Sunday, July 7, 2019

AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

Image may contain: one or more peopleကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း၌ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သည့် တပ်မတော်စခန်းသို့ ဇွန်လ ၃၀ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် ၁ ဦး ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခဲ့ကြောင်း သိရှိရသည်။ ၎င်း၏ထုတ်ဖော်ပြောဆိုချက်အရ ၎င်းသည် စစ်တွေတက္ကသိုလ်တွင် တတိယနှစ် အထိ တက်ရောက်ခဲ့ဖူးသူဖြစ်ကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ 2020 Arakan Dream ဖြင့်ဆွဲဆောင်စည်းရုံးမှုများကြောင့် ၎င်းတို့အဖွဲ့သို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊
ထို့သို့ဝင်ရောက်ခဲ့ပြီးနောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေ ဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံအများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများရှိ ဆောက်လုပ်ရေးလုပ်သားများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ငန်းသုံး ယာဉ်ယန္တရား စက်ကိရိယာပစ္စည်းများကို ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ကိုသာ စဉ်ဆက်မပြတ် ဆောင်ရွက်နေသည်ကို တွေ့မြင်လာရကြောင်း၊ ထို့အပြင် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လူမျိုးရေးမုန်းတီးမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံဆော်လျက်ရှိသည်ကိုလည်း တွေ့ရကြောင်း၊ ထို့ကြောင့် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏လမ်းစဉ်ကို အယုံအကြည်မရှိတော့သဖြင့် မိမိအနေဖြင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ မိမိကဲ့သို့ ဥပဒေဘောင်အတွင်းဝင်ရောက်လိုသူအများအပြားရှိသော်လည်း ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်ပါက တပ်မတော်မှ သတ်ဖြတ်ခြင်း၊ နှိပ်စက် ခြင်းများ ပြုလုပ်သည်ဟု ၀ါဒဖြန့်မှုများ ရှိနေသောကြောင့် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်ရန် စိုးရွံ့လျက်ရှိကြောင်း၊ သို့သော်လည်း ယခု ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်ခဲ့ချိန်တွင် တပ်မတော်မှ တာဝန်ရှိသူများက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်ကို တွေ့မြင်ရပါကြောင်း၊ AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့အတွင်း၌လည်း ၎င်းနှင့် ခင်မင်ရင်းနှီးအဆက်အသွယ်ရှိသူများ၏ ဆက်သွယ် ပြောဆိုမှုများအရ အခြေအနေပေးပါက တရားဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လိုသူ အများအပြားရှိနေကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းဝင်ရောက်လာခဲ့သူအား တာဝန်ရှိသူများက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment