Sunday, July 7, 2019

အာဖရိက ဝက်အပြင်းဖျားရောဂါအား ဝက်တုပ်ကွေး၊ အာဖရိကဝက်တုပ်ကွေးဟု လွဲမှားစွာရေးသားဖော်ပြနေပြီး လူအများက ရာသီတုပ်ကွေးနှင့် လွဲမှားနေခြင်းကြောင့် ထိုကဲ့သို့ရေးသားဖော်ပြမှုများကို ရှောင်ရှားရန် မွေး/ကု ထုတ်ပြန်

အာဖရိကဝက်အပြင်းဖျားရောဂါကို ဝက်တုပ်ကွေး၊ အာဖရိကဝက်တုပ်ကွေး အစရှိသည်ဖြင့် ရေးသားဖော်ပြနေပြီး ယင်းသို့လွဲမှားစွာ ရေးသားဖော်ပြမှုကြောင့် ပြည်သူလူထုအကြားတွင် ရာသီတုပ်ကွေးနှင့်လွဲမှားစွာ နားလည်ခြင်း၊ အာဖရိက ဝက်အပြင်းဖျား ရောဂါသည် လူသို့ကူးစက်စေနိုင်မည်ဟု စိုးရိမ်ပူပန်ခြင်း၊ ထိရောက်သောရောဂါကာကွယ်ရေးများ မလုပ်ဆောင်နိုင်ခြင်း စသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ခြင်းကြောင့်   ထိုကဲ့သို့ ရေးသားဖော်ပြမှုများကို ရှောင်ရှားရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ခဲ့သည်။



မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း  နီးစပ်သည့် တရုတ်နိုင်ငံအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားမှုကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီး ယားနှင့် ဗီယက်နမ်နိုင်ငံများကို ရောဂါကူး စက်ခံရနိုင်မှု အန္တရာယ်အမြင့်မားဆုံးနိုင်ငံများအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတ်မှတ်ထားရာ လက်ရှိတွင် မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၌ ရောဂါဖြစ်ပွားနေပြီဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရောဂါစတွေ့တဲ့အချိန်တုန်းက တရုတ်နဲ့ အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ရောဂါကူးစက်ခံရနိုင်မှု အန္တရာယ် အမြင့်မားဆုံးနိုင်ငံတွေအဖြစ် FAO က သတ်မှတ်ခဲ့တယ်။ အခု အဲဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလွဲပြီး ကျန်တဲ့နိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပွားနေပြီ။ လောလောဆယ် အာရှတိုက်မှာ ရောဂါကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံတွေ စာရင်းအရတော့ တရုတ်၊ မွန်ဂိုလီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယားနိုင်ငံတွေမှာ ကူးစက်မှုတွေရှိနေတယ်။ အခုနောက်ဆုံး လာအိုနိုင်ငံမှာ စတွေ့ပါတယ်။ ဇွန် ၂ ရက်မှာ တွေ့တယ်လို့ပြောပေမယ့် တရားဝင် ထုတ်ပြန်တာကတော့ ဇွန် ၂၀ ရက် စတင် ထုတ်ပြန်ခဲ့တာပါ။ လက်ရှိအထိ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါသေးဘူး။ ရောဂါဖြစ်ပွားမှု လုံးဝမရှိသေးဘူး။ ရောဂါနဲ့ပတ်သက်ပြီး လက်ရှိအထိ မြန်မာနိုင်ငံမှာ ကူးစက်ပြန့်ပွားမှုမရှိပေမဲ့ ကြိုတင်ပြင် ဆင်ရေးလုပ်ငန်းတွေကို အဓိကထားဆောင် ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိမ်းမော်က ပြောကြားသည်။
မြန်မာနိုင်ငံဘက်အခြမ်း မိုင်းလားဒေသနှင့် နယ်မြေချင်းထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်ဟိုင်းမြို့တွင် မေလ လကုန်ပိုင်းက အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်ပွားခဲ့ကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံနှင့်နီးကပ်သည့် ဒေသများ အပါအဝင် အာရှဒေသအတွင်း ယခုနှစ်မေလက အာဖရိက ဝက်အပြင်းဖျားရောဂါကူးစက် ဖြစ်ပွားသည့်နယ်ပယ် ပိုမိုကျယ်ပြန့်လာကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

“အာဖရိက ဝက်အပြင်းဖျားရောဂါက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လကစပြီး တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားခါ စက အာရှတိုက် အထူးသဖြင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသအတွင်း ရောဂါကာကွယ်တားဆီးရေးနဲ့ ရောဂါဖြစ်ပွားလာခဲ့ရင် ထိန်းချုပ်ရေးအတွက် အာရုံစိုက်ပြီး လုပ်ခဲ့ကြတယ်။ သို့ပေမဲ့ ရောဂါရဲ့ကူး စက်ပျံ့နှံ့မှုအရှိန်က နှေးကွေးတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ရောဂါနဲ့ပတ်သက်တဲ့ အာရုံစိုက်မှုတွေ လျော့ပါးလာခဲ့ကြတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိမ်းမော်က ဆက်လက်ပြောကြားသည်။

No comments:

Post a Comment