Sunday, July 7, 2019

ထရီပိုလီတွင် သုံးလကြာ တိုက်ခိုက်မှုအတွင်း လူ ၁၀ဝ၀ အထိ သေဆုံးစဉ် အပစ်အခတ်ရပ်စဲရန် ကုလတောင်းဆို

ရွှေ့ပြောင်းအခြေချများအား ထိန်းသိမ်းထားသောစင်တာတစ်ခု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ရမှု အပါအဝင် လစ်ဗျားမြို့တော် ထရီပိုလီတွင် သုံးလကြာ တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက်သည်  ၁၀ဝ၀ အထိ မြင့်တက်လာစဉ် လစ်ဗျားတွင်  အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇူလိုင် ၅ ရက်တွင် တိုက်တွန်းခဲ့သည်။ ထရီပိုလီအရှေ့ဘက် Tajoura ထိန်းသိမ်းရေးစခန်းတိုက်ခိုက်ခံရမှုအား လုံခြုံရေးကောင်စီက ဇူလိုင် ၂ ရက် နှောင်းပိုင်းတွင် ရှုတ်ချခဲ့ပြီး အခြေအနေများ တင်းမာမှုလျော့ကျစေရန် သက်ဆိုင်သည့်ဘက်အားလုံးက အရေးတကြီးလုပ်ဆောင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ကတိပြုကြရန်လိုအပ်ကြောင်း ပူးတွဲကြေညာချက်တွင် တိုက်တွန်းခဲ့သည်။



လစ်ဗျားအရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် နေရာအများအပြားကို ထိန်းချုပ်ထားသည့် လစ်ဗျားစစ်ဘုရင် ခါလီဖာဟက်ဖ်တာက ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားညီညွတ်ရေးအစိုးရ (GNA) အား သစ္စာခံသည့် တပ်ဖွဲ့ဝင်များထံမှ မြို့တော်ထရီပိုလီကို သိမ်းယူရန် ဧပြီအစောပိုင်းတွင် ထိုးစစ်စတင်ခဲ့သည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် လူ ၁၀ဝ၀ နီးပါး သေဆုံးခဲ့ရပြီး ၅၀ဝ၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန် ခဲ့သည်။


ထိုတိုက်ခိုက်မှုများကြောင့် လူ ၁၀ဝ, ဝ၀ဝ ကျော်သည်လည်း ゞင်းတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ရပြီး လစ်ဗျားကို ပိုမိုနက်ရှိုင်းသော ပဋိပက္ခထဲသို့ သက်ဆင်းစေရန် ခြိမ်းခြောက်နေခဲ့သည်။

GNA က ထိန်းချုပ်ထားသော Tajoura ဆင်ခြေဖုံးရှိ ထိန်းသိမ်းရေးစခန်းတစ်ခုသည်  လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရွှေ့ပြောင်းအခြေချ ၅၃ ဦး သေဆုံးခဲ့ရပြီး ဟက်ဖ်တာ၏ တပ်ဖွဲ့ဝင်များက ထိုတိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု GNA က စွပ်စွဲခဲ့သည်။ သေဆုံးခဲ့သူများတွင် ကလေး ၆ ဦးလည်း ပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချအဖွဲ့ (IOM) ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ဟက်ဖ်တာ၏ ထိုးစစ်ဆင်မှုအား တုံ့ ပြန်ရန်နှင့်ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား သဘောထားကွဲလွဲနေကြပြီး လစ်ဗျားစစ်ဘုရင်အား ရှုတ်ချရန် အမေရိကန်နှင့် ရုရှားတို့က ငြင်းဆန်ခဲ့ကြသည်။ ဗြိတိန်က ရေးဆွဲခဲ့သော လုံခြုံရေးကောင်စီ ကြေညာချက်မူကြမ်းတွင် ရွှေ့ပြောင်းအခြေချစခန်းအား တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပြန်လည်ကျင်းပကြရန်နှင့် လစ်ဗျားသို့ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းအား အပြည့်အဝလိုက်နာကြရန် တိုက်တွန်းခဲ့သည်။

အာဖရိကနိုင်ငံများမှ အများစုပါဝင်သော ရွှေ့ပြောင်းအခြေချ ၆၀ဝ ခန့်အား ထိန်းသိမ်းထားသည့် ထိုစင်တာအား လေကြောင်းမှ တိုက်ခိုက်မှုတွင် တာဝန်ရှိသူကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်လပ်သော စုံစမ်းစစ် ဆေးမှုလုပ်ဆောင်ကြရန် ကုလသမဂ္ဂက တိုက်တွန်းခဲ့သည်။

GNA အား ထောက်ခံသည့် တူရကီသမ္မတ ရီဆပ်တေယက်စ်အာဒိုဂန်က ဟက်ဖ်တာတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့်မညီသော တိုက်ခိုက်မှုများအား အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ မြို့တော်ရှိ တိုက်ပွဲဇုန်များအနီး ထိန်းသိမ်းရေးစင်တာများ၌ နေထိုင်နေရသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချနှင့် ဒုက္ခသည်များအတွက် ကုလအေဂျင်စီများနှင့် အကူအညီပေးရေးအဖွဲ့များက စိုးရိမ်နေကြသည်။   

No comments:

Post a Comment