Wednesday, July 3, 2019

မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမှုကို အချိန်မီဖြေလျှော့ပေးရန် ရှီက ထရန့်အား တိုက်တွန်းခဲ့

ပိတ်ဆို့အရေးယူမှုများအား အချိန်မီ ဖြေလျှော့ပေးမှုအပါအဝင် မြောက်ကိုရီးယားကို ပြောင်းလွယ် ပြင်လွယ်အနေအထားပြသရန်အတွက် တရုတ်သမ္မတရှီကျင်ပင်းက အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား ပြီးခဲ့သောသီတင်းပတ်တွင် ကျင်းပခဲ့သည့် ဂျီ-၂၀ ထိပ်သီး၌ တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ အိုဆာကာတွင်ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီး၌ ဇွန် ၂၉ ရက်တွင် ထရန့်နှင့်မတွေ့ဆုံမီ ရှီသည် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့ဆုံရန် ပြုံယမ်းသို့ သွားရောက်ခဲ့သည်။ ရှီက ထရန့်နှင့်တွေ့ဆုံ၍ ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲတွင် ထိုခရီးစဉ်အကြောင်းအား အသုံးချနိုင်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။



ထရန့်က ကိုရီးယားနှစ်နိုင်ငံအား ပိုင်းခြားထားသော စစ်မဲ့ဇုန်တွင် ဇွန် ၃၀ ရက်၌ ကင်နှင့်တွေ့ဆုံခဲ့သည်။
DPRK အား ချမှတ်ထားသောပိတ်ဆို့ အရေးယူမှုများကို အချိန်မီဖြေလျှော့ပေးရေး၊ ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် အချင်းချင်းအကြား စိုးရိမ်မှုများအား ဖြေရှင်းနိုင်ရန်အတွက် အဖြေရှာရေးတို့အပါအဝင်  အမေရိကန်က DPRK ၏ တောင်းဆိုမှုအချို့အား လက်ခံရန်နှင့် ပြောင်းလွယ်ပြင်လွယ်ရှိ မှုကို ပြသရန် ရှီက တွန်းအားပေးခဲ့ကြောင်း ဝမ်ယီက မြောက်ကိုရီးယား၏ တရားဝင်အမည်အတိုကောက်ကို အသုံးပြု၍ ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်အစီအစဉ်များကြောင့် မြောက်ကိုရီးယားအား ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို တရုတ်က ထောက်ခံခဲ့မှုကြောင့် စစ်အေးခေတ်မဟာ မိတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးဆိုးရွားခဲ့ပြီးနောက် တရုတ်နှင့် မြောက်ကိုရီးယားတို့သည် ဆက်ဆံရေးတိုးတက်လာစေရန် ပြီးခဲ့သောနှစ်တွင် ကြိုးပမ်းခဲ့ကြသည်။

သို့သော် တရုတ်က မြောက်ကိုရီးယားအား ゞင်း၏သြဇာစက်ဝန်းထဲတွင် ဆက်လက်ထိန်းသိမ်းထားရန် လိုလားနေပြီး ရှီက ပြီးခဲ့သောလေးနှစ်အတွင်း ကင်နှင့် လေးကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။ မြောက်ကိုရီးယားသို့ ၁၄ နှစ်အတွင်း တရုတ်သမ္မတတစ်ဦးအဖြစ် ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် ရှီ၏ ခရီးစဉ်က တရုတ်သည် အမေရိကန်နှင့်ကုန်သွယ်ရေးဆွေးနွေးပွဲ ပြန်လည်မစတင်မီ မြောက်ကိုရီးယားအပေါ် သြဇာလွှမ်းမိုးမှုရှိကြောင်း ပြသလိုခြင်းဖြစ်သည်ဟု လေ့လာသူများက ရှုမြင်ခဲ့ကြသည်။

မြောက်ကိုရီးယားမြေပေါ်သို့ ခြေချခဲ့သည့် တာဝန်ထမ်းဆောင်ဆဲ ပထမဆုံးအမေရိကန်သမ္မတဖြစ်လာခဲ့သည့် ထရန့်နှင့် ကင်တို့အကြား ကိုရီးယားစစ်မဲ့ဇုန်၌ တွေ့ဆုံခဲ့မှုကို တရုတ်က ကြိုဆိုကြောင်း ဝမ်က ပြောကြားခဲ့ပြီး ကိုရီးယားကျွန်းဆွယ်၏ လက်ရှိအခြေအနေသည် ငြိမ်းချမ်းရေးအတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်မှနေ၍ နေရပ်သို့ ပြန်ရောက်လာသော ထရန့်သည် နျူကလီးယားလက်နက်ပိုင်ဆိုင်သော ပြုံယမ်းနှင့် ပုံမှန်ဆက်ဆံရေးထူထောင်နေမှုအတွက် ပြည်တွင်း၌ ဝေဖန်သူများ၏ တိုက်ခိုက်မှုကို ကြုံနေရသည်။

No comments:

Post a Comment