Sunday, July 7, 2019

အီစတာနေ့ ဗုံးခွဲမှုအပြီးမှာ အစ္စလာမ် လမ်းစဉ်နဲ့ ဆော်ဒီ လွှမ်းမိုးစိမ့်ဝင်မှုကို ဦးနှိမ်၊ နှိပ်ကွပ်ရန် သီရိလင်္ကာ ကြိုးစားနေ

အစ္စလာမ်ရဲ့ ဝါဟာဘီလမ်းစဉ်ခွဲကြောင့် အီစတာနေ့ဗုံးခွဲမှု ဖြစ်ပျက်ခဲ့ကြောင်း နိုင်ငံရေးသမားတွေနဲ့ ဘုန်းကြီးတွေ ဆက်စပ်ပြောဆိုလာတဲ့နောက် သီရိလင်္ကာဟာ ဝါဟာဘီလမ်းစဉ်ပျံ့ပွားရာ အဓိက ရင်းမြစ်ဖြစ်တဲ့ ဆော်ဒီအာရေဗျရဲ့ လွှမ်းမိုးစိမ့်ဝင်နေမှုကို လျှော့ချရန် ကြိုးစားနေပါတယ်။ ဧပြီ ၂၁ ရက်တုန်းက ဘာသာရေးဆရာ ဇာရန်းဟာရှင် အမှူးပြုတဲ့ သီရိလင်္ကာနိုင်ငံသား ၉ ဦးဟာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်ကြီးတွေမှာ အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၂၅၀ ဦး သေဆုံးခဲ့ရပါတယ်။

ထို့နောက်မှာတော့ အစိုးရဟာ အစ္စလာမ် ဝါဟာဘီလမ်းစဉ် ဘာသာရေးဆရာတစ်ယောက်ကို ဇာရန်းအား ငွေကြေးထောက်ပံ့မှုဖြင့် ဖမ်းဆီးခဲ့ပြီး ဆော်ဒီနိုင်ငံမှ အလှူငွေများ စီးဝင်နေမှုကို စောင့်ကြည့်စစ်ဆေးတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဆော်ဒီထောက်ပံ့ငွေဖြင့် တည်ဆောက်ထားတဲ့ တက္ကသိုလ်တစ်ခုကိုလည်း ပြည်သူပိုင်သိမ်းရန် တာစူနေပါတယ်။

ထိုကဲ့သို့ အရေးယူခြင်းဟာ ဝါဟာဘီလမ်းစဉ်ကို ကမ္ဘာအနှံ့မှာ ဆန့်ကျင်ဖိအားပေးခြင်းများအနက် နောက်ဆုံးတစ်ခုဖြစ်ပါတယ်။ ဝါဟာဘီဟာ အစ္စလာမ်လမ်းစဉ်များအနက် အစွန်းရောက်တဲ့လမ်းစဉ် တစ်ခုဖြစ်ပြီး ဂျီဟာ့ဒ်ဝါဒီ အကြမ်းဖက်အဖွဲ့တွေ ဆုပ်ကိုင်ထားတဲ့ ဆာလာဖီဝါဒဟာလည်း ဝါဟာဘီရဲ့ အစွန်းပိုရောက်တဲ့လမ်းစဉ်ခွဲ ဖြစ်ပါတယ်။

အဆိုပါ လမ်းစဉ်ဟာ လွန်ခဲ့တဲ့နှစ် ၃၀ ခန့် သီရိလင်္ကာပြည်တွင်းစစ်မီး ပြင်းထန်နေချိန်မှာ အရှေ့ပိုင်းပြည်နယ်သို့ စတင်ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံ ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

ထိုစဉ်တုန်းက မွတ်စလင် ဘာသာရေးဆရာအလောင်းအလျာတွေကို ဆော်ဒီက ပညာတော်သင် ချီးမြှင့်ခဲ့ပြီး သာမန်လယ်သမားတွေဟာလည်း နွမ်းပါးတဲ့ဘဝမှ ရုန်းထွက်ရန် အရှေ့အလယ်ပိုင်း ဒေသမှာ အလုပ်သွားလုပ်ကြပါတယ်။ သီရိလင်္ကာသို့ ပြန်ရောက်လာချိန်မှာတော့ ၄င်းတို့ဟာ သဘောတရားရေးရာနဲ့ အကျင့်ဓလေ့ပိုင်းမှာ ယခင်ထက် ပိုတင်းမာသူတွေ ဖြစ်နေပါပြီ။

ဆော်ဒီကတော့ ဝါဟာဘီလမ်းစဉ်ဟာ ပြဿနာတွေရဲ့ ရင်းမြစ်မဟုတ်ကြောင်း ငြင်းဆိုပြီး ၄င်းတို့ကိုယ်တိုင် အကြမ်းဖက်သမား ထောင်နဲ့ချီ ဖမ်းဆီးခဲ့ကြောင်း ထောက်ပြထားပါတယ်။ အီစတာနေ့ဖြစ်ရပ်မှာဆိုလျှင်လည်း ဗုံးခွဲမှုနဲ့ဆက်စပ်နေနိုင်တဲ့ သီရိလင်္ကာနိုင်ငံသား ၅ ယောက်ကို ဆော်ဒီအစိုးရက ပြန်ပို့ခဲ့ပါတယ်။

ဗုံးခွဲမှုအတွက် သီရိလင်္ကာတွင်း လတ်တလော တုံ့ပြန်၊ ပွက်လောရိုက်ခဲ့သမျှဟာ အဓိကအားဖြင့် မူဟာမက် ဟစ်ဇ်ဘူလ်လာ အမည်ရှိ စီးပွားရေးသမားတစ်ဦးအပေါ် ဦးတည်နေပါတယ်။ နိုင်ငံရေးသမားလည်းဖြစ်တဲ့ ဟစ်ဇ်ဘူလ်လာဟာ ဘုန်းကြီးတွေ ဝိုင်းဆန္ဒမပြခင် ဇွန်လအထိ အရှေ့ပိုင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဟစ်ဇ်ဘူလ်လာဟာ ဆော်ဒီနဲ့ ဆက်စပ်နေပြီး ထိုမှတစ်ဆင့် ၄င်းရဲ့ဇာတိနဲ့ ဇာရန်းဟာရှင် ဘာသာရေးဆရာအဖြစ် ကြီးစိုးခဲ့ရာ ကတ်တန်ကူဒီမှာ စစ်သွေးကြွဝါဒတွေ ပျံ့ပွားစေခဲ့ကြောင်း ဘုန်းကြီးတွေနဲ့ ပါလီမန်အဖွဲ့ဝင်အချို့က စွပ်စွဲထားပါတယ်။

ဟစ်ဇ်ဘူလ်လာတို့ မိသားစုဟာ “Hira ပရဟိတဖောင်ဒေးရှင်း”အမည်ခံပြီး ဆော်ဒီထောက်ပံ့ငွေဖြင့် ဗလီတွေ ဆောက်ခဲ့ပါတယ်။ ဘတ္တီကာလို အမည်ရှိ တက္ကသိုလ်တစ်ခုလည်း တည်ဆောက်ခဲ့ပေမယ့် မဖွင့်လှစ်ရသေးပါဘူး။ ထို Hira ဖောင်ဒေးရှင်းဟာ နိုင်ငံခြားအလှူငွေ ဒေါ်လာ ၂ သန်း ရခဲ့တယ်လို့ ဟစ်ဇ်ဘူလ်လာ က လွှတ်တော်ရှေ့မှောက် ထွက်ဆိုခဲ့ပေမယ့် ဆော်ဒီငွေများဖြစ်ကြောင်း မတွေ့ရှိရပါဘူး။

ဗုံးခွဲမှုများနဲ့ဆက်စပ်နေကြောင်း ဘုန်းကြီးအချို့ရဲ့ စွပ်စွဲချက်ကို ဟစ်ဇ်ဘူလ်လာက ငြင်းဆို ထားပါတယ်။ စွပ်စွဲချက်အတိုင်း ဟုတ်မှန်ကြောင်း အထောက်အထားကိုလည်း မတွေ့ရသေးပါဘူး။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ၄င်းနဲ့ဇာရန်းတို့ ၂၀၁၅ ခုနှစ်တုန်းက အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို ထောက်ပြနေကြပါတယ်။ ၄င်းအတွက်လည်း ဟစ်ဇ်ဘူလ်လာက ထိုစဉ်တုန်းက မဲဆွယ်ရာမှာ မဲ ၂ ထောင်ခန့် အသာလေးဖန်တီးပေးနိုင်တဲ့ ဘာသာရေးဆရာနဲ့ ပလဲနံပသင့်အောင် ပေါင်းရုံမျှသာ ဖြစ်ကြောင်း ချေပထားပါတယ်။

စွပ်စွဲချက်အားလုံးနဲ့စပ်လျဉ်းပြီး ဟစ်ဇ်ဘူလ်လာကို ထောက်ခံသူတွေအပြင် အတိုက်အခံ အချို့ကတော့ ၄င်းမှာ အပြစ်မရှိ၊ ခုတုံးလုပ်/ထိုးကျွေးခံရခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲ ထားပါတယ်။ Hira ဖောင်ဒေးရှင်းရဲ့ ဘတ္တီလိုကာ တက္ကသိုလ်ကို ပြည်သူပိုင်သိမ်းရန် လွှတ်တော်ကော်မတီက အရေးဆိုခဲ့ရာ သမ္မတက ထောက်ခံမယ့်အရိပ်အယောင် ရှိနေပါတယ်။ သမ္မတဟာ နာမည်ကျော် အစွန်းရောက်ဘုန်းကြီး ဦးဂန္တစာရကို အီစတာနေ့ဖြစ်ရပ်အပြီးမှာ လွှတ်ပေးခဲ့ပါသေးတယ်။

ဇာရန်းဟာရှင်ကို ထောက်ပံ့မှုဖြင့် မေလမှာ အဖမ်းခံရတဲ့ ဘာသာရေးဆရာ မိုဟာမက် ဧလိယာ ဟာ “အစ္စလာမစ် လမ်းပြသွန်သင်မှု စင်တာ” အမည်ရှိ ဝါဟာဘီကျောင်းတော်ကို ဆော်ဒီထောက်ပံ့ငွေဖြင့် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အလှူရှင်စာရင်းမှာတော့ အရှေ့အလယ်ပိုင်းမှ သမားရိုးကျ နာမည်တွေဖြင့် ဖော်ပြထားတာကြောင့် ရိုက်တာသတင်းဌာနဟာ တစ်ဦးချင်းကို မဖော်ထုတ် နိုင်ခဲ့ပါဘူး။

ဖမ်းဆီးမှုနဲ့စပ်လျဉ်းပြီး စင်တာဘက်မှ ကိုယ်စားလှယ်တွေက မှတ်ချက်မပေးခဲ့ကာ ရဲဘက်မှ စွဲချက်စာရင်းမှာတော့ ဧလိယာရဲ့ ဘဏ်စာရင်းတွေကို ဖော်ပြထားပေမယ့် သက်သေ အထောက်အထားတော့ မပါကြောင်း ရိုက်တာသတင်းဌာနက တွေ့ခဲ့ရပါတယ်။

No comments:

Post a Comment