေးဘဲ အုပ်စုအလိုက် တကသရှေ့ရှိ မြက်ခင်းတွင်လည်းကောင်း၊ တကသ စားသောက်ဆိုင်တွင်လည်းကောင်း စုရုံး၍ နေကြသည်။
   
ရဲများလာဝိုင်း
    ကျောင်းသားများလူစုကွဲသွားပြီး ကျောင်းသားခေါင်းဆောင်အချို့သာ တကသပေါ်၌ရှိနေစဉ် ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်ရဲအဖွဲ့ဝင် ၁၀၀ ခန့်က တကသအဆောက်အအုံကို ၀ိုင်းဝန်းထားလိုက်ပြီး ကျောင်းသားခေါင်းဆောင်အချို့ကို ဖမ်းဆီးလိုက်သည်။
    ရဲများက ကျောင်းသားခေါင်းဆောင်အချို့ကို ဖမ်းသောအခါ ကျောင်းသားများမှာ ဖမ်းဆီးသောရဲများကို ပြန်လည်ခုခံကာ ‘‘ပုလိပ်အလိုမရှိ၊ ရဲအလိုမရှိ’’ စသည်ဖြင့် အော်ဟစ်ကြသည်။
   
ခဲနှင့်ပေါက်
    တကသအဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော မန္တလေးကျောင်းဆောင်နှင့် အမရကျောင်း ဆောင်မှ ကျောင်းသားများက ခဲများနှင့်ပစ်ပေါက်ကြသည်။ တကသအနောက်ဘက်တွင်ရှိသော သထုံ၊ ပဲခူး စသည့်ကျောင်းဆောင်များမှ ကျောင်းသားများလည်း နောက်ဘက်မှနေ၍ ခဲများနှင့်ပေါက်ကြသည်။
    ကျောင်းသားများ၏ ခဲဖြင့်ပေါက်မှု ပိုမိုများပြားလာသဖြင့် တကသအဆောက်အအုံကို ၀ိုင်းထားသော ရဲ များသည် အဆောက်အအုံအတွင်းမှ ထွက်၍ တက္ကသိုလ်ဝင်းအပြင်သို့ ဆုတ်ခွာပေးလိုက်ရသည်။ ရဲများ တကသ အဆောက်အအုံမှထွက်သွားသောအခါ ကျောင်းသားများသည် အဓိပတိလမ်းထိပ်ရှိ တံခါးကိုပိတ်ကာ ရဲများကို ခဲနှင့်ပေါက်ကြသည်။


(ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းတွင် ၁၉၆၂ ဆဲဗင်းဂျူလိုင်နေ့က ရဲနှင့်ကျောင်းသားများ ထိပ်တိုက်တွေ့နေစဉ်)

စစ်ကူ
    ကျောင်းသားများ၏ ဆူပူမှုမှာ တစ်စထက်တစ်စ များပြားလာသဖြင့် ညနေ ၄ နာရီတွင် သီးသန့်ရဲတပ်ဖွဲ့မှ ရဲသား ၁၀၀ ခန့်သည် အဓိကရုဏ်းနှိမ်နင်းရေးကားနှစ်စီးဖြင့် ရောက်လာပြီး ဆူပူမှုကိုထိန်းသိမ်းကြသည်။
    တစ်ချိန်တည်းမှာပင် သေနတ်ကိုင်တပ်၊ တပ်မတော်သားများသည် ထရပ်ကားကြီး ငါးစီးဖြင့် ရောက် ရှိလာသည်။
    အခြေအနေထိန်းသိမ်းရန် ဒုဗိုလ်မှူးကြီး စိန်လွင်၊ ဒုဗိုလ်မှူးကြီး ကျော်၊ ဒုဗိုလ်မှူးကြီး မောင်မောင်၊ လက်ထောက်ရဲမင်းကြီး ဦးလှငွေတို့သည် ကမာရွတ်ရဲဌာနတွင် ရောက်ရှိနေသည်ကို တွေ့ရသည်။
   
မျက်ရည်ယိုဗုံးသုံး
    ကျောင်းသားများ၏ ခဲပေါက်မှုလျော့နည်းမသွားဘဲ ပိုမိုများပြားလာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး ကားနှင့်ရောက်ရှိလာကြသည့် သီးသန့်ရဲများက မျက်ရည်ယိုဗုံး ခုနစ်လုံး ပစ်ဖောက်လိုက်သည်။
    ဆူပူမှုမှာငြိမ်မသွားဘဲ များလျက်သာရှိနေသဖြင့် ဒုဗိုလ်မှူးကြီး စိန်လွင်က ရဲမင်းကြီးဦးလှငွေကို ရဲများ ဖြင့်သာ ဆူပူမှုထိန်းသိမ်းပေးရန် တာဝန်ပေးသည်။

အရာရှိများလာ
    ညနေ ၄ နာရီမိနစ် ၂၀ တွင် အထူးသတင်းထောက်လှမ်းရေးဌာန ရဲမင်းကြီးဦးတင်မောင်မောင်နှင့် တတိယရာဘက်တရားသူကြီး ဦးမောင်မောင်ကျင်တို့ရောက်ရှိလာပြီး အခြေအနေကို အကဲခတ်နေသည်။ တစ်ချိန်တည်းမှာပင် ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီးတင်စိုး၊ ရန်ကုန်ရဲမင်းကြီး ဦးခင်မောင်မောင်၊ ဒုရဲမင်း ကြီး ဦးသန်း၊ ဒုရဲမှူးကြီး လွင်တို့လည်းရောက်ရှိလာကြသည်။
    ဆူပူနေသော ကျောင်းသားများငြိမ်၍မသွားဘဲ ခဲနှင့်ပေါက်မြဲပေါက်နေသာကြောင့် ၄ နာရီ ၄၅ မိနစ်တွင် မျက်ရည်ယိုဗုံးခြောက်လုံးပစ်၍ ဖိနှိပ်သည်။ သို့သော် ငြိမ်မသွားဘဲ ဆူမြဲဆူနေ၍ မျက်ရည်ယိုဗုံးလေးလုံးထပ်၍ ဖောက်သည်။

အလိုမရှိ
    ထိုသို့မျက်ရည်ယိုဗုံးဖောက်ခွဲလိုက်သဖြင့် ကျောင်းသားများ၏ ခဲပေါက်မှုအနည်းငယ်ငြိမ်သွားသော် လည်း ‘‘အစိုးရအလိုမရှိ’’ဟု ဟစ်အော်နေကြသည်။
   
ထွက်ခဲ့ကြပါ
    ထိုကျောင်းသားများ အော်ဟစ်နေစဉ် ဒုဗိုလ်မှူးကြီးစိန်လွင်သည် ကျောင်းသားများဆန္ဒပြကြွေးကြော်ရာ သို့သွားပြီး ခဲပေါက်မှုပြုခြင်းမှ ရပ်စဲပါက ရဲများရုပ်သိမ်းပေးမည်။ ကျောင်းသားများ ဆူပူမှုငြိမ်သွားအောင် ကျောင်းသားကိုယ်စားလှယ်များထွက်ပါဟုပြောရာ ကျောင်းသား ကိုကျော်၊ ကိုစိန်ဝင်း၊ ကိုထွန်းကျော်၊ ကိုဝင်း ညွန့်နှင့် တက္ကသိုလ်အရန်တပ်မှ စစ်ဝတ်စုံဝတ်ထားသော ကိုလှထွန်းတို့ထွက်လာကြသည်။
    ဆူပူမှုကို ထိန်းသိမ်းပေးမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစိန်လွင်ကို ကတိပေး၍ ဆန္ဒပြလျက်ရှိသော မန္တ လေးကျောင်းဆောင်ထဲသို့ ၀င်သွားကြသည်။
   
ပြတ်ပြီ
    ထိုသို့ဝင်သွားကြစဉ် ဆူပူမှုထိန်းသိမ်းရန် ၀င်လာသော ကျောင်းသားများကို ဆန္ဒပြနေကြသည့် ကျောင်းသား များက ၀ိုင်း၍လှောင်ပြောင်ကြသည့်အပြင် စစ်ဝတ်စုံဝတ်ထားသော တက္ကသိုလ်အရံတပ်ရင်းမှ ကျောင်းသားကိုလှထွန်း၏ စစ်ဝတ်စုံကိုဝိုင်း၍ချွတ်ကြပြီး စစ်ဦးထုပ်ကိုလည်း ဘောလုံးလုပ်ပြီးကန်ကြသည်။

ပေါက်ကြပြန်ပြီ
    ကိုလှထွန်း၏၀တ်စုံကိုမြှောက်ပစ်ကြရာမှ ဆူပူမှုပွားလာပြန်ပြီး ရဲများကိုခဲနှင့်ပေါက်ရာ သီးသန့်ရဲကြပ် ကိုချစ်လွင် ဘယ်ဘက်မျက်ခုံးကွဲသွားပြီး အခြားရဲများလည်း ခြေထောက်၊ ခါး စသည်တို့တွင် ဒဏ်ရာရသွား ကြသည်။
    ကျောင်းသားများခဲပေါက်မှုမှာ ပိုမိုများပြားလာ၍ သီးသန့်ရဲက မျက်ရည်ယိုဗုံး ခြောက်လုံး ထပ်မံပစ်လိုက်သည်။ မျက်ရည်ယိုဗုံးဒဏ်ကြောင့် ဒဏ်ရာရသွားသော ကျောင်းသားများကို ၎င်းတို့အချင်းချင်းဖေးမ၍ ကျောင်းဆောင် အတွင်းသို့ ခေါ်ယူသွားသည်ကိုလည်းတွေ့ရသည်။

မတတ်နိုင်
    ရဲများကိုခဲနှင့်ပေါက်ရုံတင်မက ရဲကားများကိုပါ ခဲနှင့်ပေါက်သောကြောင့် နှိမ်နင်းသောရဲများမတတ်နို်င် တော့ဘဲ ကားများကိုအကာအကွယ်ယူ၍ ပုန်းနေကြရသည်။
   
ရဲများရုပ်သိမ်း
    ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဒုဗိုလ်မှူးကြီးစိန်လွင်က ရဲများအားလုံးနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားနှစ် စီးကို ပြန်လည်ရုပ်သိမ်းသွားစေပြီး တပ်မတော်သားများကို အစောင့်ချလိုက်သည်။
   
ကားမီးရှို့
    တပ်သားများကိုအစောင့်လဲ၍ချလိုက်သောအခါ ဆူပူသောကျောင်းသားများသည် အဓိပတိလမ်းဘက်သို့ ပေ ၂၀ ခန့်ပြန်ဆုတ်သွားပြီး ပါမောက္ခချုပ်ဦးကာ၏ စကိုဒါ စ/၆၅၉ နှင့်ကျောင်းရုံးပိုင် ဘောက်စ်ဝက်ဂွန် စ/၆၂၄၃ ကို လမ်းပေါ်သို့တွန်းလာပြီး မီးရှို့ဖျက်ဆီးလိုက်ကြသည်။



ဆိုးလာသည်
    အခြေအနေမှာ ထိန်းသိမ်း၍မရဘဲ တက္ကသိုလ်စာတိုက်ဘက်မှ တကောင်း၊ ပုဂံ စသည့်အဆောင်များမှ ကျောင်းသားများကလည်း ဆူပူလာပြီး ‘‘အစိုးရအလိုမရှိ၊ တက္ကသိုလ်နယ်မြေက စစ်သားတွေထွက်သွား’’ဟု အော်၍ တပ်သားများကို ခဲနှင့်ပေါက်ကြရာ တစ်ဖက်တွင် မျက်နှာချင်းဆိုင်ရှိနေသည့် မန္တလေးဆောင်နှင့် အဓိ ပတိလမ်းပေါ်တွင်ရှိနေသော ကျောင်းသားများကလည်း အော်ဟစ်ကြွေးကြော်ကြ၍ အခြေအနေဆိုးလာသည် ကို တွေ့ရသည်။
   
ရပ်ကြရန်
    ညနေ ၅ နာရီ မိနစ် ၄၀ တွင် ဗိုလ်မှူးကြီးသန်းစိန်က အသံချဲ့စက်ဖြင့် ဆူပူမှုရပ်ဆိုင်းရန်၊ မရပ်ပါကသေနတ် နှင့်ပစ်နှိမ်ရမည်ဖြစ်ကြောင်း ပြောသည်။
    ကျောင်းသားများမှာ ငြိမ်မသွားဘဲ ဆူပူနေ၍ ည ၆ နာရီအချိန်တွင် သေနတ်နှင့်ပစ်၍ နှိမ်လိုက်ရာ ကျောင်းသားများလူစုကွဲသွားသည်။
   
ဒဏ်ရာရသူများ
    ကျောင်းသားများ လူစုကွဲသွားမှ ဒဏ်ရာရရှိသော ကျောင်းသားများကိုကောက်၍ ရန်ကုန်ပြည်သူ့ဆေး ရုံကြီးသို့ပို့လိုက်သည်။ သေနတ်ဒဏ်ရာရ၍ ဆေးရုံကြီးသို့ရောက်ရှိလာသည့်ကျောင်းသားများမှာ ပင်းယဆောင် မှ ဘီအက်စ်စီ(ခ)တန်းသားကိုမင်းလွင်၊ တကောင်းကျောင်းဆောင်မှ အိုင်အက်စ်စီ (ခ)တန်းသား ကိုစိုးညွန့်၊ ဒဂုံကျောင်းဆောင်မှ အိုင်အေ(ခ)တန်းသား ကိုဉာဏ်၊ ပုဂံဆောင်မှ အိုင်အေ(ခ)တန်းသား ကိုတင်လှိုင်၊ တကောင်းဆောင် ဘီအေ(အေ)တန်းသား ကိုတင်ထွန်း၊ ကိုစိုးဝင်း၊ ပြည်ကျောင်းဆောင် အိုင်အေ(ဘီ)တန်းသား ကိုအေးကြည်၊ နေ့ကျာင်းသား အိုင်အက်(စီ)(အေ) တန်းသားကိုခင်ဦး၊ ပင်းယဆောင်မှ ဘီအေ(ဘီ) တန်းသားကိုအောင်မင်း၊ ဘီအက်(စ်)(ဘီ)တန်းသား ကာနာ ပတ်၊ မန္တလေးဆောင်မှ  ဘီအေ(ဘီ)တန်းသား ကိုထွန်းငြိမ်း၊ သထုံဆောင်မှ ဘီအေ(ဘီ)တန်းသားကိုထွန်း လှိုင်၊ ကိုချစ်အောင်၊ ဘီအက်စ်စီ(ဘီ) အမှတ်(၃)သထုံလမ်း၊ တက္ကသိုလ်ဓာတုဗေဒနည်းပြဆရာ ဦး ဖိုးစိန်၊ မန္တလေးဆောင်နေ ဘီအေ(အေ)တန်းသား ကိုထွေးနိုင် စသည်ဖြင့် ကျောင်းသား ၁၄ ယောက်၊ ဆရာတ တစ်ယောက်နှင့် ဂုံလျှော်စက်အလုပ်သမား ကိုကျော်သိန်း၊ တံတားဖြူအနီးနေ မစ္စတာအာဂျီမား၊ (၆၉)တက္ကသိုလ်အလုပ်သမားတန်းလျားနေ မောင်စိန်သီတို့ ဒဏ်ရာရသွားကြသည်။
    နောက်ထပ်သတင်းအရ သေသူကျောင်းသားရော အရပ်သားပါ ၁၅ ဦး၊ ဒဏ်ရာရရှိသူကျောင်းသား၊ အရပ်သားနှင့် ရဲအပါအ၀င် ၂၇ ဦးရှိသည်ဟုသိရသည်။
    ယခုသတင်းရေးသည့် ည ၉ နာရီခန့်တွင် တက္ကသိုလ်ဝင်းအတွင်း ငြိမ်သက်သွားပြီဖြစ်သည်။
(ဇူလိုင် ၉ ရက်နေ့၊ ၁၉၆၂ ခုနှစ်၊ ကြေးမုံသတင်းစာ)



သူတို့အဖမ်းခံရသည်
ရန်ကုန်၊ ဇူလိုင် ၇
    ကျောင်းဆောင်စည်းကမ်း ကန့်ကွက်ဆန္ဒပြမှုတွင် ခေါင်းဆောင်ကြသော တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသဒုဥက္ကဋ္ဌ ကိုသက်၊ ကိုဉာဏ်ဝင်း၊ ကိုစိုးတင့်၊ ကိုရဲမြင့်၊ ကိုထိန်ဝင်း၊ ကိုကြည် ညွန့်၊ ကိုဝင်းကြည်၊ ကိုတင်ငွေ၊ ကိုချိုတို့ကို ရန်ကုန်ရဲအဖွဲ့က တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အ အုံပေါ်တွင် ဖမ်းဆီးရမိလိုက်သည်ဟု သိရသည်။
(ဇူလိုင် ၉ ရက်နေ့၊ ၁၉၆၂ ခုနှစ်၊ ကြေးမုံသတင်းစာ)


တက္ကသိုလ်ပိတ်
ရန်ကုန်၊ ဇူလိုင် ၇
    တော်လှန်ရေးအစိုးရပညာရေးတာဝန်ခံက ရန်ကုန်တက္ကသိုလ်အား ယနေ့ကြေညာသည့်အချိန်မှစ၍ နောက်ထပ်မကြေညာမချင်း ကျောင်းပိတ်ထားလိုက်ပြီဟု ကြေညာ၏။
(ဇူလိုင် ၉ ရက်နေ့၊ ၁၉၆၂ ခုနှစ်၊ ကြေးမုံသတင်း

အတွေ့အကြုံနှင့် အတွေးအမြင်
၁၉၅၆-၁၉၆၂ ခုနှစ်အတွင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှုးအဖွဲ့ဝင် ၊တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအမှုဆောင် အိုးဝေမဂ္ဂဇင်း တာဝန်ခံ ဖြစ်ခဲ့သည့် ဦးလှရွှေ (အောင်သာ- (PPP) )၏ အတွေ့အကြုံ

            မပြန်ဖို့ဆုံးဖြတ်လိုက်တဲ့အခါကျတော့ ယောက်ျားလေးတွေက ပြဿနာမရှိပေမယ့် မိန်းကလေးတွေက ပြဿနာရှိတယ်။ ရေဖြတ်၊ မီးဖြတ် ဖြတ်လိုက်တဲ့ အခါကျတော့ မိန်းကလေးတွေအတွက် အခက်အခဲဖြစ်တယ်။ ပထမ ကျွန်တော်တို့က တင်းခံနေသေးတယ်။ မိန်းကလေးတွေကလည်း တော်တော် တင်းခံပါသေးတယ်။ ဒါပေမဲ့ အဲဒီလို နောက်ဆုံးရာဇသံပေးလာတော့ ကျွန်တော်တို့က မိန်းကလေးတွေကို အရင်ပြန်ခိုင်းတယ်။
နင်တို့ပြန်မှ ဖြစ်မယ်ဆို ပြီး ဖျောင်းဖျရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆောင်ကိုလည်း မီးဖြတ်လိုက်ပြီ။ ထမင်းလည်း မကျွေးတော့ဘူး။ ယောက်ျားလေးတွေက လှည်းတန်း ဘက် ငှက်ပျောသီးစား၊ ဘာစားလုပ်လို့ရတယ်။ မိန်းကလေးတွေအတွက်က အဆင်မပြေဘူး။ သူတို့ကလည်း မပြန်ဘူးဆိုပြီး ဇွတ်လုပ်နေတော့ သူတို့ ကို အကျိုးအကြောင်းပြောပြရတယ်။

ကျောင်းပိတ်တာကို မပြန်ဘူးဆိုတာဟာ အမှန်တော့ ကျွန်တော်တို့က အာဏာဖီဆန်ရေးလုပ်တာပဲ။ တက္ကသိုလ် ပိတ်တာကို ကန့်ကွက်တာပဲ။ ဒီဥစ္စာလုပ်တာဟာ လုပ်လို့မရဘူးဆိုတာ ကျွန်တော်တို့ နဂိုကတည်းက သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ပြဖို့လိုတယ်။

ဒါပေမဲ့ ပြဿနာကို စဉ်းစားတဲ့အခါကျတော့ မိန်းကလေးတွေက သုံးရက်လောက် ရေမချိုးရရင် အဆင်မပြေဘူး။ သူတို့ကျန်းမာရေးကိစ္စတွေရှိသေး တယ်။ ဒါပေမဲ့ သူတို့ကလည်း တင်းခံနေတယ်။ ငါတို့က ကိစ္စမရှိဘူး။ နင်တို့ပြန်ကြပါဆိုပြီးတော့ အတင်းပြန်လွှတ်ရတယ်။ မိန်းကလေးတွေကို ငဲ့ညာ ပြီးတော့ သူတို့ကို သုံးရက်လောက်စောပြန်ခိုင်းတယ်။ မိဘတွေကလည်း ကားတွေ၊ ဘာတွေနဲ့ လွှတ်ပြီး လာကြိုကြတယ်။ အဲဒီမှာ မိန်းကလေးတွေနဲ့ စစ်သားတွေ စကားတွေဘာတွေများကြတယ်။

ကျွန်တော်တို့က နောက်ဆုံးအစည်းအဝေး နိုဝင်ဘာ ၁၇ မှာ IUS Day လုပ်ပြီးတော့မှ တံခါးတွေဖွင့် ပေးလိုက်တယ်။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် နောက်ဆုတ်ဖို့ ခက်နေကြတယ်။ ဒါနဲ့ ဆရာကြီးသခင်ကိုယ်တော်မိုင်းကိုချဉ်းကပ်ပြီး မေတ္တာရပ်ခံချက်ထုတ် ခိုင်းရတယ်။ ဆရာကြီးရဲ့ မေတ္တာရပ်ခံချက်ကို ဗိုလ်ချုပ်ကျော်ဇောက လာဖတ်ပြတယ်။ ဆရာကြီးရေးတဲ့ စာထဲမှာ သူ့ထုံးစံအတိုင်း မင်းတို့လူကြီးတွေနဲ့ ယှဉ်မမိုက်နဲ့ဆိုတာမျိုးပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ ထွက်ခဲ့ကြတယ်။

အဲဒီအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ဖမ်းဆီးတာတွေစတင်တယ်။ တစ်ပြည်လုံးမှာဖမ်းတယ်။ ရန်ကုန်မှာလည်း နှစ်ထောင်၊ သုံးထောင်လောက် အဖမ်းခံရတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ငါးယောက် ပင်းယဆောင် ရှေ့ကနေပြီးတော့ စီးပွားရေးတက္ကသိုလ်ခြံစည်းရိုးကိုကျော်ပြီးတော့ ထွက်လည်းထွက်၊ ပြေးလည်းပြေးပေါ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ဖမ်းတော့မှာ သေ ချာနေတယ်။ ကိုလှကြည်၊ ကိုမြင့်ဖေ၊ ကိုစိုးသိန်း၊ ကိုစိုးဝင်း (လူထုဒေါ်အမာသား)နဲ့ ကျွန်တော်ပေါ့။ အဖမ်းမခံဘူးဆိုပြီး ထွက်ပြေးကြတယ်။ တံတား ဖြူနားမှာရှိတဲ့ ကိုစိုးဝင်းသူငယ်ချင်းရဲ့ ဘော်ဒါဆောင်မှာ တစ်ညအိပ်ကြပြီး နောက်နေ့မှာ လူစုခွဲကြတယ်။ အများစုက တောခိုသွားကြတယ်။

ဆဲဗင်းဇူလိုင်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ ဆဲဗင်းဇူလိုင်အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့စေချင်တယ်။ တက္ကသိုလ်သမဂ္ဂအဆောက်အအုံကို ပြန်ဆောက်စေချင်တယ်။ ပြန်ဆောက်တဲ့နေရာမှာ မူလဒီဇိုင်းအတိုင်း ဆောက်စေချင်တယ်။ ဆောက်ပြီးတော့ အဲဒီနေရာကို မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်းပြတိုက်အဖြစ် ထားတာပဲဖြစ်စေချင်တယ်။ အဓိက,ကတော့ ဆဲဗင်းဇူလိုင်ကို ဂုဏ်ပြုဖို့နဲ့ အမှတ်ရနေဖို့ပါပဲ။ ကျွန်တော့်သဘောအရဆိုရင် စုံစမ်းရေးကော်မရှင်ဖွဲ့ပါ။ နောင် ဒီလိုအဖြစ်အပျက်တွေ မဖြစ်ပျက်ဖို့ပါပဲ။




(၁၉၆၃ တွင် ပြန်လည်တည်ဆေက်ခဲ့သည့် သမဂ္ဂယာယိတဲအဆောက်အုံနှင့် သမဂ္ဂကျောက်တိုင် )


(ဆဲဗင်းဂျူလိုင်တစ်နှစ်ပြည့်အခမ်းအနားတွင် ကျောင်းသားများက ကျဆုံးကျောင်းသားများအား ဂါရ၀ပြုနေစဉ်)


၇ ရက် ဇူလိုင်အရေးအခင်း(သို့) စစ်အစိုးရရဲ့လူသတ်ပွဲ
    ၁၉၆၂ ဇူလိုင်လထဲမှာ ကမ္ဘာအေးကုန်းမြေမှာ ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးလိုလားသူများရဲ့ အဏုမြူလက်နက်ဖျက်သိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းကာကွယ်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေးစတဲ့ ငြိမ်းချမ်းရေးအသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီညီလာခံကြီးအပြီး ဇူလိုင်လ ၃ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)အဆောက်အအုံကြီးအတွင်း
ကျောင်း သားထုရဲ့ ဆန္ဒပြပွဲတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ရန်ကုန်ခရိုင် တန်းမြှင့်ကျောင်းထွက်စာမေးပွဲဖျက်သိမ်းမှုကို ကန့်ကွက်တဲ့ကျောင်းသားထုရဲ့ဆန္ဒပြပွဲဖြစ်ပါတယ်။

သမိုင်းအစဉ်အလာကြီးမားလှတဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ ကျောင်းသားထုက အောင်မြင်စွာကျင်းပခဲ့တာဖြစ်ပါတယ်။ ဗကသဥက္ကဋ္ဌ ကိုသက်၊ တကသဥက္က ဋ္ဌ ကိုဗဆွေလေးတို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း
မိန့်ခွန်းတွေခြွေခဲ့ကြသလို ကျောင်းသားခေါင်းဆောင် တွေရဲ့ ‘‘ကမောက်ကမပညာရေးစနစ်ကို ဖျက်သိမ်းပစ်ဖို့အကြောင်း၊ ပညာရေးစနစ်ကို ပြုပြင်တဲ့အခါ ပြည် တွင်းငြိမ်းချမ်းရေးလိုအပ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်
တောင်းဆိုကြောင်းဆိုတဲ့ ဆန္ဒ ထုတ်ဖော်သံတွေပါ စီစီညံအောင် ပဲ့တင်သံထပ်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ကျောင်းသားထုက တန်းမြှင့်စာမေးပွဲ ဖျက်သိမ်းမှုကို ကန့်ကွက်ကြောင်း၊ စာမေးပွဲအောင်စာရင်းထုတ်ပေးရန် တောင်းဆိုကြောင်းနှင့် ကမောက်ကမ
ပညာရေးစနစ် ဖျက်သိမ်းရေးဆိုတာတွေကို တင်သွင်းဆုံးဖြတ်သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။
တစ်ဆက်တည်းမှာ-
    ၁။ အရာရှိဆိုးတွေ( အရေးယူပစ်)အရေးယူပစ်။
    ၂၊ စာမေးပွဲအောင်စာရင်း အမြန်ထုတ်ပေး(အမြန်ထုတ်ပေး)။
    ၃။ ကမောက်ကမပညာရေးစနစ် (ဖျက်သိမ်းပစ်) ဖျက်သိမ်းပစ်။
    ၄။ ကျောင်းသားထုကို (မခြိမ်းခြောက်နဲ့) မခြိမ်းခြောက်နဲ့။
    ၅။ ကျောင်းသားထု (သွေးစည်းကြ) သွေးစည်းကြ။
    ဆိုတဲ့ကြွေးကြော်သံတွေနဲ့ တက္ကသိုလ်ဝင်းအတွင်းငြိမ်းချမ်းစွာ လှည့်လည်ကြွေးကြော်ပြီး တကသအဆောက်အအုံရှေ့မှာ ဆန္ဒပြပွဲအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြတယ်။

    စစ်အစိုးရရဲ့အာဏာသိမ်းတက်လာမှုကို စတင်ကန့်ကွက်ရှုတ်ချခဲ့တာ ကျောင်းသားထုရဲ့ ဗကသဖြစ်သလို စစ်အစိုးရရဲ့လုပ်ကွက်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆန့်ကျင်ဆန္ဒပြခဲ့တာလည်း ကျောင်းသားထုပဲဖြစ်ပါတယ်။ (၅၈) ခုနှစ် ပထမအကြိမ် စစ်တပ်အာဏာသိမ်းတုန်းကလည်း တက်တက်ကြွကြွရှေ့တန်းကနေ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချဆန့်ကျင်ခဲ့တာ ကျောင်းသားထုနဲ့ ကျောင်းသားထုရဲ့ ဗကသ၊ တကသ၊ ရကသ တွေဖြစ်ခဲ့တဲ့အတွက် စစ်အစိုးရနဲ့ ကျောင်းသားဟာ ‘ကျောင်းတော်ကရန်စ’တွေလိုဖြစ်နေခဲ့ပါတယ်။ ဗိုလ်ချုပ် ကြီးနေ၀င်းပဲ ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရလက်ထက်တုန်းကလည်း ဗိုလ်ချုပ်ကြီးနေ၀င်းအစိုးရဟာ ငြိမ် ၀ပ်ပိပြားရေးစီမံချက်အမျိုးမျိုးနဲ့ ကျောင်းသားထုအပေါ် နှိပ်ကွက်ခဲ့ဖူးပါတယ်။ ကျောင်းသားလှုပ်ရှားမှုမှန်သမျှကို အပြီးတိုင် ဇက်သတ်ပစ်နိုင်ဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ (၅၉) ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပြင်ဆက်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်အရ တကသရဲ့တရားဝင်ကိုယ်စားလှယ်နှစ်ဦးကို ရန် ကုန်တက္ကသိုလ်အုပ်ချုပ်မှုကောင်စီကနေ ထုတ်ပယ်ပစ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အရေးကိစ္စတွေအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ တကသရဲ့ကိုယ်စားလှယ်မပါဘဲ ဖြေရှင်းဖို့ကြိုး စားတာမှန်သမျှဟာ ဘယ်လိုမှသဘာဝမကျပေမယ့် စစ်အစိုးရဟာ အဲဒီသဘာဝမကျတဲ့ ဥပဒေပြင်ဆက်ချက် ကို ထုတ်ပြန်ပြီး ကျောင်းသားထုအပေါ် ချိုးနှိမ်ဖို့လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။ တခြားသောတိုးတက်တဲ့နိုင်ငံရေးအင်အားစုတွေအပေါ် အပြင်းအထန်နှိပ်ကွက်ခဲ့လို ကျောင်းသားထုနဲ့ ဗကသ၊ တကသ၊ ရကသ တွေအပေါ်လည်း ပြင်းပြင်းထန်ထန် နှိပ်ကွက်ခဲ့ပါတယ်။ အိမ်စောင့်အစိုးရလက်ထက်မှာ ကျောင်းသား ခေါင်းဆောင်တွေ အတော်များများ ၀ရမ်းပြေးဖြစ်သူဖြစ်၊ တောခိုသူခိုရ၊ ထောင်ကျသူကျ၊ ကျွန်းအပို့ခံရသူခံရ တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အခုဒုတိယအကြိမ် အာဏာသိမ်းပြီးတက်လာတော့ (၅၈)ခုနှစ်ကလိုတောင် အိမ်စောင့်အစိုးရလုပ်ဖို့ တက်လာတာမဟုတ်တော့ ကျောင်းသားထုနဲ့ ဗကသ၊ တကသ၊ ရကသအပေါ် ပိုပြီးတင်းမာတဲ့သဘောထား ကြိုတင်ချမှတ်ထားပြီးထား အသင့်ပါလာခဲ့ပုံရပါတယ်။ အခိုင်အမာဖော်ပြလာချက်ကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအပေါ် ဖိနှိပ်ချုပ်ချယ်ဖို့ အစီအစဉ်ရှိရှိ ရေးဆွဲထားတဲ့ ‘အဆောင်စည်းကမ်းသစ်’တွေကို ချမှတ်ပြဋ္ဌာန်းလိုက်ခြင်းပဲဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီအဖြစ် အာဏာသိမ်းတက်လာပြီးတဲ့နောက် ချမှတ်ပြဋ္ဌာန်းလိုက်တဲ့ ဒီအဆောင်စည်းကမ်းသစ်တွေဟာ နယ်ချဲ့ကိုလိုနီအစိုးရလက်ထက်ကတောင်မရှိခဲ့ဖူး။ မချမှတ်ခဲ့ဖူးတဲ့ အဆောင်စည်းကမ်းတွေဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားထုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်၊ နိမ့်ပါးအောင် နှိမ့်ချစော်ကားလိုက်သလိုဖြစ်တဲ့အပြင် ဘယ်တုန်းကမှ ချမှတ်ခြင်းမခံရဖူးတဲ့ ပြင်းထန်တင်းကျပ်လွန်းလှတဲ့ စည်းကမ်းဥပဒေတွေပဲဖြစ်ပါတယ်။ အစကမှ စစ်အစိုးရအပေါ် မလိုလားနိုင်၊ မနှစ်သက်နိုင်ဖြစ်နေကြရတဲ့အထဲ အခုလိုစည်းကမ်းချက်တွေချမှတ်တဲ့အခါ ကျောင်းသားထုကြီးဟာ မခံရပ်နိုင်အောင်ဖြစ်သွားရပါတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီမှာလည်း ကျောင်းသားကိုယ်စားလှယ် ‘တကသကိုယ်စားလှယ်’ ဖျက်သိမ်းခံရပြီး ပါဝင်ခွင့်မရဖြစ်နေလို့ မကျေမချမ်းစရာဖြစ်နေရဆဲအချိန်မှာ စည်းကမ်းသစ်တွေထပ်မံပြဋ္ဌာန်းလာခြင်းဟာ ကျောင်းသားထုကို စော်ကားလာတာနဲ့မခြားအခံရခက်စေခဲ့ပါတယ်။

    ဇူလိုင် ၆ ရက်နေ့ ည ၁၀ နာရီ ရွှေဘိုဆောင် စာဖတ်အသင်းအစည်းအဝေးအပြီးမှာ တင်းကျပ်တဲ့အဆောင်စည်းကမ်းအသစ်တွေကို မခံရပ်နိုင်တဲ့သူတွေက အော်ဟစ်ပြောဆိုကြပါတယ်။ တခြားအဆောင်တွေကလည်း အော်ဟစ်ပြောဆိုလာကြတဲ့အတွက် အဆောင်အားလုံးရဲ့ အော်ဟစ်ဆန္ဒပြပွဲကြီးလိုဖြစ်လာခဲ့ပါ တယ်။ အဲဒီနောက် အဆောင်တံခါးတွေကိုဖွင့်ပေးဖို့ အဆောင်မှူးတွေကိုပြောဆိုကြတဲ့အခါ အဆောင်မှူးတွေကဖွင့်မပေးလို့ တံခါးကိုရိုက်ချိုးဖွင့်ကြတာတွေ၊ အဲဒီနောက် မကျေနပ်သူကျောင်းသားတွေစုပေါင်းပြီး တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်အိမ်သွားဝိုင်း ဆန္ဒပြတာ၊ ပါမောက္ခချုပ် ဦးကာအိမ်သွားဝိုင်းဆန္ဒပြတာပေါ်ပေါက်ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့အဆင်ပြေတဲ့ ကျောင်းသားတွေဘက်ကရပ်တဲ့ ပါမောက္ခချုပ်ဆရာကြီး ဦးသာလှကိုဖယ်ရှားပြီး ဗိုလ်နေ၀င်းက သူ့ဆရာအရင်းဖြစ်တဲ့ ဦးကာကိုပါမောက္ခချုပ်ခန့်အပ်ထားချိန်ဖြစ်ပါတယ်။ ဦးကာဟာ ဗိုလ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရလက်ထက်တုန်းကလည်း ပညာရေးဝန်ကြီးအဖြစ် အမှုတော်ထမ်းခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်က ကျောင်းသားတွေရဲ့ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေကို တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီသို့ တင်ပြပေးမယ်လို့ ဖြေရှင်းပြောဆိုခဲ့တယ်ဆိုပါတယ်။

   ဇူလိုင် ၇ ရက်နေ့ နေ့လယ်မှာ တကသကကြီးမှူးပြီး တက္ကသိုလ်ကျောင်းသားထုအစည်းအဝေးကြီးကို ခေါ်ဆိုကျင်းပပါတယ်။ တကသဥက္ကဋ္ဌကိုဗဆွေလေး၊ ဗကသဥက္ကဋ္ဌ ကိုသက်အပါ ကျောင်းသားခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် စကားပြောကြပါတယ်။ အဲဒီအချိန်မှာ ဗကသဥက္ကဋ္ဌဟာ ကိုသက်ဖြစ်နေပြီဖြစ်ပါတယ်။ ကိုသက်သာ အရင်ဒုဥက္ကဋ္ဌသာဖြစ်ပေမယ့် ဥက္ကဋ္ဌဖြစ်တဲ့ ကိုခင်မောင်အုံးက တော်လှန်ရေးကောင်စီတက်လာတာကို သူ့သဘောနဲ့သူထောက်ခံသွားတဲ့အတွက် ကျောင်းသားထုကဖယ်ရှားပစ်လိုက်ပြီး ဒုဥက္ကဋ္ဌကိုသက်ကို  ဥက္ကဋ္ဌအဖြစ်တင်မြှောက်ထားပြီးချိန်ဖြစ်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေတက်ရောက်လာကြတဲ့ ကျောင်းသားထုဟာ ဖြစ်ပေါ်နေတဲ့လတ်တလောအခြေအနေတွေကို တင်ပြဆွေးနွေးညှိနှိုင်းကြ ပြီးတဲ့နောက် စစ်အစိုးရက ချမှတ်ပြဋ္ဌာန်းလာတဲ့ ‘‘တရားမမျှတတဲ့ အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး တောင်းဆိုဖို့’’ဆုံးဖြတ်လိုက်ကြပါတယ်။

သမဂ္ဂကြီးအတွင်းကျင်းပတဲ့ ကျောင်းသားထုအစည်းအဝေးကြီးပြီး တဲ့နောက် ကျောင်းသားများဟာ အဆောင်ပြန်သူပြန်၊ နားသူနား၊ မြို့ထဲသွားသူသွား၊ လက်ဖက်ရည်ဆိုင်ထိုင်သူ ထိုင် အေးအေးဆေးဆေးပုံမှန်အနေအထားအတိုင်းရှိခဲ့ကြပါတယ်။ ပုံမှန်အနေအထားအတိုင်းမရှိခဲ့တာက တော့ စစ်အစိုးရဘက်ကပဲဖြစ်ပါတယ်။ ကျောင်းသားထုရဲ့ လှုပ်ရှားတောင်းဆိုမှုကို အပြတ်အသတ် နင်းချေ ပစ်ဖို့၊ ပွဲဦးထွက်ဒီအရေးကို အပေါ်စီးကနေ အနိုင်ယူအပြတ်ဖိထားနိုင်ဖို့အတွက် အကွက်ရိုက်ပြီးပြင်ဆင်လာ ခဲ့ပါတယ်။

    ဒီအရေးကိုပီပီပြင်ပြင်ကိုင်တွယ်နိုင်ဖို့ဆိုပြီး အသံလွှင့်ရုံထဲမှာ အမိန့်ပေးကွပ်ကဲရေးအဖွဲ့နေရာယူထားစေ ခဲ့ပါတယ်။ ခေါင်းဆောင်အဖြစ်တော်လှန်ရေးကောင်စီဝန်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ခံဗိုလ်မှူးကြီးကျော်စိုး၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီးဘနီတို့လို တော်လှန်ရေးကောင်စီဝင် ကြီးတွေအပြင် ထောက်လှမ်းရေးအကြီးအကဲဗိုလ်မှူးကြီး မောင်လွင်(နှုတ်ခမ်းမွှေးဦးလွင်)နဲ့ ရဲမင်းကြီးဦးဘ အေးတို့ အသင့်ရှိနေခဲ့ကြပါတယ်။ တော်လှန်ရေးကောင်စီရဲ့ နံပါတ်နှစ်ပုဂ္ဂိုလ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း ရောက်လာလိုက် ထွက်သွားလိုက် လှုပ်ရှားပါဝင်နေခဲ့တယ်ဆိုပါတယ်။

    ညနေ ၄ နာရီလောက်မှာ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း လုံထိန်းရဲကားတွေဝင်လာခဲ့ပါတယ်။ ကမာ ရွတ်ဂါတ်ထဲကလို့ယူဆရတဲ့ ရဲများလည်းရောက်ရှိလာကြတယ်ဆိုပါတယ်။ တက္ကသိုလ်နယ်မြေထဲအထိရောက် ရှိလာကြတဲ့ရဲတွေက ကျောင်းသားခေါင်းဆောင်တွေကို လက်ရဲဇက်ရဲအတင်းဝင်ဖမ်းပါတယ်။ သမဂ္ဂထဲအထိ ၀င်ဖမ်းတာလုပ်ခဲ့ပါတယ်။ တချို့ကိုဆိုရင် ရိုက်နှက်ဖမ်းဆီးတာအထိတောင်လုပ်ခဲ့ကြပါတယ်။ တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသဥက္ကဋ္ဌ ကိုသက်၊ ရကသအတွင်းရေးမှူး ကိုဉာဏ်ဝင်းတို့အဖမ်းခံလိုက်ရပြီး ကမာရွတ် ဂတ်ထဲသို့ခေါ်ဆောင်သွားတယ်ဆိုပါတယ်။

အဲဒီလိုမတရားသဖြင့် အတင်းဝင်ဖမ်းဆီးတာခံကြရတာကြောင့် ရော၊ ကျောင်းသားခေါင်းဆောင်တွေကို စော်စော်ကားကားဖမ်းဆီးပြုမူတာကြောင့်ပါ မခံမရပ်နိုင်အောင်ဖြစ်လာ ရတဲ့ကျောင်းသားတွေက ‘‘တို့ခေါင်းဆောင်တွေကိုဖမ်းနေပြီ မခံကြနဲ့ဟေ့’’ဆိုပြီး ပြန်လည်စုရုံးအော်ဟစ်ကြ တယ်ဆိုပါတယ်။ အော်ဟစ်ဆန့်ကျင်ကန့်ကွက်ရင်း ရဲတွေကိုလည်း ခဲနဲ့ပြန်ထုပစ်ပေါက်မောင်းထုတ်တာ၊ တုံ့ ပြန်တိုက်ခိုက်တာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီလိုကျောင်းဝင်းထဲအထိ မောက်မောက်မာမာဝင်ရောက်ပြီး မတ ရားဖမ်းဆီးတာကို မခံရပ်နိုင်လို့ တုံ့ပြန်ရင်ဆိုင်ကြတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရပါတယ်။

ကျောင်း သားတွေက အပြင်းအထန်ဆန့်ကျင်ခဲ့ကြပါတယ်။ ရဲတွေထွက်ခွာသွားပြီးတဲ့နောက် မကြာမီဝင်ရောက်လာတာ ကတော့ စစ်ကားတွေဖြစ်ပါတယ်။ တပ်ရင်း (၄) က စစ်ကားတွေလို့ဆိုပါတယ်။ တပ်ရင်း (၄) ဟာ ဗိုလ်ချုပ် နေ၀င်းရဲ့ ကိုယ်ရံတော်တပ်၊ အထူးတပ်ရင်းဖြစ်ပါတယ်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်နဲ့ နာမည်ကျော် ဒု ဗိုလ်မှူးကြီးစိန်လွင်တို့ပါရောက်ရှိလာကြပါတယ်။ အဓိပတိလမ်းတစ်လျှောက် စစ်သားတွေကို နေရာယူစေခဲ့ ပါတယ်။
    အသင့်အနေအထားပြင်ဆင်နေရာချထားတဲ့စစ်သားတွေကို တပ်ဆင်ပေးထားတာကတော့ ဗမာပြည် ကာကွယ်ရေးစက်ရုံက ထုတ်လုပ်ပေးထားတဲ့ ပေါ်ကာစဂျီသရီးသေနတ်တွေဖြစ်ပါတယ်။ ကျောင်းသားတွေ ကတော့ တက္ကသိုလ်မြက်ခင်းတွေပေါ်မှာဝိုင်းဖွဲ့စကားစမြည်ပြောဆိုသူတွေကလည်း ပြောနေကြ၊ သမဂ္ဂ ကွင်း ပြင်ရှေ့ထိုင်နေသူတွေကလည်း ထိုင်နေကြ၊ အဆောင်အသီးသီးရဲ့ ၀ရန်တာရှေ့ထွက်ရပ်ပြီး ကြည့်သူတွေက  ကြည့်နေကြ၊ စစ်အစိုးရဆန့်ကျင်ရေးကြွေးကြော်သံတွေကို အော်ဟစ်နေသူတွေကလည်း အော်ဟစ်နေကြနဲ့ ပုံသဏ္ဌာန်အမျိုးမျိုးရှိနေကြပါတယ်။

အခြေအနေဟာ ၀ရုန်းသုန်းကားဖြစ်နေတဲ့အနေအထားမျိုး ထိန်းမနိုင် သိမ်းမရအနေအထားမျိုးတော့မဟုတ်ပါ။ မကြာမီနိုင်ငံတော်ကောင်စီဝင်ဗိုလ်မှူးကြီးသန်းစိန်ရဲ့ကားဆိုက် ရောက်လာပြီး တံခါးဝမှာ ဒုဗိုလ်မှူးကြီးလှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင်တိုနဲ့ရပ်ပြီးစကားပြောတာမြင်လိုက်ကြရ တယ်ဆိုပါတယ်။

၁၀ မိနစ်လောက်အကြာမှာ ဗိုလ်မှူးကြီးသန်းစိန်ကားပြန်ထွက်သွားတယ်ဆိုပါတယ်။ ဗိုလ်မှူး ကြီးသန်းစိန်ပြန်သွားပြီးမကြာမီမှာပဲ စစ်ကားလေးတစ်စီးထပ်မံရောက်လာပြီး ကားထဲကနေ ဗိုလ်ကြီးအဆင့်ရှိ သူတစ်ဦးဆင်းလာကာ စာတစ်စောင်ကိုဒုဗိုလ်မှူးကြီးလှမြင့်နဲ့ ဒုဗိုလ်မှူးကြီးစိန်လွင်ကိုထုတ်ပေးသွားတယ်ဆို ပါတယ်။ အဲဒီကားကလေးပြန်လည်ထက်ခွာသွားသွားချင်းလောက်မှာပဲ ဒုဗိုလ်မှူးကြီးလှမြင့်နဲ့ ဒုဗိုလ်မှူးကြီး စိန်လွင်တို့ခေါင်းချင်းဆိုင်လိုက်ကြပြီးနောက် အသင့်နေရာယူထားပြီးတပ်ကို ကျည်ထိုးမောင်းတင်ခိုင်းလိုက်ပါ တော့တယ်။

တပ်ရင်းမှူးက လက်ကိုဝိုင်းပြီး သုံးကြိမ်ဝှေ့ယမ်းပြလိုက်တဲ့အချိန်မှာ အသင့်နေရာယူပြင်ဆင်ထား  ပြီး စစ်သားများရဲ့လက်ထဲက သေနတ်များဟာ တစ်ပြိုင်တည်းမီးပွင့်သွားခဲ့ပါတယ်။ အော်တိုမစ်တစ်ဂျီသရီး မောင်းပြန်သေနတ်သံတွေနဲ့အတူ အလဲလဲအပြိုပြိုဖြစ်သွားရတဲ့ သေနတ်ထိမှန်ခံရသူ ကျောင်းသားများရဲ့ အော်ဟစ်သံတွေလည်း ပဲ့တင်ညံသွားရပါတော့တယ်။
    သေသူသေ၊ ဒဏ်ရာရသူရ ပြေးကြလွှားကြ တရုန်းရုန်းနဲ့ ကမ္ဘာပျက်သလိုဖြစ်သွားရပါတော့တယ်။ ကိုလို နီနယ်ချဲ့အစိုးရလက်အောက်တုန်းကတောင် သေနတ်သံမကြားရဖူးခဲ့တဲ့ တက္ကသိုလ်မြေ ယမ်းနံ့ယမ်းခိုးမဝေခဲ့တဲ့ ကံ့ကော်တန်း၊ တော်လှန်ရေးကောင်စီဆိုတဲ့ စစ်အစိုးရလက်အောက်ရောက်ရလေမှ သွေးစိမ်းရှင်ရှင် လွှမ်း သွားခဲ့ရပါတယ်။ အဓိပတိလမ်းမတစ်လျှောက် သွေးကွက်သွေးစက်တွေ စွန်းပေကျစဉ်ခဲ့ရုံမက တက္ကသိုလ် မြက်ခင်းပြင်အနှံ့ သွေးစက်သွေးကွက်တွေ အိုင်ထွန်းပေကျံခဲ့ရုံမက အဆောင်တွေပေါ် အဆောင်တွေထဲအထိ သွေးစက်သွေးကွက်တွေ ထပ်ခဲ့ရပါတော့တယ်။

စစ်အစိုးရရဲ့ ပစ်မိန့်ပေးခြင်းခံရတဲ့ စစ်သားတွေရဲ့ အတင်း တရကြမ်း မည်းမည်းမြင်ရာပစ်ခတ်သံတွေဟာ အဆောင်တွေပေါ်၊ အဆောင်တွေထဲအထိ အငြိုးကြီးစွာကျရောက် ပေါက်ကွဲထိမှန်ခဲ့ပါတယ်။ လဲပြိုကျဆုံးသွားရတဲ့ ကျောင်းသားတွေ၊ ဒယီးဒယိုင်ဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ကျောင်းသား တွေ၊ ကျည်ဆန်လွတ်ရာရှောင်းရင်းတိမ်းရှင်း နီးရာအဆောင်ထဲဝင်ပြေးခဲ့ရသူတွေ၊ အတိအကျရေတွက်လို့မရ နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားထုအတွက် ကမ္ဘာမကြေစရာ သွေးစွန်းတဲ့နေ့ဖြစ်ခဲ့ရသလို ဗမာပြည်ကျောင်းသားထုအပေါင်းအတွက်လည်း ဥဒါန်းမကျေစရာ သွေးကြွေးစာရင်းဖွင့် ခဲ့ရတဲ့နေ့ဖြစ်ပါတယ်။

၇ ရက်ဇူလိုင်၊ ဇူလိုင် ၇ ရက်ဆိုတဲ့ နေ့စွဲဟာ ဗမာပြည်ကျောင်းသားထုအပေါင်းအတွက် သာ နာကြည်းစရာအကောင်းဆုံး သွေးသမိုင်းတင်ခဲ့ရတဲ့နေ့တစ်နေ့မဟုတ်၊ မိဘပြည်သူတိုင်းအတွက်လည်း ရင်ဆို့စရာဖြစ်ခဲ့ရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။
    အဆောင်နံရံပေါ်မှာရခဲ့တဲ့ သေနတ်ထိမှန်ဒဏ်ရာထဲက ထွက်ကျစီးယိုလာတဲ့သွေးနဲ့ ‘‘၇ ရက်ဇူလိုင်မမေ့ ကြနဲ့’’ ဆိုတဲ့စာတမ်းကို မြောင်းမြကကျောင်းသားကိုကျော်ဝင်းက ရေးထိုးမော်ကွန်းတင်သွားခဲ့ပါတယ်။

    ၇ ရက်ဇူလိုင်အရေးအခင်း တစ်နည်းအားဖြင့် ဇူလိုင် ၇ ရက်အရေးတော်ပုံလို့ မှတ်တမ်းတင်ထားရ မယ့် အဖြစ်အပျက်ကြီးဟာ တော်လှန်ရေးကောင်စီအစိုးရဆိုတဲ့ စစ်အာဏာရှင်အစိုးရရဲ့ ယုတ်မာရက်စက်မှု ကို အဦးဆုံးဗွေဆော်ဦး မီးမောင်းထိုးပြလိုက်တဲ့ နာကြည်းကြေကွဲစရာအဖြစ်အပျက်ကြီးဖြစ်ပါတယ်။ အာဏာ သိမ်းပြီးတက်အလာ လေးလနဲ့ ငါးရက်အကြာ၊ မဆလလမ်းစဉ်ကြီးထွက်ပေါ်လာပြီးလို့ သုံးရက်ပဲကြာသေး ချိန်မှာ ထွက်ပေါ်လာခဲ့ရတဲ့ ကျောင်းသားတို့ရဲ့ သွေးမြေကျခဲ့ရမှုကြီးဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ကျောင်းသားထု အပေါ် အငြိုးကြီးကြီးနဲ့ ကျူးလွန်စော်ကားလိုက်တဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးလည်းဖြစ်ပါတယ်။

    စစ်အစိုးရတက်လာပြီးနောက် ပထမဦးဆုံးအကြိမ် ကျူးလွန်လိုက်တဲ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးဖြစ်သလို စစ်အစိုးရရဲ့ မတရားအာဏာသိမ်းတက်လာမှုကို ဆန့်ကျင်ကြတဲ့ ကျောင်းသားထုအပေါ် အငြိုးကြီးကြီး လက်စားချေနှိပ်ကွက်လိုက်တဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုကြီးလည်းဖြစ်ပါတယ်။ အာဏာသိမ်းတက်လာလာချင်း ဗမာပြည်ရဲ့ပထမဦးဆုံးသော သမ္မတကြီးစ၀်ရွှေသိုက်ရဲ့ သားငယ်စင်မီမီသိုက် အသက်သေဆုံးသွေးမြေကျခဲ့ရမှုနဲ့ စတင်နိဒါန်းဖွင့်ခဲ့တဲ့ စစ်အစိုးရဟာ လေးလကျော်အကြာမှာ ကျောင်းသားပေါင်းမြောက်မြား စွာ အသက်သေဆုံးခဲ့ရတဲ့ သွေးချောင်းစီးသတ်ဖြတ်ပွဲကြီးနဲ့ စစ်အာဏာရှင်စနစ်လမ်းကြောင်းကို စတင်အုတ် မြစ်ချတည်ဆောက်လိုက်ပါတယ်။

    ဂျီသရီးမောင်းပြန်သေနတ်အသစ်တွေရဲ့ ရက်ရက်စက်စက်ပစ်ခတ်ပြီးပြီးချင်း တပ်ရင်း (၄)ရဲ့နေရာကို တပ်ရင်း (၁၀၅)နဲ့ အစားထိုးလိုက်ပြီး ရန်ကုန်တက္ကသိုလ်နယ်မြေတစ်ခုလုံးကို စစ်တပ်က သိမ်းပိုက်နေရာယူထားလိုက်ပါတယ်။ တပ်ရင်း (၄)က ပစ်ခတ်သတ်ဖြတ်မှုကြီးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် တပ်ရင်း (၄)ဟာ ဗိုလ်နေ၀င်းရဲ့ ကိုယ်ရံတော်တပ်အထူးတပ်ဖြစ်တဲ့အတွက် လိုအပ်ခဲ့ရင်တစ်ချိန်ချိန်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်အမိန့်ပေးစေခိုင်းခြင်းသဘောက တိုက်ရိုက်မသက်ရောက်စေရေးအတွက် ချက်ချင်းတပ်ချင်းလဲပစ်လိုက်တဲ့သဘောဖြစ်ပါတယ်။

    မှောင်စပြိုးချိန်မှာ တက္ကသိုလ်နယ်မြေတစ်ခုလုံးကို အမှောင်ချထားလိုက်ပါတယ်။ ၆ နာရီကျော်ကျော်မှာ စတင်ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တဲ့အတွက် သတ်ဖြတ်ပွဲကြီးအပြီးမှာ အမှောင်ရိပ်တွေလည်း တက္ကသိုလ်နယ်မြေပေါ် စောစောစီးစီးကျရောက်နေခဲ့ပြီဖြစ်ပါတယ်။ အဆောင်တွေအားလုံးကိုလည်း မီးတွေဖြတ် အမှောင်ချ၊ တက္ကသိုလ်နယ်မြေကြီးတစ်ခုလုံးကိုလည်း မီးတွေဖြတ်အမှောင်တွေချထားလိုက်ပြီး အမှောင်တွေကြားထဲ မှာ အလဲလဲအပြိုပြိုသေဆုံးနေကြရတဲ့ ကျောင်းသားတွေရဲ့အလောင်းတွေကို စစ်တပ်က လိုက်လံကောက်ယူ လက်စဖျောက်ရေးလုပ်ငန်းကို ဆောင်ရွက်ပါတယ်။

ယမ်းနံ့ယမ်းခိုးတွေဝေနေတဲ့ ကံ့ကော်တောအုပ်တွေ အကြား သွေးကွက်သွေးအိုင်တွေထွန်းနေရတဲ့ တက္ကသိုလ်နယ်မြေတစ်လျှောက်ပေါ်မှာ စစ်ဘီလူးအာဏာပါး ကွက်သားများရဲ့ စစ်ဖိနပ်သံတွေသာ အဆက်မပြတ်ဖုံးလွှမ်းနေခဲ့ပါတယ်။ အမှောင်ချထားခြင်းခံရတဲ့ အဆောင် တွေထဲက ‘‘စစ်အစိုးရအလိုမရှိ’’ဆိုတဲ့ ကျောင်းသားတွေရဲ့ အော်ဟစ်သံတွေကတော့ အပြီးတိုင်ကွယ်ပျောက် မသွားခဲ့ဘဲ ဟိုကဒီကကြိုးကြားကြိုးကြား ထွက်ပေါ်လာနေခဲ့ပါတယ်။

စစ်တပ်ရဲ့ တရစပ်ပစ်ခတ်သတ်ဖြတ် မှုကြောင့်ခြေဦးတည့်ရာရှောင်တိမ်းရင်း ပြေးလွှားခဲ့ရ၊ နီးရာအဆောင်တွေထဲ ၀င်ပြေးခိုအောင်းခဲ့ကြရတဲ့ အလဲလဲအပြိုပြိုဖြစ်ခဲ့ကြရတဲ့ ကျောင်းသားများဟာကမ္ဘာပျက်သလို ဖြစ်ခဲ့ရတဲ့ သွေးချောင်းစီးသတ်ဖြတ်ပွဲကြီးအတွင်း ကျောင်းသားတွေ ဘယ်ရွေ့ဘယ်လောက် သေကျေကျဆုံးခဲ့ရတယ်ဆိုတာ အတိအကျစာရင်းမဖော်ပြနိုင်ခဲ့ပေမယ့် ရာနဲ့ချီပြီးသေဆုံးခဲ့ရသလို ရာနဲ့ချီပြီးဒဏ်ရာရခဲ့တယ်ဆိုတာကတော့သေချာခဲ့ပါ တယ်။
    ကျောင်းသားတွေကိုရာနဲ့ချီသေကျေအောင် ရက်ရက်စက်စက်သတ်ဖြတ်ပြီးပြီးပြီးချင်းတော်လှန်ရေး ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ‘‘ဓားဓားချင်း... လှံလှံချင်း’’မိန့်ခွန်းကြေညာသံထွက်ပေါ်လာခဲ့ပါတယ်။ ‘‘ကျွန်တော်တို့အလုပ်ပျက်အောင် ရည်စူးပြီးတမင်လုပ်နေကြတာဆိုရင်တော့ ကျွန်တော်နောက်ထပ်ဘာမှ မပြောလိုတော့ပါဘူး။ အနည်းဆုံး ဓားကိုဓားနဲ့ လှံကိုလှံနဲ့ Face to Face ရင်ဆိုင်ဖို့ပဲရှိပါတယ်’’တဲ့။

လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိတဲ့ ကျောင်းသားတွေကို ဓားဓားချင်း လှံလှံချင်းပြောလိုက်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့မိန့်ခွန်းဟာ အင်မတန်ရိုင်စိုင်းလှတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။ ရက်ရက်စက်စက်ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ပြီးတာတောင်အားမရနိုင်သေးဘဲ အပေါ်စီးကနေ ဆက်လက်စိန်ခေါ်နေတဲ့သဘောမျိုးလည်းဆောင်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ ကျောင်းသားတွေကပဲ တမင်သက်သက် ကဖျက်ယဖျက်လုပ်နေလို့ မလွဲမရှောင်သာ သတ်ဖြတ်နှိမ်နင်းခဲ့ရယောင်လည်း အယောင်ဆောင်ထားခဲ့ပါတယ်။

ရိုင်းစိုင်းမှုနဲ့ကောက်ကျစ်မှု နှစ်မျိုးစလုံးရောစပ်ထားတဲ့ စစ်အာဏာရှင်ကြီးဗိုလ်နေ၀င်းရဲ့ မိန့်ခွန်းဟာ ကျောင်းသားထုတစ်ရပ်ရဲ့ နှလုံးသားတွေထဲမှာ ဓားနဲ့အမွှန်းခံထားရသလို လှံနဲ့ထိုးစိုက်ထားသလို ခါးသီးခံပြင်းနာကျင်စရာဖြစ်ခဲ့ပါတယ်။ ဘယ်တော့မှ မမေ့နိုင်စရာဖြစ်ခဲ့ရပါတယ်။
 
 ကျောင်းသားတွေကိုရာနဲ့ချီသတ်ဖြတ်ပြီး ကမ်းကုန်အောင် ဆက်လက်မိုက်ရိုင်းပြလိုက်တာကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)အဆောက်အအုံကြီးကို ဗုံးခွဲဖြိုချဖျက်ဆီးပစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီလောက်မှာ ဒိုင်းနမိုက်နဲ့ခွဲပြီး တစ်စစီဖျက်ဆီးပစ်လိုက်ပါတယ်။ အဆောင်တွေထဲ ခုတင်အသီးသီးပေါ်မှာ လှဲအိပ်နေကြတဲ့ ကျောင်းသားကျောင်းသူတွေအားလုံး ၀ုန်းကနဲသောပေါက်ကွဲသံကြီးကိုကြားလိုက်ရပြီး သိမ့်ခနဲတုန်အောင် သိသိသာသာခံစားလိုက်ရရင်း မနက်မိုးအလင်း မှာ‘‘သမဂ္ဂအဆောက်အအုံကြီး’’ကိုတစ်စီစီအုတ်ပုံပျက်ကြီးအဖြစ်နဲ့ပဲ တွေ့မြင်လိုက်ရပါတယ်။

သမဂ္ဂအဆောက် အအုံကြီးကို ဒိုင်းနမိုက်နဲ့ကပ်ပြီး ဖြိုခွဲလိုက်တဲ့အချိန်မှာ ကမာရွတ်ရပ်ကွက်တစ်ခုလုံးလည်း သိမ့်ခနဲတုန်သွားခဲ့ ရပါတယ်။ သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို အပြီးတိုင်ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ပါတယ်။ ၁၉၂၇ ခုနှစ်က သူဌေးကြီးဦးညိုရဲ့ဆောက်လုပ်လှူဒါန်းမှုနဲ့ ပေါ်ပေါက်လာခဲ့တဲ့ သမဂ္ဂအဆောက်အအုံကြီးဟာ နယ်ချဲ့လက်အောက်၊ ဖက်ဆစ်လက်အောက်၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းတစ်လျှောက်မှာ နိုင်ငံ့သားကောင်းများကို မွေးထုတ်ရာ၊ နိုင်ငံချစ်စိတ်ဓာတ် သွန်းလောင်းရာ၊ အရေးကြီးနိုင်ငံရေးလှုပ်ရှားမှုကြီး တွေရဲ့ အခြေခံရာဖြစ်ခဲ့ပါတယ်။

တကယ့် ဘူမိနက်သန်သမိုင်းဝင်နေရာ၊ သမိုင်းဝင်အဆောက်အအုံကြီးဖြစ်ပါ တယ်။ နိုင်ငံ့သမိုင်းမှာ ဒီလောက်အရေးပါတဲ့ တန်ဖိုးရှိခဲ့တဲ့ သမိုင်းဝင်အဆောက်အအုံကြီးကို သမိုင်းတန်ဖိုးကို တစ်စက်ကလေးလောက်မှ နားလည်မှုမရှိတဲ့ စစ်အစိုးရ၊ စစ်အုပ်စုက ယုတ်ယုတ်မာမာ ပက်ပက်စက်စက်နဲ့ လက်ရဲ ဇက်ရဲ ဖြိုခွဲ ပြာချ ဖျက်ဆီးပစ်ခဲ့ပါတယ်။
 
 စစ်အာဏာရှင်စနစ်ကို အခိုင်အမာထူထောင်ဖို့ အကြံကြီးကြံထားပြီးသားဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းဦး ဆောင်တဲ့ စစ်အုပ်စုဟာ အတိုက်အခံပြုမယ့် ဆန့်ကျင်တိုက်ခိုက်မယ့် အင်အားစုတွေကို အပြတ်အသတ်ချေ မှုန်းပစ်ဖို့ ကြံရွယ်ပိုင်းဖြတ်ထားပြီးဖြစ်သလို တော်လှန်တိုးတက်တဲ့အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရပ်တည်ဆောင် ရွက်ကြမယ့် တကယ့်နိုင်ငံသားကောင်းများကို မွေးထုတ်မယ့် ဘူမိနက်သန်နေရာမှန်သမဂ္ဂအဆောက်အအုံ ကြီးကိုလည်း ရန်သူကြီးသဖွယ်ရှုမြင်ထားခဲ့ကြပါတယ်။

မကြည့်ချင် မမြင်ချင်လောက်အောင် အမုန်းကြီးမုန်းခဲ့ ကြပါတယ်။ သမဂ္ဂအဆောက်အအုံကြီးကို ပုန်ကန်ဆန့်ကျင်သူများရဲ့ ခိုအောင်းရာ၊ တော်လှန်ရေးသမားများ ကို မွေးထုတ်ရာ၊ ပုန်ကန်သူများရဲ့ ဌာနချုပ်အဖြစ် တစ်ဖက်သတ် မှတ်ထင်နားလည်ရှုမြင်ထားခဲ့ကြပါတယ်။ အဲဒီလိုအမုန်းကြီးမုန်း၊ အရွံ့ကြီးရွံ့၊ အကြောက်ကြီးကြောက်ရာကနေ စစ်အာဏာရှင်ရူးတို့ရဲ့ စစ်ဘီလူးစိတ်ဓာတ်၊ ရက်စက်ကောက်ကျစ်တက်မှု အကျင့်အကြံတွေနဲ့ ဆက်စပ်ပေါင်းစည်းလိုက်တဲ့အခါ သမဂ္ဂအဆောက်အအုံကြီးကိုပါ ဗုံးနဲ့ခွဲပစ်တဲ့အထိ မိုက်မိုက်ရိုင်းရိုင်း ကျူးလွန်ခဲ့ကြခြင်းဖြစ်ပါတယ်။

၈ ရက်နေ့မနက်မှာ မြန်မာ့အသံကတစ်ဆင့် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဓားဓားချင်း... လှံလှံချင်းဆိုတဲ့ မိန့်ခွန်းသံ ဆက်လက်ကြေညာပါတယ်။ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်ကိုင်မထားတဲ့ ကျောင်းသားလူငယ်တွေကို အသစ်ကြပ်ချွတ် ဂျီသရီးမောင်းပြန်သေနတ်တွေနဲ့ ဒရမန်းကြမ်း သွေးချောင်းစီးအောင် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ သမိုင်းဝင်သမဂ္ဂအဆောက်အအုံကြီးကိုပါ ယုတ်ယုတ်မာမာ ဖြိုချဖျက်စီးပစ်ခဲ့ကြပြီး ဓားဓားချင်း...လှံလှံချင်း ရင်ဆိုင်ဖို့သာရှိပါတော့တယ်ဆိုတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့စကားသံဟာ ကမ်းကုန်အောင်မိုက်ရိုင်းခြင်းနဲ့ ကမ်းကုန်အောင်ကောက်ကျစ်ခြင်းကို ဖော်ပြလိုက်တာကလွဲလို့ အခြားအဓိပ္ပာယ်မရှိတော့ပါ။
   
တရားမျှတမှုမရှိတဲ့ တင်းကျပ်တဲ့အဆောင်စည်းကမ်းတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုကြိုးပမ်းတာကို  အေးအေးချမ်းချမ်းနည်းနဲ့ ပျော့ပျော့ပျောင်းပျောင်း ညှိနှိုင်းဖြေရှင်းမှုနဲ့ ချဉ်းကပ်ကြိုးပမ်းဆောင်ရွက်ယူလို့ရပါလျက်နဲ့ တမင်သက်သက်ပြဿနာကို မကြီးကြီးအောင် ဖန်တီးပြီးအကြမ်းဖက်ဖမ်းဆီးစေတာ၊ တက္ကသိုလ်နယ်မြေထဲအထိ အတင်းဝင်ရောက်ဖမ်းဆီးခိုင်းတာတွေလုပ်ဆောင်ခဲ့ကြတဲ့အပြင် ဒီလိုလုပ်ဆောင်ခဲ့မှုကြောင့် မပေါ်သင့်ဘဲပေါ်ပေါက်ခဲ့ရတဲ့ တင်းမာမှုတွေကို သွေးချောင်းစီးအောင် ရက်ရက်စက်စက်သတ်ဖြတ်မှုတွေနဲ့ မတော်မတရားနှိမ်နင်းအနိုင်ယူခဲ့ကြသူတွေဟာ စစ်အစိုးရစစ်အုပ်စုနဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းတို့တစ်တွေပဲ ဖြစ်ပါတယ်။
 
 ခေတ်ပြောင်းတော်လှန်ရေးကြီးကို ဆင်နွှဲမယ်၊ သာယာဝပြောသော လူ့ဘောင်သစ်ကြီးကိုရောက်ရှိအောင်သွားမယ်လို့ ကြီးကြီးကျယ်ကျယ်အော်မြည်နေတဲ့ စစ်အစိုးရပဲဖြစ်ပါတယ်။ စာနာမှု၊ ညှာတာထောက်ထားမှု စသည့်ကောင်းမြတ်သောတရားနဲ့ ဗြဟ္မစိုရ်တရားများထွန်းကားနိုင်တဲ့ လူ့ဘောင်သစ်ကြီးဆီချီတက်သွားရောက်မယ်လို့ ကြွေးကြော်ဆိုင်းဘုတ်ထားတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်တဲ့ စစ်အစိုးရဟာ မတရားတဲ့ တင်းကျပ်တဲ့ ကျောင်းဆောင်စည်းကမ်းအသစ်တွေကို ဖျက်သိမ်းဖို့တောင်းဆိုကြတဲ့ ကျောင်းသားတွေကို သွေးချောင်းစီးအောင်သေနတ်နဲ့ပစ်ပြီး ‘‘ညှာတာထောက်ထားမှုတွေ ဗြဟ္မစိုရ်တရားတွေ’’ကို အတုံးလိုက်အတစ်လိုက်ဖော်ပြလိုက်ပါတယ်။

ဆိုရှယ်လစ်လောကသစ်သို့မရောက်ရောက်အောင် ချီတက်မယ်ဆိုတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီး ထူထောင်ကြေညာပြီးလို့ ကြားမှာနှစ်ရက်ပဲခြားပါသေးတယ်။ ၇ ရက် ဇူလိုင်သွေးချောင်စီးမှုကြီးပေါ်ပေါက်ခဲ့ရုံမက နယ်ချဲ့၊ အစိုးရလက်ထက်တုန်းကတောင် မတို့မထိရှောင်ကွင်းခဲ့တဲ့သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးပါ ဗုံးခွဲပြာချပစ်လိုက် တာခံလိုက်ရပါတော့တယ်။

    ၇ ဇူလိုင်အရေးအခင်းအတွင်းမှာ ၁၅ ယောက်သေဆုံးပြီး ၂၇ ယောက်ဒဏ်ရာရခဲ့တယ်လို့ စစ်အစိုးရက လိမ်ညာကြေညာခဲ့ပေမယ့် ရာချီပြီးသေဆုံးခဲ့ရပြီး ရာချီပြီးဒဏ်ရာရသူတွေရှိခဲ့တယ်ဆိုတာ အားလုံးလိုလိုက သိရှိနားလည်ခဲ့ကြပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ ကျောင်းသားတွေကို သတ်ဖြတ်၊ ဇူလိုင် ၈ ရက်နေ့မှာ သမဂ္ဂအဆောက်အအုံကြီးကိုအပြတ်ရှင်းပြီး ဇူလိုင် ၉ ရက်နေ့မှာတော့ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဒုတိယခေါင်းဆောင် ဗိုလ်မှူးကြီးချုပ်အောင်ကြီးကို ယာယီတာဝန်လွှဲအပ်ပြီး နိုင်ငံခြားကို အပန်းဖြေခရီးထွက်သွားပါတော့တယ်။

No comments:

Post a Comment