Wednesday, July 3, 2019

ထပ်မံခွင့်ပြုသည့် အပစ်ရပ်နှစ်လကို ယခင်ထက် ပိုမိုအကျိုးရှိစွာ အသုံးပြုရန် တပ်မတော်တိုက်တွန်း လက်နက်ကိုင်လမ်းစဉ်အစား NCA တွင် အမြန်ဆုံးပါဝင်လက်မှတ်ထိုးရန် လိုအပ်ဟုဆို

သက်တမ်း ထပ်မံတိုး မြှင့်သည့် ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေး ကာလကို ယခင်ထက် ထိထိရောက်ရောက် ပိုမိုအကျိုး ရှိစွာ အသုံးပြုနိုင်ရန် တိုက်တွန်း ကြောင်း တပ်မတော်က ယမန်နေ့ တွင် သတင်းထုတ်ပြန်သည်။ တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် အပစ်ရပ်ကြေညာထားမှုကို တပ်မတော်က ဇွန်လ ၃၀ ရက် တွင် နှစ်လ ထပ်မံသက်တမ်းတိုး ပြီးနောက် ဇူလိုင် ၁ ရက်တွင် အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်း ရေးလုပ်ငန်းရပ်များ ထိရောက်စွာ ဆောက်ရွက်နိုင်ရေး တိုက်တွန်း ချက် ထုတ်ပြန်ခြင်းဖြစ်သည်။



တပ်မတော်အနေဖြင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ပတ်သတ်နေ သူအားလုံး ယုံကြည်မှုမြင့်မားစွာ ဖြင့် ဆောင်ရွက်နိုင်ရေး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သမိုင်းတွင် တစ်ခါမျှမရှိဖူးသော တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးကို   ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ယခုနှစ် ဇွန်လကုန်အထိ ခြောက်လကြာ အပစ်အခတ်ရပ်ပေးခဲ့ ကြောင်း၊ ခြောက်လတာကာလအ တွင်း ဆွေးနွေးညှိနှိုင်း အဖြေရှာ ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထု မျှော်လင့်ထားသလောက် ခရီးမရောက်ခဲ့ကြောင်း တွေ့ရ သည်ဟု တပ်မတော် ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

‘တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများအား ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရာ တွင် မှန်ကန်စွာ လျှောက်လှမ်းနိုင် ရေး ရည်ရွယ်၍ တပ်မတော်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လမ်း ဖွင့်ပေးခဲ့ခြင်းဖြစ်၍ လက်နက် ကိုင်လမ်းစဉ်အစား တစ်နိုင်ငံ လုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုး ပြီး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းကြရန် လိုအပ်မည် ဖြစ်ပါသည်’ဟုလည်း တပ် မတော်က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက် နေသော အဖွဲ့အစည်းများ၊ လူ ပုဂ္ဂိုလ်များ အားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထုအား  လုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမို ကရေစီလမ်းစဉ်ကို နည်းမှန်  လမ်း မှန်ဖြင့် လျှောက်လှမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည် သူ့လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက်  အပစ်ရပ်နှစ်လ ကို ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ရန် တိုက်တွန်းသည်ဟု ဖော်ပြထား သည်။

  ‘ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနိုင်ငံတော်’ တည်ဆောက်ရာတွင် မည်သည့် အဖွဲ့ အစည်း၊ မည်သည့်လူပုဂ္ဂိုလ်မဆို ၎င်းတို့၏ လိုအင်ဆန္ဒများကို  ဒီမို ကရေစီ နည်းလမ်းတကျသာ  တောင်းဆိုရမည်ဖြစ်ကြောင်း၊  ဒီမိုကရေစီလမ်းစဉ်၏ ဆန့်ကျင် ဘက်ဖြစ်သော လက်နက်စွဲကိုင်၍ တောင်းဆိုခြင်းများကြောင့် ဖြစ် ပေါ်လာသည့် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများ ဖြေရှင်းနိုင် ရေးသည် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဟု တပ်မတော်က ယုံကြည်ကြောင်း သတင်းထုတ် ပြန်ချက်၌ ပါရှိသည်။

တပ်မတော်အနေဖြင့် NCAမထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာများ ဆွေးနွေးရန် အဓိကရည်ရွယ်ပြီး အပစ်ရပ်ကြေညာ ခြင်းဖြစ်သည်။

 ပြီးခဲ့သည့် ခြောက်လအ တွင်း NCA မထိုးရသေးသည့်  တိုင်းရင်းသားအဖွဲ့အားလုံးနှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး အထူးသဖြင့်ကချင်အဖွဲ့ (KIO/KIA)၊တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA)  တို့နှင့် နှစ်ဖက်အပစ်ရပ်စဲရေး သဘောတူညီချက် Bilateral ဆောင်ရွက်ရန် ညှိနှိုင်းခဲ့သည်။ ယင်းအဖွဲ့များအနက် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကျန်အဖွဲ့များနှင့်လည်း  တိုက်ပွဲဖြစ်ပွားမှုအချို့ ရှိသည်။

အပစ်ရပ်ကာလအတွင်း ဆွေးနွေးပွဲများ ထိရောက်စေရေး တိုက်ပွဲ များ မဖြစ်ပွားရန် လိုအပ်သည်ဟု KIO/KIA ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီး နော်ဘူက ဇူလိုင် ၁ ရက် ညနေတွင် ပြောသည်။

 ‘‘တိုက်ပွဲတွေ ခဏခဏဖြစ် ရင်တော့ အချင်းချင်း ယုံကြည်မှု ကတော့ မရခဲ့ဘူးလေ။ တွေ့ဆုံဆွေးနွေးပွဲလည်း မလုပ်ဖြစ်တဲ့ ဘက်ကို ရောက်သွားတာပေါ့။ ဆွေးနွေးပွဲတွေ ထိရောက်ဖို့က  တစ်နိုင်ငံလုံး အတိုင်းအတာနဲ့  အပစ်အခတ်ရပ်စဲရေး လုပ်ရင် တော့ ပိုကောင်းမှာပေါ့။ ကျွန်တော်တို့ အဲဒီလိုပဲ အကြံပြုလို တာပေါ့’’ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။ အစိုးရ ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့နှင့် KIO/KIA အပါအ၀င် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့သည် ဇွန်လ ၃၀ ရက်က မိုင်းလားဒေသ၌ အလွတ်သဘော တွေ့ဆုံခဲ့ရာ အစိုးရဘက်က အဆိုပြုသည့် အပစ်ရပ်မူကြမ်းကို မြောက်ပိုင်းလက်နက်ကိုင်တစ်ဖွဲ့ ချင်းစီကို ပေးအပ်ခဲ့သည်။ ဆွေး နွေးပွဲများ မကြာခဏ ပြုလုပ်နိုင်ရန်လည်း အစိုးရကိုယ်စားလှယ် အဖွဲ့က အဆိုပြုခဲ့သည်။

No comments:

Post a Comment