Sunday, July 7, 2019

H1N1 ရောဂါပိုးတွေ့သူ ၂ ရက်အတွင်း လူနာ ၂၀ ကျော် တိုးလာ

၂ ရက်အတွင်း ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့သူ ၂၀ ကျော်တိုးလာပြီး သေဆုံးသူတော့ မရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၄ ရက်အထိ ပိုးတွေ့သူ ၁၄၁ ယောက်ရှိခဲ့ပြီး ဇူလိုင် ၆ ရက်မှာတော့ ပိုးတွေ့သူ ၁၆၄ ယောက် ဖြစ်လာတာပါ။ေ သဆုံးသူကတော့ မေလကနေ ဇူလိုင် ၄ ရက်အထိ အယောက် ၃၀ ရှိပြီး ရန်ကုန်တိုင်းထဲက ၂၄ ယောက် ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက သေဆုံးသူ အများဆုံးဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းက ၃ ယောက်၊ စစ်ကိုင်းတိုင်းက ၂ ယောက်နဲ့ မွန်ပြည်နယ်က ၁ ယောက် သေဆုံးခဲ့ပါတယ်။



သေဆုံးသူတွေရဲ့ ထက်ဝက်ဟာ အသက် ၁၅ နှစ်ကနေ ၆၅ နှစ်အရွယ်တွေဖြစ်ပြီး အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေ သေတာကတော့ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။

ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကလွဲရင် တနိုင်ငံလုံးက ပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့လူနာတွေရှိတယ်လို့ ကျန်းမာရေးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

ရာသီတုပ်ကွေးရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက်မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါအခံရှိသူတွေလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေကပြောပြီး ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ်အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း ဆိုပါတယ်။

No comments:

Post a Comment