Sunday, July 7, 2019

ချွေတာခြင်း၊ မျှဝေခြင်းနှင့် ယနေ့ခေတ် လျှပ်စစ်ဖက်ရှင်

ဇူလိုင် ၃ ရက်နေ့ မနက်၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်ရှိသဖြင့် မျက်လုံးကိုစောစောဖွင့်လိုက်ရသည်။ မိုးမရွာသဖြင့်  ခပ်စောစော ၆နာရီသည်လင်းနေ၊ ရှင်းနေပြီ။ မနက် ၆ နာရီခွဲကျော်၊  တိုက်ခန်းတံခါးကို ဖွင့်လိုက်တော့  မျက်နှာချင်းဆိုင်အခန်းမှ ဖွင့်ထား သော အိမ်ရှေ့မီးသီးသည်လင်း ထိန်လို့။ ထိုမီးလုံးမှာ ၆ နာရီခွဲ မပြောနဲ့။ ကျွန်တော်နေ့စဉ်ရုံးသွား လေ့ရှိသောမနက် ၉ နာရီဝန်းကျင် အချိန်ထိ လင်းနေဆဲဖြစ်သည်။

 တိုက်အောက်ကိုရောက် တော့ အီးပီစီကပေးသောလမ်းမီး များ ငြိမ်းနေပြီဖြစ်သော်လည်း တိုက်သာယာရေးကော်မတီမှ ထွန်းပေးထားသော မီးလုံးကြီး များမှာ လင်းနေသောမနက်တွင်  အဖြူရောင်တောက်လောင်နေ ဆဲဖြစ်သည်။ လမ်းမထက်မှတိုက် ခန်းများပေါ် လှမ်းကြည့်လိုက် တော့ မီးဖွင့်ထားသည့်အိမ်များက  မနည်း။ တိုက်ခန်းများထဲ လျှပ်စစ် ကူစရာမလိုဘဲ လင်းနေပြီမို့  ဘာ လို့များ မီးမပိတ်ရသေးတာလဲဟု အလကားနေရင်း မကျေမချမ်း ဖြစ်မိသည်။

လမ်းထိပ်သို့အရောက်တွင်  လက်ဖက်ရည်ဆိုင်နှစ်ဆိုင်နှင့် စတိုးဆိုင်လေးဆိုင်၏ အပြင်မီး ချောင်းများကို ဖွင့်လျက်သား ထပ်တွေ့ရသည်။ စတိုးဆိုင်ပိုင် ရှင်တစ်ဦးက ကျွန်တော်နှင့်မိတ် ဆွေ။ ပြီးခဲ့သည့်နှစ်ရက်ကပင်  မီတာခဈေးတက်ခြင်းနှင့် ပတ်သက်ပြီး တော်တော့်ကို မကျေမလည်ပြောခဲ့သူ။ သူက ပြည်သူ့ဆန္ဒမပါသော မီတာခဈေးတက်ခြင်းဟု ဆန္ဒပြပွဲတိုင်းလိုလိုတွင် ကြားရသောစကားကို ရေရွတ်ပြသည်။

မီတာခဈေးတက်ခြင်းသည်  အမြတ်အစွန်း ရရန်အတွက် မဟုတ်ကြောင်း၊နှစ်စဉ်ကျပ်ဘီလီ ယံ ၆၀၀ ခန့် အရှုံးခံမီးပေးနေရခြင်း ဖြစ်ကြောင်း၊ မြန်မာအိမ်ထောင်စု စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ် မပေးနိုင်သေးခြင်း၊ ၂၀၃၀ တွင် တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးနိုင် ရန် ရည်မှန်းချက်ရှိခြင်းအရ  ထုတ်လုပ်မှုစရိတ်ကာမိရန်နှင့်  လျှပ်စစ်ကွန်ရက် ချဲ့ထွင်မှုနှုန်းမြန်ရန်အလို့ငှာ မီတာခတက်ခြင်း ဖြစ်နိုင်ကြောင်း စသည်ဖြင့်မကျေ လည်သောမိတ်ဆွေကို ရှင်းပြ လင်းပြမိသော်လည်း သူက လက်မခံ။ မီတာခတက်တာ  တစ်ရက်ပင် ရှိသေးသော်လည်း သူ့ဆိုင်မှ  ရေခဲသေတ္တာထဲ ထည့်ထားရသည့် ပစ္စည်းများကို ဈေးတက်မှ ဖြစ်မည်ဟု ကြိမ်းဝါးနေလိုက်သေးသည်။

ထိုသို့ မကျေမချမ်းဖြစ်ခဲ့ သောပုဂ္ဂိုလ်က ယခုလင်းနေသော မနက်တွင် သူ့ဆိုင်အပြင်မီးကို  မပိတ်သေး။သူ့ဆိုင်ရှေ့အရောက်  ဆိုင်မှထွက်လာသောမိတ်ဆွေနှင့် တည့်တည့်တိုးသဖြင့် ‘‘ဟေ့လူ၊ လင်းနေပြီ။ မီးပိတ်တော့။မီတာခ တက်နေပြီ၊ မီးချွေတာ’’ဟု နည်း နည်းဆတ်လိုက်မိတော့ ‘‘ကျေးဇူး ဗျာ။ တမင်ရွဲ့ပြီးဖွင့်ထားတာ’’ တဲ့။ သူ့လေသံနှင့် ခပ်ထေ့ထေ့ အပြုံးက ပြောမိသောကျွန်တော့် ကိုပါ ရွဲ့နေသလိုလို။

၇ နာရီ ၁၅မိနစ်ဝန်းကျင် ရန်ကင်း၊ မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးအဖွဲ့ရုံးရှေ့သို့  ရောက်ချိန်မှာတော့ ပို၍ဆိုးသော မြင်ကွင်းက ဆီးကြိုနေပြန်သည်။ အဆိုပါရုံးရှေ့ ရုံးထဲသို့ဝင်ရန် တန်းစီရသည့်နေရာအနီးရှိ သစ် ပင်ကြီးပင်စည်တွင် သံဖရိန်တန်း ဖြင့် ချိတ်ထားသောမီးလုံးကြီးမှာ  နံနက် ၇ နာရီကျော်သည့်တိုင်  အနားမရသေး။ ဒါနဲ့  မပိတ်သေး တာဘာများကျန်ဦးမလဲလို့ မျက် လုံးကစားကြည့်တော့ ရုံးအ ဆောက်အအုံ အပြင်ဘက်နံရံ တွင် လင်းနေဆဲသော မီးချောင်း တစ်ချောင်း။ မှတ်တမ်းယူထားရန်  လင်းနေသောမီးလုံးနှင့် မီးချောင်း ကိုဓာတ်ပုံရိုက်နေစဉ် ကျွန်တော့်လိုတန်းစီနေသောအမျိုးသမီးကြီး တစ်ဦးက ‘‘ပြည်သူပိုင်ပိုက်ဆံကို ဖြုန်းနေတာ’’ဟု ကျွန်တော့်ကို လှမ်းထောက်ခံသည်။

ကျွန်တော့် အိမ်နားဝန်းကျင်  မြင်ခဲ့ရသော လျှပ်စစ်ဖြုန်းတီးမှု များမှာ ပုဂ္ဂလိကပိုင်များဖြစ်သော် လည်း ယခုနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့ ဖြုန်းတီးမှုမှာ အမှန်ပင် အများပြည်သူပိုင်။ အ များပြည်သူတို့၏ အခွန်အခငွေ များဖြင့် ဖွင့်ထားသော လျှပ်စစ် ဖြစ်သဖြင့် အများပြည်သူပိုင်ငွေ ကို ဖြုန်းတီးနေမှုဖြစ်သည်။

ခံတွင်းချဉ်လာသောပါးစပ် က မည်သို့မျှ ပိတ်မနေနိုင်တော့ သဖြင့် ရုံးအတွင်းမှအပြင်သို့ ထွက်လာသော  သတင်းတပ်ဖွဲ့မှ တစ်ပွင့်အရာရှိကို ‘‘ဆရာ... မီး မပိတ်ရသေးဘူး’’ဟု ဆိုလိုက် တော့ ‘မင်းအပူလား’ ဆိုသည့် မျက်နှာပေးဖြင့် မီးလုံးဘက်တစ် ချက်ကြည့်ကာ တစ်ခွန်းပင်ခွန်း တုံ့မပြန်ဘဲ ထွက်သွားသည်။ သူ  လိုလူတစ်ပွင့်အရာရှိအတွက် မီး ပိတ်ရမှာသိက္ခာကျသည်ဟုယူဆ သလား၊ သူ့တာဝန်မဟုတ်၍ မလုပ်နိုင်ဟုမြင်သလား၊ဒီမီးလေး ပွင့်နေတာ ဘာများအရေးကြီး လို့လဲ  တွေးမိလို့လားတော့မသိ။ ထိုအရာရှိ အပြင်မှ ရုံးထဲသို့ပြန် ၀င်သွားသော်လည်း မီးမပိတ်။ ကျွန်တော်ရုံးထဲသို့ ၀င်ခွင့်ရသည့်  ၈ နာရီခွဲကျော်အထိ မီးမပိတ်။ ကိစ္စပြီးသဖြင့် ရုံးမှပြန်ထွက်လာသည့်၁၁နာရီခွဲအချိန်၌ မီးပိတ်၊ မပိတ်ထပ်သွားကြည့်ခဲ့ရာ မီး ပိတ်ထားပြီဖြစ်ကြောင်း တွေ့ရသ ဖြင့်ဘယ်အချိန်ပိတ်လိုက်သလဲ မသိလိုက်။ ထိုသို့ဖြုန်းတီးမှုမျိုး  ဌာနဆိုင်ရာမည်မျှတွင် ဖြစ်ပေါ် နေသလဲမသိ။ တိုင်းပြည်ပိုက်ဆံ ကို ကိုယ့်ပိုက်ဆံလို သဘော မထားနိုင်သောဝန်ထမ်း မည်မျှရှိ နေသလဲမသိ။

ဘာလို့ ထိုသို့ဖြုန်းတီးနေရ သနည်း။ အဓိကပြဿနာမှာဖြုန်း တီးမိသည်ဟု မထင်သောကြောင့် ဖြစ်သည်။ ဖြုန်းတီးသည်ဟု မထင်သဖြင့် မီးပိတ်ရန်မေ့သည်။ မေ့နေခြင်းကြောင့် သိပ်ကုန်ကျ စရိတ်မရှိဟု ထင်ပြန်သဖြင့် မမေ့အောင် မကြိုးစားကြခြင်း လည်းဖြစ်နိုင်သည်။ တချို့ငွေ ကြေးတတ်နိုင်ပြီး စာနာစိတ် နည်းသူများက  ‘‘ကိုယ့်ဘာသာ တတ်နိုင်လို့ဖြုန်းတာ ဘယ်သူ့ကို ဂရုစိုက်ရမလဲ’’ဟု မောက်မာသံ မျိုးကြားခဲ့ဖူးသည်။ တစ်ခါကကြုံ ခဲ့ဖူးသော သူဌေးတစ်ယောက်ဆို လျှင် လုံးဝအပူဒဏ်မခံနိုင်ဘူး ဟူ၍ ကြီးကျယ်သူ။ သူ့ဝန်ထမ်း  များက မနက်ရုံးရောက်ချိန်မှ ရုံး ဆင်းချိန်အထိ သူဌေးရှိရှိ၊ မရှိရှိ သူဌေးအခန်းမှ အဲကွန်းကိုမပြတ် ဖွင့်ထား ပေးရသည်။ ကိုယ့် ကြောင့် အလဟဿကုန်သွား သော လျှပ်စစ်စွမ်းအင်အတွက်  အားနာရကောင်းမှန်းမသိ။

တစ်နိုင်ငံလုံးအတိုင်းအတာ အရဆိုလျှင် ဖြုန်းလို့ဖြုန်းမှန်းမသိ ခြင်းကြောင့် ပြုန်းတီးသွားသော လျှပ်စစ်မီး မည်မျှများနေမည် နည်း။ ယင်းသို့သောအလဟဿ လေလွင့်ဆုံးရှုံးနေမှုသည် လျှပ် စစ်မရသေးသည့် အိမ်ထောင်စု မည်မျှကို လျှပ်စစ်ပေးနိုင်မည် နည်း။

သို့သော် အခြားသောမျက် နှာစာတစ်ဖက်တွင်မူ လျှပ်စစ် ချွေတာမှ ဖြစ်မည်ဆိုသည့်အသိ ၀င်လာကြသူများ ရှိလာသည်ကို လည်း ၀မ်းမြောက်ဖွယ်ရာတွေ့ရ သည်။ ကျွန်တော့်မိတ်ဆွေတစ် ဦးဆို မီတာခနှုန်းထားသစ်ထွက် ပြီးကတည်းက လက်ရှိပျမ်းမျှသုံး စွဲနေသည့်လျှပ်စစ်ယူနစ်အတိုင်း ဆက်သုံးလျှင် မည်မျှကုန်ကျနိုင်  မလဲဟုတွက်ချက်သည်။ သူတို့ အိမ်၏ မီတာခဈေးဟောင်းအ တိုင်းကုန်ကျငွေမှာ တစ်သောင်း  ရှစ်ထောင်ကျော်ဆိုတော့ နှုန်း ထားသစ်အရ ကုန်ကျနိုင်မှုမှာ  လေးသောင်းလေးထောင်ကျော်။ ‘‘မဖြစ်ဘူး။ အဲကွန်းသုံးတာကို  လျှော့ကို လျှော့မှဖြစ်မယ်’’ဟု မိတ်ဆွေကဆိုသည်။

ညဥ့်နက်သည်အထိစာဖတ် လေ့ရှိသော နောက်ထပ်မိတ်ဆွေ တစ်ဦးကိုမူ ယခုစောစောမအိပ် လျှင် သူ့ဇနီးကရန်လုပ်နေသည် ဆို၍  ရယ်ရမောရသည်။ တချို့ ကလည်း ညဘက်မီးဖွင့်မအိပ် တော့ဘူးဟုဆိုသည်။ တချို့က လည်း ရေခဲသေတ္တာကို  အချိန် ပြည့်မဖွင့်တော့ဟုဆိုသည်။

ဘယ်သူတွေက ဘယ် လောက်ထိအောင် လျှပ်စစ်ချွေ တာကြသလဲမသိ။ မီတာခတိုးမြှင့် သည့် ပထမဆုံးရက်ဖြစ်သော ဇူ လိုင် ၁ ရက်(တနင်္လာနေ့)တွင်  ပြီးခဲ့သည့် အပတ်တနင်္လာ (ဇွန် ၂၄ရက်) တစ်နိုင်ငံလုံးလျှပ်စစ် သုံးစွဲမှုထက်  လျှပ်စစ်ယူနစ် ၇ ဒသမ ၇၇ သန်းခန့်လျော့ကျသွား ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနမှသိရသည်ဟု 7Day က ဖော်ပြသည်။

ပုံမှန်အားဖြင့် တနင်္လာနေ့ သည် လျှပ်စစ်ဓာတ်အားအသုံး များသည့်နေ့ဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့ လျှပ်စစ်သုံးစွဲမှုလျော့ ကျသွားခြင်းမှာ မီတာခဈေးတက် သဖြင့် ခြိုးခြံခြင်းဖြစ်နိုင်သလို ရာ သီဥတုကြောင့်လည်း ဖြစ်နိုင် သည်ဟု ယင်းဌာနမှတာဝန်ရှိသူ တစ်ဦးက  မှတ်ချက်ပေးသည်ဟု လည်းသိရသည်။

ယင်းမှတ်ချက်နှင့် မြေပြင် မြင်ကွင်းကို ပေါင်းစပ်ကောက် ချက်ချရသော် မီတာခဈေးတက် သဖြင့် ခြိုးခြံခြင်းက သေချာသည်။ တစ်ခုတော့ရှိသည်။ ယင်းသို့ခြိုးခြံ မှုသည် သွေးပူတုန်းခဏ ခြိုးခြံ ခြင်းမျိုးမဖြစ်ရန်တော့ လိုသည်။ ထို့ပြင် မည်သည့်အကြောင်း ကြောင့်ခြိုးခြံသည်ဖြစ်စေ၊ လျှပ် စစ်ခြိုးခြံခြင်းသည် ကောင်းသော အလေ့အထမို့ အကြောင်းအမျိုး   မျိုးကြောင့် ခြိုးခြံခြင်းမှသည် ဘ၀ တစ်သက်တာ စွဲမြဲခိုင်မာသော အလေ့အထမျိုးဖြစ်အောင် ပျိုး ထောင်နိုင်ရန်လည်း လိုပေမည်။

            ဘာကြောင့်လဲဆိုတော့ပစ္စက္ခ ကမ္ဘာကလျှပ်စစ်ကို လိုသ လောက်သာသုံးစွဲရန် တောင်းဆို နေသောကြောင့်ဖြစ်သည်။ ပတ် ၀န်းကျင်ထိန်းသိမ်းရေး အမြင် အရရော ကမ္ဘာကြီးကို အဓိက မောင်းနှင်နေသည့် ရုပ်ကြွင်း လောင်စာများ တဖြည်းဖြည်း ကုန်ခန်းတော့မည်ဆိုသော ပညာ ရှင်များ၏ ဟောကိန်းအရပါ စာ နာစိတ်ရှိသော နှလုံးသားတို့တွင်  လျှပ်စစ်စွမ်းအင်ချွေတာရေးအ မြင် နက်ရှိုင်းလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့ကမ္ဘာတွင် စွမ်း အင်အနည်းဆုံးဖြင့် မောင်းနှင်နိုင် သည့်ပစ္စည်းကိရိယာများ ခေတ် စားလာသလို နေ့ခင်းကြောင် တောင် လျှပ်စစ်မီးသုံးစရာမလို အောင်ဒီဇိုင်းဆွဲ တည်ဆောက် ထားသော အဆောက်အအုံများ လည်း တစ်ခေတ်ဆန်းလာခြင်း ဖြစ်သည်။

ထပ်ကြီးကျယ်ပြရလျှင်လျှပ် စစ်စွမ်းအင်ကို ခြိုးခြံခြင်းသည် မိမိကြောင့် မိမိနေထိုင်ရာကမ္ဘာ ကြီး မညစ်နွမ်းစေရေးဖြစ်သလို ၂၁ ရာစုလူသားတို့၏တန်ဖိုး လည်းဖြစ်သည်။ မြန်မာနိုင်ငံလို  ဆင်းရဲသောနိုင်ငံများအတွက်မူ လျှပ်စစ်စွမ်းအင်ကို ချွေတာခြင်း သည် အထက်ပါအချက်များအ ပြင် လူတိုင်းမသုံးနိုင်သေးသည့် လျှပ်စစ်ကို လူတိုင်းသုံးနိုင်အောင်  မိမိတစ်နိုင်မျှဝေခြင်းလည်း ဖြစ် ပေသည်။

No comments:

Post a Comment